ဘဝနေဝင်ချိန်ကို စောင့်နေကြရတဲ့ အဘိုး၊ အဘွားတွေ

ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာမှာ အဘိုး ၈ ဦးနဲ့ အဖွား ၃၄ ဦး စုစုပေါင်း ၄၂ ဦးကို ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ အဲဒီအထဲက အဘိုးတစ်ယောက်နဲ့ အဖွားငါးယောက်ဟာ လေဖြတ်ဝေဒနာကို ခံစားနေရတယ်လို့ ရိပ်သာရဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

30 Jun 2021

DMG ၊ ဇွန် ၃၀

(အတွေးအမြင်ဆောင်းပါး)

လူရယ်လို့ မွေးဖွားလာတဲ့ အချိန်ကစပြီး အို၊ နာ၊ သေ ဆိုတဲ့ လောကသဘာဝတရားကြီးဟာ ကျမတို့တတွေ မလွဲမသွေကြုံတွေ့ရမယ့် အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ မသေခင်စပ်ကြားမှာတော့ ဘဝကို အဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ဖို့ ရုန်းကန်လှုပ်ရှားကြရင်းနဲ့ ပျော်ရွှင်မှုရဲ့အနှစ်သာရကိုလည်း ခံစားမိဖို့ လိုအပ်လှပါတယ်။

ကျမတို့ရဲ့ လူ့ပတ်ဝန်းကျင်မှာတော့ ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လူပ်ရှားလာခဲ့ပြီး အသက်အရွယ်ကြီးမြင့်လာချိန်မှာ သားသမီးမြေးမြစ်တွေနဲ့အတူ ဘဝကို ပျော်ရွင်စွာ ဖြတ်သန်းနေထိုင်နိုင်သူတွေရှိသလို တချို့တွေကတော့ ပြုစုစောင့်ရှောက်မယ့်သူတွေမရှိဘဲ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်မှုကို ခံနေရတဲ့ သက်ကြီးရွယ်အိုတွေ အများအပြားရှိနေပါတယ်။
ဒီအထဲကမှ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာဟာလည်း အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မဲ့သူမရှိဘဲ ကျန်းမာရေးချို့တဲ့နေတဲ့ ဂီလာနဘိုးဘွားတွေကို မိသားစုသဖွယ် စောင့်ရှောက်ပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဖွားဒေါ်မစောခိုင်ဟာ စစ်တွေမြို့ထဲက ဖြစ်ပြီး အသက် ၈၀ ကျော်မှာ ဒီနေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဖွားဟာ အခုဆိုရင် အသက် ၉၂ နှစ်အရွယ် ရှိနေပါပြီ။ အဖွားဟာ အိမ်ထောင်ကျခဲ့ဖူးပေမယ့် သားသမီး တစ်ဦးတစ်ယောက်မျှ မထွန်းကားခဲ့ပါဘူး။ အဖွားရဲ့အမျိုးသားမှာ ပါလာတဲ့ သားသမီးတွေက သူတို့ရဲ့ မိခင်တစ်ယောက်လို ပြုစုစောင့်ရှောက်လိုပေမယ့်လည်း အဖွားက နောင်ရေးကိုကြိုတွေးပြီးတော့ ဒီ ဘိုးဘွားရိပ်သာမှာပဲ လာရောက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

“အရင်က ဈေးရောင်းစားခဲ့တယ်။ အသက် ၇၀ မပြည့်ခင် မြို့ထဲမှာ ဈေးဆိုင်ရောင်းခဲ့ဖူးတယ်။ ဆိုင်ကြီးတော့မဟုတ်ဘူး၊ အဲဒီဆိုင်တွေကို အသက်ကြီးလာရင် လုပ်ကိုင်နိုင်တော့မှာ မဟုတ်တာကြောင့် ဘိုးဘွားရိပ်သာကို ဝင်တယ်။ ယောက်ျားမှာပါတဲ့ သားတွေ မြေးတွေက ဘိုးဘွားရိပ်သာကို မဝင်စေချင်ဘူးလို့ တားကြတယ်။ ဒါပေမဲ့ အဖွားအနေနဲ့ကတော့ နောက်ပိုင်းဆိုရင် သူတို့လည်း အဖွားအတွက် တာဝန်လေးလာမယ်။ ဒါပေမဲ့ အခုလည်း သူတို့ကတော့ အဖွားကို ပစ်ထားတာတော့ မဟုတ်ပါဘူး”လို့ အဖွားဒေါ်မစောခိုင်က ဆိုပါတယ်။

ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာမှာ အဘိုး ၈ ဦးနဲ့ အဖွား ၃၄ ဦး စုစုပေါင်း ၄၂ ဦးကို ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ အဲဒီအထဲက အဘိုးတစ်ယောက်နဲ့ အဖွားငါးယောက်ဟာ လေဖြတ်ဝေဒနာကို ခံစားနေရတယ်လို့ ရိပ်သာရဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

“အဘိုးအဖွားတွေအနေနဲ့ သူတို့ဘဝနောက်ဆုံးနေဝင်ချိန်တွေကို ဒီမှာဖြတ်သန်းခွင့်ရတဲ့အတွက် အဆင်ပြေမှုတွေများစွာရှိပြီး ဘဝကို အေးအေးချမ်းချမ်းနေထိုင်ရလို့ ကျေးဇူးတင်နေကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ နေ့စဉ်ပုံမှန် နံနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီအထိ သူနာပြုတစ်ဦးက လာရောက်ကြည့်ရှုပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်က ဆရာဝန်တွေ၊ သမားတော်တွေကတော့ မကြာခဏဆိုသလို လာရောက်ပြုစုစောင့်ရှောက်ပေးတာတွေလည်းရှိပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုကတော့ ပိုမိုလိုအပ်နေပါသေးတယ်”လို့ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာရဲ့ ကြီးကြပ်ရေးတာဝန်ခံ ဦးဘိုးလှိုင်က ဆိုပါတယ်။

အသက်အရွယ် ကြီးရင့်လာသူများဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုတွေကလည်း အားနည်းလာတယ်လို့ ဘိုးဘွားရိပ်သာမှာ ခိုလှုံနေတဲ့ အဖိုးအဖွားတွေက ဆိုကြပါတယ်။

“ကျန်းမာရေးမကောင်းဘူး၊ ဒူးနာတယ်။ မလုပ်နိုင်တော့ဘူး၊ ခါးနာတယ်။ နားကိုက်တယ်။ သွားတွေလည်းကိုက်တယ်။ ခန္ဓာကိုယ်တစ်ခုလုံးဘယ်နေရာမှ မကောင်းတော့ဘူး၊ အဆင်မပြေရင်လည်း နေရပါတယ်။ မလုပ်နိုင်ရင်လည်း သူတို့သဘောနဲ့ နေရပါတယ်။ သွားစရာနေရာမှ မရှိတာ” လို့ မြောက်ဦးမြို့နယ်ကနေ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာမှာ လာရောက်ခိုလှုံနေတဲ့အသက် (၈၁) နှစ်အရွယ် အဖိုး ဦးမောင်သိန်းထွန်းက ဆိုပါတယ်။

အပြင်းအထန် နေမကောင်းဖြစ်တဲ့ အဘိုးအဘွားတွေကိုဆိုရင် စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာရဲ့ ကြီးကြပ်ရေးတာဝန်ခံ ဦးဘိုးလှိုင်က ပြောပြပါတယ်။

ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာမှာ ထာဝရအလှူရှင်တွေရှိပြီး အပတ်စဉ်လိုလို ကျွေးမွေးစောင့်ရှောက်တာတွေ ရှိပါတယ်။ အလှူရှင်မရှိတဲ့ ရက်တွေမှာဆိုရင် ဘိုးဘွားရိပ်သာကပဲ ချက်ပြုတ်ပြီး ကျွေးမွေးတယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် ပြင်ပကအလှူရှင်တွေအနေနဲ့ ဒီအဘိုးအဘွားတွေအတွက် လှူဒါန်းမယ်ဆိုရင်လည်း ဘယ်လို အကူအညီမျိုးကိုမဆို လက်ခံလျက်ရှိပါတယ်။
ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာကို ဒီနှစ်မှ စဝင်လာတဲ့ ရ၃ နှစ်အရွယ် အဖွား ဒေါ်လှယိုင်နုဟာ အရင်က ကျောင်းဆရာမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့အမျိုးသားနဲ့ တစ်ဦးတည်းသောသားဖြစ်သူပါ သေဆုံးသွားတာကြောင့် မိသားစုကျောထောက်နောက်ခံ မရှိတော့တဲ့အတွက် ဘိုးဘွားရိပ်သာမှာပဲနေဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ပြောပြပါတယ်။

“သားတစ်ယောက်ပဲရှိတာ ဆုံးသွားတာ လေးနှစ်ရှိပြီ၊ ခင်ပွန်းကလည်း ဆုံးသွားပြီလေ၊ သားသမီးကျောထောက်နောက်ခံလည်း မရှိဘူးပေါ့၊ အဲဒါကြောင့် ဒီမှာလာနေတာပါ။ အိမ်မှာဆိုတော့ တယောက်တည်း နေရတာပေါ့၊ နေထိုင်မကောင်းတဲ့အခါ တယောက်တည်းဆိုတော့ ကျန်းမာရေးအခက်အခဲက ရှိတာပေါ့။ ဘေးနားက အထောက်အကူမရှိဘူး၊ ဒီမှာကျတော့ ကိုယ့်လိုပဲ အဖွားတွေ အများကြီးပဲလေ၊ ဒီမှာက တည်ထောင်တဲ့လူတွေကလည်း ဂရုတစိုက်ရှိပါတယ်။ အဲဒါကြောင့် ဒီကို ရွေးလိုက်တာပါ ”လို့ အဖွားက ဆိုပါတယ်။

ဒီရိပ်သာကို ရောက်လာတဲ့ ဘိုးဘွားတွေဟာ မိသားစုစောင့်ရှောက်မယ့်သူ မရှိသူတွေ ကျန်းမာရေးချို့တဲ့လာမှုကြောင့် မိသားစုတွေရဲ့ ပစ်ပယ်မှုကိုခံရလို့ ရောက်ရှိလာတဲ့ အဘိုးအဖွားတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြပေမယ့် တစ်ချိန်က သူတို့အပေါ်မှာ ပြုစုစောင့်ရှောက်ခဲ့တဲ့သူတွေကို အကောင်းမြင်ဝါဒတွေနဲ့ ကျေးဇူးတရားမမဲ့ဘဲ ကျေးဇူးတင်နေကြဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းတွေအရ မြန်မာနိုင်ငံရှိလူဦးရေ ၅၁ သန်းကျော်မှာ အသက် ၆၀ ကနေ ၆၉ နှစ်ကြား အဘိုးအဖွားဦးရေ ၂ ဒဿမ ၆၄ သန်း၊ အသက် ရ၀ မှ အသက် ရ၉ နှစ်ကြား ၁ ဒဿမ ၂၇ သန်း၊ အသက် ၈၀ မှ ၈၉ နှစ်ကြား လေးသိန်းကိုးသောင်းကျော်နဲ့ အသက် ၉၀ နှစ်အထက် အဘိုးအဘွားတွေကတော့ ခုနှစ်သောင်းနှစ်ထောင်ကိုးရာကျော်ရှိပြီး စုစုပေါင်း အသက် ၆၀ နှစ်အထက် အဘိုးအဘွား ၄ ဒဿမ ၄၇ သန်းရှိတယ်လို့ သိရပါတယ်။

ကျမတို့တွေဟာလည်း သဘာဝရဲ့ပြောင်းလဲမှုတွေအရ တချိန်ချိန်မှာ အသက်အရွယ်ကြီးရင့်လာကြရမှာပါ။ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုတွေရဲ့ ပစ်ပယ်မှုကိုခံရရင် အားလုံးက ဝမ်းနည်းမိမှာပဲ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိအချိန်မှာကတည်းက ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစုတွေထဲမှာရှိတဲ့ အဘိုးအဘွားတွေကို ငြိုငြင်မှုတွေမရှိဘဲနဲ့ နွေးထွေးတဲ့လက်တွေနဲ့ ဖေးမကူညီကြဖို့ လိုအပ်ကြပါလိမ့်မယ်။

အဘိုးအဘွားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာနဲ့ အဘိုးအဘွားတွေအတွက် လှူဒါန်းလိုတယ်ဆိုရင်တော့ ရိပ်သာရဲ့ ကြီးကြပ်ရေးတာဝန်ခံ ဦးဘိုးလှိုင်ရဲ့ဖုန်းနံပတ်ဖြစ်တဲ့ ၀၉၄၅၂၂၄၆၇၈၇ ကို ဆက်သွယ်လှူဒါန်းနိုင်သလို စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာရှိတဲ့ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာကို ကိုယ်တိုင်သွားရောက်ပြီးတော့လည်း လှူဒါန်းနိုင်ကြပါတယ်။

ခိုင်ဖုန်းသူသူဇော် ရေးသားသည်

ဗီဒီယိုများ