ရခိုင်ပြည်တော်လှန်ရေးအရွေ့ ဘယ်ကို ဦးတည်နေလဲ

၂၁ ရာစုထဲမှာ နိုင်ငံတည်ထောင်နိုင်ခဲ့ကြသူတွေက ဘယ်လိုနည်းလမ်းနဲ့ အောင်မြင်မှုရခဲ့ကြတယ်၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ကြရတယ်၊ မအောင်မြင်ကြသေးတဲ့နိုင်ငံတွေကကော ဘာကြောင့် မအောင်မြင်ရသေးတယ် ဆိုတာမျိုးကို နိုင်ငံတချို့ကို ဉပမာထားပြီး ရခိုင်ပြည်တော်လှန် ရေးနှင့် နှိုင်းယှဉ်သုံးသပ်ပေးသွားပါ့မယ်။

By ဇော်ထွန်း (မြောက်ဦး) 18 Sep 2021

DMG ၊ စက်တင်ဘာ ၁၈

(အတွေးအမြင်ဆောင်းပါး/Opinion)

မဂိုဘုရင်တို့က သူတို့တည်ထောင်ခဲ့တဲ့ အင်ပါယာကြီးကို အကြီးမားဆုံးလို့ ထင်ခဲ့ကြသလို ဗြိတိသျှတို့ကလည်း သူတို့နယ်ချဲ့ခဲ့တဲ့နယ်နိမိတ်ကို နေမဝင်အင်ပါယာလို့တောင် တင်စားခဲ့ကြတာပါပဲ။ ဒါပေမဲ့လည်း သူတို့ သင်္ခါရသဘောအောက်မှာ လဲပြိုသက်ဆင်းခဲ့ရတာပါပဲ။ ကမ္ဘာ့မြေပုံပေါ်မှာ နိုင်ငံနယ်နိမိတ်တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းရင်း အလံတွေလည်း တစ်ရောင်ပြီးတစ် ရောင်ပြောင်းနေခဲ့တာပါပဲလေ။ ကျွန်တော်တို့ရဲ့ လက်ရှိ ၂၁ ရာစုထဲမှာကော ဒီလိုနိုင်ငံသစ်၊ အလံသစ်၊ မြေပုံသစ်တွေ မပေါ်ခဲ့ဘူးလားဆိုရင် ပေါ်ခဲ့တယ်လို့ပဲ လွယ်လွယ်လေးအဖြေပေးလို့ရပါ တယ်။ နိုင်ငံသစ်တည်ထောင်နိုင်ခဲ့ကြတဲ့လူမျိုးတွေရှိသလို နိုင်ငံထောင်ဖို့ကြိုးစားနေကြတာကလည်း အများကြီးရှိနေသေးတယ်လို့ ရိုးရိုးလေးပြောလို့ ရပါတယ်။

၂၁ ရာစုထဲမှာ နိုင်ငံတည်ထောင်နိုင်ခဲ့ကြသူတွေက ဘယ်လိုနည်းလမ်းနဲ့ အောင်မြင်မှုရခဲ့ကြတယ်၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ကြရတယ်၊ မအောင်မြင်ကြသေးတဲ့နိုင်ငံတွေကကော ဘာကြောင့် မအောင်မြင်ရသေးတယ် ဆိုတာမျိုးကို နိုင်ငံတချို့ကို ဉပမာထားပြီး ရခိုင်ပြည်တော်လှန် ရေးနှင့် နှိုင်းယှဉ်သုံးသပ်ပေးသွားပါ့မယ်။

■  သျှက်သမ္မတနိုင်ငံ (Czech Republic)

သျှက်သမ္မတနိုင်ငံဟာ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကမ္ဘာ့မြေပုံပေါ်သို့ လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အလံစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ သျှက်သမ္မတနိုင်ငံဆိုပြီး မပေါ်ပေါက် ခင်ကတော့ သျှက်ကိုစလိုဗားကီးယားနိုင်ငံထဲမှာ တည်ရှိနေခဲ့တာဖြစ်ပါတယ်။ သျှက်ကိုစလိုဗားကီး ယားနိုင်ငံထဲက ခွဲထွက်ပြီး နိုင်ငံသစ်တစ်ခုအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့ အဓိကအကြောင်းရင်းကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အဓိက အပိုင်း(၄)ပိုင်းလောက်ကို သတိထားမိပါတယ်။ (၁)- ကိုယ်ပိုင် နိုင်ငံထူထောင်လိုတဲ့ အမျိုးသားရေးစိတ်ဓာတ်တက်ကြွလာခြင်း၊ (၂) နိုင်ငံတည်ဆောက်နိုင်တဲ့ လူ ဦးရေနှင့် နယ်နိမိတ်တည်ရှိနေခြင်း၊ (၃)-နိုင်ငံတစ်ခုကို လည်ပတ်နိုင်လောက်တဲ့ အခြေခံအဆောက် အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်ရှိနေခြင်း၊ အခြားနိုင်ငံတစ်ခုအဖြစ် ကျန်ရှိခဲ့မယ့် ဆလိုဗာကီးယား (Slovakia) ကိုယ်၌က မငြင်းဆိုဘဲ သဘောတူကြည်ဖြူခြင်း စတဲ့ ဒီအချက်လေးချက်ဟာ သျှက် သမ္မတနိုင်ငံဆိုပြီး ပေါ်လောက်လာစေတဲ့ အဓိကအကြောင်းအရင်းတွေလို့ ဆိုချင်ပါတယ်။ သွေး ထွက်သံယိုမှု လုံးဝမရှိဘဲ ဖက်ဒရယ်လွှတ်တော်ကနေ မဲခွဲဆုံးဖြတ်ပြီး သျှက်ကိုစလိုဗားကီးယားနိုင် ငံကနေ သျှက်သမ္မတနိုင်ငံနှင့် စလိုဗာကီးယားနိုင်ငံဆိုပြီး နိုင်ငံသစ်တွေအဖြစ် ကိုယ်စီအောင်လံထူခဲ့ ကြတာဖြစ်ပါတယ်။ နောက်ထပ်ရှုဒေါင့်တစ်ခုအနေနဲ့ သူတို့လူမျိုးတွေကိုယ်၌က ပညာတတ်ပြီး ငြိမ်း ချမ်းတဲ့ အမြင်မျိုးရှိနေတာကြောင့်လည်း သဘောထားကွဲလွဲမှုကို ညှိုနှိုင်းဆွေးနွေးမှုကနေ အဖြေ ထုတ်နိုင်တတ်ကြလို့လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မယ်ဆိုရင်တောင် လက်ခံနိုင်ဖွယ်ရာရှိပါတယ်။

■ အရှေ့တီမောနိုင်ငံ (East Timor)

အရှေ့တီမောကတော့ အရှေ့တောင်အာရှက ကျွန်းနိုင်ငံလေးဖြစ်ပြီး ၂၀၀၂ ခုနှစ်၊ မေလ ၂၀ ရက် မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့တာပါ။ ပေါ်တူဂီတွေဆီမှာ နှစ်ပေါင်းများစွာ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရရုံမကဘဲ ကျွန်တစ်ဖြစ်လဲအဖြစ် အင်ဒိုနီးရှားဆီမှာလည်း ကျုးကျော်နယ်ချဲ့သိမ်းပိုက် ခြင်းကို ခံခဲ့ရပါတယ်။ လူတစ်သန်းကျော်မျှသာရှိတဲ့ အရှေ့တီမောသားတွေဟာ ကိုယ့်ထက် အဆ ပေါင်းများစွာအင်အားကြီးတဲ့ အင်ဒိုနီးရှားကို ဘယ်လိုအောင်နိုင်ခဲ့သလဲ၊ ဘာကြောင့် လွတ်လပ်တဲ့နိုင် ငံတစ်ခုအဖြစ်နှင့် အောင်လံစိုက်ထူနိုင်ခဲ့သလဲဆိုတာက သိပ်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီထဲမှာလည်း ကျွန်တော့်အမြင်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ဖော်ပြပေးပါ့မယ်။ အရှေ့တီမောသားတွေရဲ့ တစ်ပါးကျွန်ဘဝက လွတ်မြောက်လိုစိုက်ပြင်းပြခြင်း၊ အရှေ့တီမောဟာ ကိုယ်ပိုင်နိုင်ငံနဲ့ထိုက်တန် ကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂသိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း၊ ကိုယ့် ထက်အဆမတန်အင်အားကြီးသူကို ရင်ဆိုင်ဖို့ ရန်သူထက်ပိုပြီး အင်အားကြီးသူကို မဟာမိတ်ဖွဲ့ စည်းရုံးသိမ်းသွင်းနိုင်မှုဆိုတဲ့ အဓိက အချက် (၃) ချက်ကို သတိထားမိပါတယ်။ ရေပြင်ပိုင်နက်သာ မကဘဲ  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အကျိုးစီးပွားပေါင်းများစွာ ယှက်နွယ်နေတဲ့ ဩစတြေးလျလို နိုင်ငံရဲ့အကူအညီကို ရယူနိုင်ခဲ့ခြင်းက အထောက်အကူအများကြီးဖြစ်သွား ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒ နှင့် ဒီမိုကရေစီဝါဒတို့ အားပြိုင်နေတဲ့အချိန် အင်အားပိုကောင်းနေတဲ့ ဒီမိုကရေစီဘက်တော်သားကြီး ဩစတြေးလျရဲ့ ကူညီထောက်ပံ့မှုကို ရရှိနိုင်ခြင်းဟာ အနောက် ဥရောပနိုင်ငံတွေသာမက ကမ္ဘာ့ကုလသမဂ္ဂရဲ့ကူညီမှုကို ရရှိနိုင်ဖို့ ပိုမိုလွယ်ကူမြန်ဆန်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရစေကာမူ နောက်ဆုံးမှာ ပြည်သူ့ဆန္ဒခံယူပွဲကို ငြိမ်းငြိမ်းချမ်းချမ်းလုပ်နိုင်ခဲ့သည်သာမကဘဲ လွတ်လပ်ရေးရပြီး တိုင်းပြည်နိုင်ငံကို ပြန်လည်တည်ဆောက်တဲ့အခါမှာပါ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုပေါင်းများစွာကို ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။

■ တောင်ဆူဒန်နိုင်ငံ (South Sudan)

တောင်ဆူဒန်လို့ ရှာကြည့်လိုက်ရင် အာဖရိကတိုက်ထဲက ကုန်းတွင်းပိတ်နိုင်ငံငယ်လေးတစ် ခုအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ ဆူဒန်နိုင်ငံထဲက ခွဲထွက်ပြီး လွတ်လပ်ရေးရယူခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရယူနိုင်ခြင်းရဲ့ အဓိကအကြောင်းအရင်းများကို ခွဲခြမ်း စိတ်ဖြာကြည့်တဲ့အခါ တောင်ဆူဒန်လူမျိုးတွေဟာ ဆူဒန်နိုင်ငံရဲ့ နယ်နိမိတ်တစ်ဝက်လောက်မှာ သီးခြားစုဝေးနေထိုင်ကြခြင်း၊ ဆူဒန်လူမျိုးနဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ အယူအဆကအစ ကွဲပြားနေခြင်း၊ သီးခြားလွတ်လပ်ရေးရယူလိုစိတ်ပြင်းပြခြင်း၊ ပြင်းထန်သော တော်လှန်ရေးတိုက်ပွဲများနှင့် လူမျိုးရေး ပဋိပက္ခများရှိနေခြင်း စတဲ့ မတူကွဲပြားတဲ့ ဝိသေသလက္ခဏာတွေကို ကမ္ဘာကသိ အောင် ချပြနိုင်ခဲ့ခြင်း စတဲ့ အကြောင်းတရားတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဆိုးရွားပြင်းထန်ရက် စက်တဲ့ စစ်မီးတွေတောက်လောင်ပြီးတဲ့အခါမှာတော့ လွတ်လပ်ရေးမပေးသမျှ ဒီလူမျိုးတွေ မအေး ချမ်းနိုင်တော့ဘူးဆိုတာကို ကမ္ဘာကပါ သိမြင်လာခဲ့ကြရပါတယ်။ ဒါကြောင့်မို့လည်း လွတ်လပ်တဲ့နိုင် ငံတစ်ခုအဖြစ် အောင်လံစိုက်ထူနိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ရေနံသယံဇာတ ပေါများကြွယ်ဝတဲ့ ဆူဒန်နိုင်ငံရဲ့ ပင်လယ်ထွက်ပေါက်ဟာ ရန်သူဖြစ်ကျန်ရစ်တဲ့ဆူဒန်နိုင်ငံဖက်ခြမ်းကို ရောက်သွားပြီး၊ အိမ်နီးချင်းနိုင်ငံတွေကိုလည်း မိတ်ဆွေအဖြစ် မတည်ဆောက်နိုင်ခဲ့တဲ့အတွက် လွတ်လပ်သော်ငြား လည်းပဲ ပြန်လည်တည်ဆောက်ရေးအပိုင်းမှာ ဒုက္ခပေါင်းစုံရောက်ကာ တိုင်းပြည်နုနုကို မုန်တိုင်း ကြမ်းကြမ်းကြီးထဲမှာ မောင်းနှင်နေခဲ့ရပါတော့တယ်။

■ ဆိုမာလီလန်း (Somaliland)

ဆိုမာလီလန်းကတော့ ၁၉၉၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ ဆိုမာလီယာ (Somalia) နိုင်ငံထဲကခွဲ ထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ်ကျေညာခဲ့ပါတယ်။ သို့သော်လည်း ပင်မနိုင်ငံ ဆိုမာလီယာအပါ အဝင် အာဖရိကတိုက်ထဲက နိုင်ငံတွေစုပေါင်းဖွဲ့စည်းထားတဲ့ အာဖရီကန်ယူနီယန် (African Union) ကပါ အသိအမှတ်မပြုတဲ့အတွက် ဒီနေ့အချိန်အထိ ကမ္ဘာ့မြေပုံပေါ်က တရားဝင်နိုင်ငံတစ်ခုဖြစ်မလာ သေးပါဘူး။ ဆိုမာလီလန်းမှာ ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်ရဲတပ်၊ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်တရားရုံး၊ ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်ငွေကြေးတွေရှိနေပေမဲ့လည်း နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခွင့်မရှိသေးတာ ဖြစ်ပါတယ်။ ခွဲထွက်လာခဲ့တဲ့ ပင်မနိုင်ငံရဲ့ သဘောတူကြည်ဖြူမှုမရခြင်း နှင့် ဒေသတွင်းနိုင်ငံတွေက ပါ အသိအမှတ်မပြုခြင်း စတဲ့ အဓိက အစိတ်အပိုင်းကြီးနှစ်ခုက လွတ်လပ်ရေးကြိုးပမ်းတဲ့ လူမျိုးအနေနဲ့ စစ်ရေးအင်အား မည်မျှပင် တောင့်တင်းစေကာမူ နိုင်ငံထူထောင်တဲ့အပိုင်းမှာ အားနည်းချက် ဖြစ်တတ်ကြောင်း သင်္ခန်းစာ ယူစရာဖြစ်ပါတယ်။

■ ရခိုင့်တော်လှန်ရေးအရွေ့ ဘယ်ကိုဦးတည်နေသလဲ

ရခိုင်ပြည်ဟာ နိုင်ငံတစ်ခုဖြစ်လာနိုင်လား လို့ ကျွန်တော့်ကိုမေးရင် “ခက်တော့ခက်မယ်၊ ဒါပေမဲ့ ဖြစ်နိုင်တယ်”  လို့ပဲ ရိုးရိုးလေး ဖြေပါ့မယ်။ ရခိုင်ပြည်ဟာ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ ပူပူနွေးနွေးသမိုင်း ကြောင်း ခိုင်ခိုင်မာမာရှိတယ်။ နိုင်ငံတည်ဆောက်လို့ရနိုင်တဲ့ ပထဝီအနေအထားလည်းရှိတယ်။ ခိုင် မာတဲ့ သီးခြားစာပေယဉ်ကျေးမှုအနုသုခုမလက်ရာတွေလည်းရှိတယ်။ ပြည်သူကို ထမင်းကောင်း ကောင်းကျွေးနိုင်ပြီး ဝန်ဆောင်မှုပေးနိုင်တဲ့ သယံဇာတမျိုးစုံနှင့် အခြေခံအဆောက်အအုံတွေလည်း ရှိတယ်။ ပြည်သူကိုလုံခြုံငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်မှုပေးနိုင်တဲ့ အစိုးရနဲ့ အုပ်ချုပ်မှု အောက်မှာ ကျေကျေနပ်နပ် လိုက်ပါမဲ့ ပြည်သူလူထုလည်းရှိတယ်။ ပြီးတော့ ရခိုင်ဟာ မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ ကျုးကျော်သိမ်းပိုက်မှုအောက်မှာ ကိုလိုနီဖြစ်ခဲ့ရကြောင်း၊ အင်္ဂလိပ်နယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တို့ဆီမှာ ထပ်ဆင့်ကိုလိုနီဖြစ်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာ့စစ်အပြီး မြောက်အတ္တလန်တိတ် စာချုပ်အရ ကိုလိုနီနိုင်ငံတွေကို ပြန်လည်လွတ်လပ်ရေးပေးခဲ့တဲ့အခါ အမည်စာရင်းမပါခဲ့တဲ့ ကျွန်ပုန်း ကိုလိုနီဖြစ်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံကို ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြတဲ့ ပင်လုံစာချုပ်၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတဲ့ ပြည်ထောင်စု သဘောတူညီချက်တွေမှာ မည်သောအခါမျှ ပြည်သူ့ကိုယ်စားပြု တရားဝင် ပါဝင်ပူး ပေါင်းခဲ့ခြင်းမရှိခဲ့ကြောင်း စသည်စသည်ဖြင့် သမိုင်းကြောင်းအရရော ဥပဒေအရပါ ခိုင်ခိုင်မာမာ ရှိနေသေးတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်နိုင်ကြောင်း ပြောရဲတာဖြစ်ပါတယ်။

ဒါပေမဲ့ လွတ်လပ်ရေးကို ဘယ်လိုရယူမှာလည်း။ ဒီမေးခွန်းက သိပ်ခက်တဲ့မေးခွန်းဖြစ်သွား ပါပြီ။ တိုက်ခိုက်ရေးနှင့် နယ်မြေစိုးမိုးမှုတွေရယူထားပြီးပြီ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရား ကောင်းမွန်စွာ လည်ပတ်နေပြီ၊ ပြည်သူကိုလွှမ်းမိုးနိုင်တဲ့အစိုးရ (Defato Government) ဖြစ်နေပြီ။ ဘယ်အစိုးရအဆက်ဆက်ကမှ မကိုင်တွယ်နိုင်ခဲ့တဲ့ မူဆလင်အရှုပ်အထွေးကို တော်လှန် ရေးအစိုးရက မျှတအောင် ကိုင်တွယ်နိုင်နေပြီ။ ဘာလိုသေးလို့လဲ။ တစ်ပြည်လုံးကို တက်သိမ်း၊ လွပ်လပ်ရေးကြေညာ၊ ဗီတိုအာဏာ ၅ နိုင်ငံထဲက ကန့်ကွက်သူမရှိအောင်၊ လုံခြုံရေးကောင်စီအမြဲ တမ်းအဖွဲ့ဝင် ၁၅ နိုင်ငံမကန့်ကွက်အောင်၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲပိုရအောင် သံခင်းတမန်ခင်းနှင့်ကြိုစား၊ ဖြစ်ပြီပေါ့နိုင်ငံ။ သို့သော် ပြောရတာလွယ်သလောက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်က လုံးဝမလွယ်ကူနိုင်ပါ။

■ တကယ်လွတ်လပ်ရေး ယူတော့မယ်ဆိုတဲ့အခါ သျှက်ကိုစလိုဗားကီးယားမှာလို အသာတကြည်  သဘောမတူဘဲ ဆိုမားလီးယားမှာလို ပင်မနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကလည်း လုံးဝကန့်ကွက်၊ ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံကပါ နောက်ယောင်လိုက်ပြီး ကန့်ကွက်လာနိုင်သည်။

■ ဆီးရီးယားမှာလိုမျိုး မြို့အုတ်ပုံ၊ ပြာပုံဖြစ်အောင် အပြင်းထန်ဆုံးတိုက်ပွဲတွေသာ ဆင်နွှဲလာ ခဲ့ရပါက အရှေ့တီမောမှာလိုမျိုး အင်အားကြီးနိုင်ငံအနည်းဆုံးတစ်ခုလောက် အားကိုးအား ထားပြုနိုင်ဖို့ မဟာမိတ်ရနိုင်ဖို့ကိုလည်း စဉ်းစားကြရပေဦးမည်။

■ စာပေယဉ်ကျေးမှုသာမက ကိုးကွယ်ရာဘာသာ ထပ်တူနီးပါးတူနေသော လူမျိုးနှစ်မျိုးကို နိုင်ငံနှစ်ခုအဖြစ် ကုလသမဂ္ဂက ခွဲခြားပေးချင်လောက်အောင် ကွဲပြားခြားနားသော သမိုင်းကြောင်းနောက်ခံရှိကြောင်း များစွာကြိုးစားတင်ပြ စည်းရုံးကြရပေအုံးမည်။

■ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသဖြင့် များစွာ ပေါင်းကူးဆက်သွယ်မှုရှိနေ ခဲ့သော နယ်မြေနှစ်ခုကို ရန်ဖက်အသွင်နှင့် ရုတ်တရက်လမ်းခွဲခဲ့ရပါက ဆူဒန်နိုင်ငံထဲက တောင်ဆူဒန်ခွဲထွက်သလို အခက်အခဲအကျပ်အတည်းပေါင်းများစွာနှင့် မကျန်ရစ်ခဲ့ဖို့ များစွာ ကြိုးစားပြင်ဆင်ရပေအုံးမည်။

ထို့ကြောင့်လည်း ULA/AA တပ်မှူးချုပ်က ပထမအဆင့်အနေဖြင့် ဝထက်မနိမ့်တဲ့ ကွန်ဖက်ဒရိတ် (Confederate State)မျိုးကို ဆိုရှယ်ဒီမိုကရေစီစနှစ်ဖြင့် အုပ်ချုပ်သွားရန် ရည်မှန်းထားကြောင်း ပြောခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ဆွေးနွေးလိုက်ပါသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်လွတ် လပ်ရေးဟာ ခက်တော့ခက်မယ်၊ ဒါပေမဲ့ ဖြစ်နိုင်တယ် ဟူ၍သုံးသပ်ရခြင်းဖြစ်ပါတယ်။

ဇော်ထွန်း (မြောက်ဦး)_ရေးသားသည်

ဗီဒီယိုများ