ကမ်းမဲ့ဗေဒါ (သို့မဟုတ်) မဖြူ

        တကယ်တော့ “ လူတိုင်း လွတ်လွပ်စွာကိုးကွယ်ခွင့်ရှိသည် ” ဟု လူ့အခွင့် အရေးစာတမ်းတွင် ပါရှိပေမယ့် ရခိုင် ပြည်နယ်အတွင်း ဘာသာခြားတို့ထံ စွန့်ပစ်ခြင်းခံရတဲ့ ရခိုင်အမျိုးသမီးတစ်ယောက်အတွက် ဘာသာရေးဆိုတာကို ရွေးချယ်ခွင့်ရှိပါတော့မလား ....

By ပန်လှအောင် 06 Mar 2018

အားလုံး၏ ပြစ်တင်ရှုတ်ချမှုကို ခံနေရသော ကမ်းမဲ့ဗေဒါ (သို့မဟုတ်) မဖြူ၏ ခက်ခက်ခဲခဲဖြင့် ရိုးရိုးသားသား ရုန်းကန်နေသည့် ဘဝကို တွေ့ရစဉ်။ ဓါတ်ပုံ - ပန်လှအောင် 

ပန်လှအောင် ရေးသားသည်။

          တကယ်တော့ “ လူတိုင်း လွတ်လွပ်စွာကိုးကွယ်ခွင့်ရှိသည် ” ဟု လူ့အခွင့် အရေးစာတမ်းတွင် ပါရှိပေမယ့် ရခိုင် ပြည်နယ်အတွင်း ဘာသာခြားတို့ထံ စွန့်ပစ်ခြင်းခံရတဲ့ ရခိုင်အမျိုးသမီးတစ်ယောက်အတွက် ဘာသာရေးဆိုတာကို ရွေးချယ်ခွင့်ရှိပါတော့မလား ....

          လှည့်စားတတ်တဲ့ လောကဓံဟာ ဝမ်းရေးအတွက် ရုန်းကန်ရသူတွေအတွက် “ ကမ္ဘာမီးလောင်၊ သား ကောင်ချနင်း ” ဆိုသလို ပူလောင်စေတာတော့ အမှန်ပါ။ အဲဒီလို လှည့်စားတတ်တဲ့ လောကဓံရဲ့အလှည့်အစား ကို ခံရရုံသာမက သောကပင်လယ်ပြင်ဝယ် မြုပ်လိုက်၊ ပေါ်လိုက် ကူးခတ်နေရသူတွေထဲမှာ မဖြူလို အမျိုးသမီး တစ်ယောက်ဟာ ကမ်းစပ်မဲ့နေတဲ့ ဗေဒါပင်လိုပါပဲ။ ကမ်းကိုမြင်ပါလျှက် လောကဓံလှိုင်းကြောင့် ဝေးခဲ့ရသလို ကမ်းကိုကပ်ချင်ပါလျှက် သောကမီးကြောင့် မျောခဲ့ရတဲ့ မဖြူရဲ့ ဘဝအစကတော့ သူမဟာ ဘင်္ဂါလီအမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ကြီးပြင်းခဲ့တယ်ဆိုတာကိုတောာ့ သူမယုံကြည်နေဆဲပါ။ 

          မဖြူကို မင်းပြားမြို့နယ်၊ ပန်ဇင်းမော်ကျေးရွာတွင် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် မိဘများက လွန်ခဲ့သော ၄၇ နှစ်က မွေးဖွားခဲ့ပေမယ့် မွေးဖွားပြီးနောက်တစ်ရက်မှာပဲ အနီးမှာရှိတဲ့ ဆင်ကြီးပြင်(ဘင်္ဂါလီ) ကျေးရွာက အစ္စလာမ်ဘာသာဝင် ဦးအာလာမျာနှင့် ဒေါ်ကူလ်မန်တို့ထံ အပ်နှံမွေးစားစေခဲ့တာကြောင့် အစ္စလာမ်ဘာသာဝင်အဖြစ် ကြီးပြင်းလာခဲ့ရပါတယ်။

          ငယ်စဉ်ကတည်းက သ့ူကိုသူ အစ္စလမ်ဘာသာဝင် (ဘင်္ဂါလီ) တစ်ဦးအဖြစ် ယုံကြည်နေခဲ့ပေမယ့် သူအိမ်ထောင်ကျတဲ့အချိန်မှာတော့ သူမဟာ ရခိုင်အမျိုးသမီးတစ်ဦးဖြစ်မှန်းကို သိခဲ့ရတယ်လို့ ဆိုပါတယ်။

          “ ကျွန်မ အသက် (၁၄) နှစ် မှာ လင်ပေးစားလိုက်ကြတယ်၊ ကျွန်မ ဘာမှ မလုပ်တတ်သေးဘူး၊ ထမီတို့၊ ဆာရီတို့ကိုတောင် ကောင်းကောင်းမဝတ်တတ်သေးဘူး၊ အဲဒီနေ့မှပဲ  ရခိုင်ဖြစ်မှန်းကို တရားသူကြီး ဦးဖိုးညိုနှင့် ကျွန်မမွေးစားအဖေတို့ ပြောပြလို့သိခဲ့ရတယ် ” ဟု မဖြူက သူ့အဖြစ်ကို ပြောပါတယ်။                          ဘာသာတရားရဲ့ ယုံကြည်မှုတွေအရ ရှေးရိုးစွဲနေတဲ့အယူအဆတွေအောက်မှာ မဖြူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတဲ့အလုပ်ကို ရွေးချယ်ခဲ့ရပါတယ်။ မိန်းကလေးတွေက သူ့တို့ဘဝအတွက် လင်ယောင်္ကျား(သို့မဟုတ်) ချစ်သူရည်စားတွေကို မိမိဘာသာရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီအများစုက လက်မခံကြပါဘူး။ နောက်ဆုံးတော့ မဖြူတစ်ယောက် ဘာကိုမှ ပြောခွင့်မသာတော့ဘဲ အသက် ၁၄ နှစ်ဆိုတဲ့အရွယ်မှာ အိမ်ရှင်မတစ်ဦး ဖြစ်လာခဲ့ရတယ်။

          ဒါကြောင့်လည်း ရှေးရိုးစွဲမူဆလင် လူ့အဖွဲ့အစည်းတွေရဲ့ အစဉ်အလာအရ  မဖြူကို စောစောစီးစီး အိမ် ထောင်ချပေးခဲ့ပါတယ်။ တစ်ရွာတည်းနေ မူဆလင်ဘာသာဝင် ဦးမနိုးဆီးနှင့် ဒေါ်ရူနာမာန်တို့၏ သားဖြစ်သူအာရှိန်နှင့် ပေါင်းသင်းခဲ့တယ်လို့ မဖြူကပြောပါတယ်။

          ဒီလိုနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက် သားသမီး ၄ ဦး ထွန်းကားပြီး နောက်ပိုင်းမှာတော့ မဖြူရဲ့ ယောင်္ကျားဖြစ်သူဟာ နောက်မိန်းမတစ်ယောက်ကို ထပ်ယူပြီး အိမ်ပေါ်ခေါ်တင်လာတဲ့ အချိန်မှာတော့ မဖြူတစ်ယောက် ကြိတ်ငိုခဲ့ရပြန်တယ်။ ယောင်္ကျားဖြစ်သူက နောက်မိန်းမကို အိမ်ပေါ်ခေါ်တင် လာပြီးနောက်ပိုင်းမှာ မဖြူအပေါ် ပြောဆိုဆက်ဆံမှုတွေဟာလည်း အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲလာခဲ့ တယ်လို့ ဆိုပါတယ်။

          “ ပထမတုန်းကတော့ ကျွန်မယောင်္ကျားက တော်တော်ကောင်းတယ်၊ ဒါပေမယ့် ကလေးလေးယောက်ရပြီးတဲ့နောက်မှ သူ့က နောက်မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတယ်၊ ကျွန်မ မနေချင်တော့ဘူး၊ စိတ်ညစ်လာတယ်၊ အဲ့ဒီအချိန်ကတည်းက ဗုဒ္ဓဘာသာကို ကူးပြောင်းချင်တဲ့ စိတ်ကူးရှိ တယ်။ ရွာမှာက ကျွန်မတစ်ယောက တည်းမို့ ကြောက်နေခဲ့မိတယ်။ ”                          

ယောင်္ကျားဖြစ်သူက နောက် မိန်းမ(မယားငယ်)နှင့် ကြည်နူးနေကြတဲ့အချိန်မှာ မဖြူဟာသားသမီးတွေနဲ့ နပန်းလုံးကာဝမ်းတစ်ထွာအတွက် ရုန်းကန်ရင်း သူ့ရဲ့မာနတရားတွေကို ခဝါချ ထားခဲ့ရတယ်။ ဒါကြောင့်လည်းပဲ မဖြူဟာ ဗုဒ္ဓဘာအဖြစ်ခံယူဖို့ နေ့စဉ်နဲ့အမျှ စိတ်ကူးလာခဲ့မိတယ်။ ဒီလိုနဲ့ပဲ မဖြူရဲ့ ဘဝတစ်ခုလုံးကို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ထဲ ပဋိက္ခတွေက ပြောင်းလဲစေခဲ့သလို မဖြူရဲ့ဘဝ၊ မဖြူရဲ့အသည်းနှလုံးကိုလည်း ဟက်တက်ကြီး ခွဲစိပ်လိုက်တာ ဖြစ်ပါတယ်။

          ကြမ္မာဆိုး၏အစက ၂၀၁၂ ခု နှစ် ရခိုင်အရေးအခင်းများကြောင့် ရခိုင်နှင့်ဘင်္ဂါလီ လူအဖွဲ့အစည်းနှစ်ခု ကြား ဆက်ဆံရေးအခြေအနေဟာ တစ်စစပိုတင်းမာလာခဲ့ပြီ။ ရခိုင်အမျိုးသမီးဖြစ်တဲ့ မဖြူကို သူမနှစ်ပေါင်း (၄၀) ကျော်နေထိုင်လာခဲ့တဲ့ မင်းပြား မြို့နယ်၊ ဆင်ကြီးပြင် (ကုလားရွာ)မှ မူ ဆလင်ရွာသားတွေရဲ့ ဘုံရန်သူသစ္စာ ဖောက်အဖြစ် သတ်မှတ်လိုက်ကြတာကစခဲ့တဲ့ အခြေအနေတစ်ခုဟာ တစ်ကယ်လည်း ရင်နင့်ဖွယ်ရှာ။ အတိတ်ကို ပြန်စဉ်းစားမိတိုင်း မဖြူတစ်ယောက် မျက်ရည်တွေ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရပြန်တယ်။

          အရင်က အပြန်အလှန် ကူးလူးဆက်ဆံနေရာကနေ သင်္ကာမကင်း ဖြစ်လာကြပြီးနောက် ရခိုင်ပြည်နယ်အတွင်း မူဆလင်ကျေးရွာမှာ ဗုဒ္ဓဘာသာဝင်တစ်ဦး သွားလာနေထိုင်လို့ မရတော့သလို ဗုဒ္ဓဘာသာဝင်တို့၏ ကျေးရွာများသို့လည်း မူဆလင်များကို သွားလာဝင်ထွက်ခွင့် ပိတ်လိုက်ကြတယ်။  လူမျိုးနဲ့ဘာသာကို အကြောင်းပြုပြီး ရန်သူ၊ မိတ်ဆွေ ခွဲခြားလိုက်ကြတယ်။

          ၂၀၁၂ ခုနှစ် ဇွန်လမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးအခင်းက မဖြူတို့ မိသားစုဝင် (၆) ဦးကို ဘာသာရေးမျဉ်းနဲ့တိုင်းတာကာ စည်းခြားလိုက်ကြတယ်။  ခင်ပွန်း၊ သားနှင့်သမီး ကြီးတို့ဟာ မူဆလင်ဘာသာဝင်အဖြစ် ကျန်ရစ်ခဲ့ပြီး မဖြူနဲ့သမီးနှစ်ဦးကတော့ ရခိုင်တွေရှိတဲ့ဖက်မှာ ခိုလှုံပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြပါတယ်။

          “ ကုလား-ရခိုင်အရေးအခင်း ဖြစ်နေတဲ့အချိန် ကျွန်မက မင်းပြား အခြေစိုက် ၃၇၉ စစ်တပ်ရင်းမှာ နွား ကျောင်းခွင့်ရတယ်၊ ရခိုင်တွေနဲ့လည်း အသွားအလာဆုံတယ်၊ သူ့တို့က ကျွန်မကို ရခိုင်ဖြစ်မှန်းသိတာမို့ နှုတ်ဆက်ကြတယ်၊ ဆန်၊ ငွေကြေး အကူအညီ ပေးကြတယ် ”

          အဲ့ဒီလို တပ်ရင်းထဲနွားကျောင်းရင်းကနေ ဘင်္ဂါလီတွေရဲ့ သံသယသားကောင်ဖြစ်လာခဲ့တယ်။ ရခိုင်တွေဆီ သတင်းပေးတယ်ဆိုပြီး သစ္စာဖောက်အဖြစ်သတ်မှတ်ကာ မဖြူတို့အိမ်ကို ဖြိုဖျက်ပြီး အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုပါ အကုန်ယူသွားကြတဲ့အပြင် မဖြူရဲ့ သမီးကြီးဖြစ်သူကိုလည်း တစ်ရွာတည်းနေ ဘင်္ဂါလီတွေက အတင်းအဓမ္မ ဆွဲခေါ် ပြီး မုဒိမ်းကျင့်ခဲ့ကြတယ်လို့ ပြောပါ တယ်။

“ တနေ့ နွားကျောင်းပြီး ပြန်လာတော့ ကျွန်မကို ရခိုင်တွေဆီ သ တင်းပေးတယ်ဆိုပြီး သစ္စာဖောက်အ ဖြစ်ဆဲဆိုကြတယ်၊ အိမ်ကိုဖြိုဖျက်လိုက်ကြတယ်၊ အိမ်မှာရှိတာအားလုံးကို ကုလားတွေယူသွားကြတယ်၊ ကျွန်မ သမီးဖြူဖြူကို ကုလားတွေ ဆွဲခေါ်ပြီး မုဒိမ်းကျင့်ကြတယ်၊ နောက်တစ်ရက်မှာ အိမ်ပေါ်ကနေ ကျွန်မကို ဆွဲခေါ်ပြီး ဗလီဘေးက ချောင်းစပ်ထဲလမုပင်မှာ ကိုယ်တုံးလုံးချွတ် ကြိုးနဲ့ချည်ပြီး ထားခဲ့ကြတယ်၊ ညဉ့် ၂ နာရီလောက်မှာ ကင်းလှည့်နေတဲ့ စစ်တပ်ကတွေ့ပြီး လွတ်မြောက်လာခဲ့တယ်၊ တစ်နာရီလောက် နောက်ကျရင် ဒီရေတတ်ပြီး သေမှာပါ။ ” ဟု သူမလက်ရှိနေထိုင် ရာ မင်းပြားမြို့၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ ခနော်ခနဲ တဲအိမ်လေးရဲ့ ရှေ့အဖီးမှာ ထမင်းချက်ရင်း သူ့ဘဝဖြစ်စဉ်တွေကို  ပြောပါတယ်။

          ၂၀၁၂ ခုနှစ်အတွင်း မင်းပြား မြို့နယ် ပန်းဇင်မော်ရွာ (ရခိုင်ကျေးရွာ) မှာ  ကျွဲနှစ်ကောင်ကို ဆင်ကြီးပြင် (ကုလားရွာ)က ဘင်္ဂါလီတွေ ခိုးယူကြတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ရခိုင်တွေကိုသတင်း ပေးတယ်ဆိုကာ သူမတို့ကိုသစ္စာဖောက် အဖြစ်သတ်ဖြတ်ဖို့ ဘင်္ဂါလီတွေက ကြံစည်ခဲ့တာ ဖြစ်တယ်လို့လည်း မဖြူက ပြောပါတယ်။

          ငယ်စဉ်ကနေ ဘင်္ဂါလီလူမျိုးတစ်ဦးလို ကြီးပြင်းပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်လာကာ အိမ်ထောင် ကျ၊ ကလေးမွေးပြီး နှစ်ပေါင်း ၄၀ ကျော်လောက် နေထိုင်လာခဲ့တဲ့ မဖြူကို ရခိုင်လူမျိုးတစ်ဦးလို့ မြင်လာတဲ့အ ချိန်မှာတော့ မဖြူရဲ့ဘဝဟာ သံသရာကို အပြစ်တင်ရမှာကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။

          မဖြူရဲ့ မိသားစုတွေ၊ မဖြူရွာက ထွက်သွားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မဖြူ အရင်နေထိုင်ခဲ့ တဲ့ ဆင်ကြီးပြင်(ဘင်္ဂါလီ)ရွာက ရာအိမ် မှူး မဲမောင်ကတော့ အခုလို ပြောပါ တယ်။

          “ မဖြူတို့က  ရွာမှာ နှစ်ပေါင်း (၄၀)လောက် နေထိုင်သွားခဲ့တယ်၊ သူ့သားတစ်ယောက်က မလေးရှား၊ နောက် သမီးကြီးတစ်ယောက်က အိမ်ထောင်ကျပြီး မင်းပြားမြို့နယ်၊ နဂရာ (ဘင်္ဂါ လီ) ကျေးရွာမှာနေတယ်၊ ဘာမှပြဿနာမရှိပါဘူး၊ သူ့သမီးတစ်ယောက်ကိစ္စကြောင့် ရွာကထွက်သွားတာပါ၊ အဲဒီအချိန်က ကျွန်တော်က ရွာလူကြီး မဟုတ်ပါဘူး၊ ဦးဘမောင် ရွာလူကြီးလုပ်တဲ့အချိန်ပါ ”

          မဖြူရဲ့ အသက်(၁၄)နှစ်အရွယ်သမီးကို ရည်ရွယ်ချက်ရှိရှိကြံစည်ကာ ပါးစပ်ကို အဝတ်စနဲ့ပိတ်ပြီး ဓား ထောက်ခေါ်ယူ မုဒိမ်းကျင့်ခဲ့တဲ့ ရွာသား(၅)ယောက်ကို တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေကိုတိုင်တော့ ငွေကျပ်နှစ်သိန်းနဲ့ ကျေအေးလိုက်ရတယ်လို့လည်း ဆိုပါတယ်။ အသက်မပြည့်တဲ့ ကလေးတစ်ယောက်ကို အုပ်စုဖွဲ့မုဒိန်းကျင့်ပြီး ငွေနှစ်သိန်းနဲ့ ကျေအေးလိုက်ရတယ်ဆိုတော့ ဒီကိစ္စကို ဆုံးဖြတ်ခဲ့ကြတဲ့သူတွေဟာ တာဝန်မဲ့လွန်းတဲ့ ဝန်ထမ်းတွေဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ အဲဒီလို မုဒိန်းပြုကျင့်တာကို သက်ဆိုင်ရာကို တိုင်လို့ဆိုပြီးတော့လည်း “ ရခိုင်သမ၊ သစ္စာဖောက်မ နင်တို့မိသားစုကို အသေသတ်ပစ်မယ် ” လို့ တစ်ရွာလုံးက ခြိမ်းခြောက်ခဲ့တယ်လို့ မဖြူက ပြောပါတယ်။

          “ လုံခြုံရေးကိုတိုင်တာမို့ ရခိုင်သမ သစ္စာဖောက်မ၊ နင်တို့မိသားစုကို အသေသတ်ပစ်မယ်ဆိုပြီး တစ်ရွာလုံး ကြုံးဝါးကြတယ်၊ ကျွန်မတို့လည်းကြောက်တာနဲ့ ရွာကထွက်လာပြီး ကျိန်းတောင်ခြေရင်းမှာရှိတဲ့ ကွမ်းခင်းတစ်ခုမှာ ရှောင်ပုန်းနေကြရတယ်၊ နောက်ပိုင်း ဆင်ကြီးပြင်ရခိုင်ရွာက လူကြီးတချို့ရဲ့ အကူအညီနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တာပါ။ ” ဟု ရခိုင်စကားကို ဘင်္ဂါလီ သံဝဲ၀ဲဖြင့် မဖြူက ပြောရှာတယ်။

အားလုံး၏ ပြစ်တင်ရှုတ်ချမှုကို ခံနေရသော ကမ်းမဲ့ဗေဒါ (သို့မဟုတ်) မဖြူ၏ ခက်ခက်ခဲခဲဖြင့် ရိုးရိုးသားသား ရုန်းကန်နေသည့် ဘဝကို တွေ့ရစဉ်။ ဓါတ်ပုံ - ပန်လှအောင် 

          မဖြူနေထိုင်ကြီးပြင်းခဲ့သော ဆင်ကြီးပြင် (ဘင်္ဂါလီ) ကျေးရွာဟာ  မင်းပြားမြို့နား ကျိန်းတောင်တန်းရဲ့ အနောက်ဖက်မှာတည်ရှိပြီး အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီနှစ်ထောင်ခန့်  နေထိုင်ကြကာ အနီးမှာတော့ ဆင်ကြီး ပြင် (ရခိုင်)ကျေးရွာ၊ ပန်းဇင်မော်ကျေးရွာနဲ့ တခြားရခိုင်ကျေးရွာတွေလည်း ရှိပါတယ်။

          မဖြူဟာ ရခိုင်တွေရဲ့ အကူအညီဖြင့် သူ့သမီးနှစ်ဦးနဲ့အတူ အစ္စလာမ် ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ပေမဲ့ ဒီဖက်ကို ရောက်ပြန်တော့လည်း ရခိုင်လူမျိုးတွေက မဖြူအပေါ် ရိုးသားစွာမမြင်ကြသလို တစ်ချို့ရခိုင်တွေကလည်း ကုလားမဆိုပြီး နိမ့်ချဆက်ဆံနေကြဆဲလည်း ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ သူ့သမီးကြီးရဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ တပ်မတော်သားတစ်ဦးလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

          “ မဖြူကို မင်းပြားမြို့ပေါ်က လူတွေဟာ ရခိုင်မှန်းမသိကြပါဘူး၊ ရွာအနီးအနားက လူတွေကတော့ သိကြတယ်၊ အရေးအခင်းတုန်း ကုလားတွေ အနှိမ်ခံရတာမို့ ရခိုင်ဖက်ကို ထွက်ပြေးလာတယ်၊ ဗုဒ္ဓဘာသာကို ကူးပြောင်းလိုက်ကြတယ်၊ ဒါပေမဲ့ ဒီဖက်ကိုရောက်လာတော့လည်း ရခိုင်တချို့ရဲ့ နှိမ်တာထပ်ခံရတယ်၊ ကုလားတွေဘက်မှာက ရခိုင်မဆိုပြီး အနှိမ်ခံရတယ်၊ ရခိုင်ဘက်ကို ရောက်တော့လည်း ကုလားမဆိုပြီး အနှိမ်ခံနေရတယ်၊ ဖြူဖြူဆိုလည်း ၃၇၉ စစ်တပ်ရင်းက တပ်မတော်သားတစ်ယောက်နဲ့ကြိုက်ပြီး ယူကြတော့မလို့ ဖြစ်ခဲ့ကြတယ်၊ ဒါပေမယ့် ကုလားမဆိုပြီး စွန့်ပစ်ထားခဲ့တယ်။ ” ဟု မင်းပြားမြို့မှာ အခြေစိုက် ထားတဲ့ ရက္ခအလင်းတန်းအဖွဲ့မှ ဒါရိုက်တာ မာမာကျော်ဇောက ပြောပါတယ်။

          ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်နေ့ အခမ်းအနားအဖြစ် ပွဲလမ်းသဘင်တွေ ကျင်းပရာ မင်းပြားမြို့မ ဘောလုံးကွင်းသို့ သွားရောက်ခဲ့တဲ့ မဖြူရဲ့သမီးဖြူဖြူကို ရခိုင်အမျိုးသား (၂)ဦး နဲ့အမျိုးသမီး (၃)ဦးတို့က ဘင်္ဂါလီအဖြစ် သတ်မှတ်ကာ နှင်ထုတ်ခဲ့ကြပြီး နောက်ဆုံ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါသေးတယ်။  ဖြူဖြူမှာ ဒဏ်ရာပြင်းထန်စွာရရှိကာ မင်းပြားပြည်သူ့ဆေးရုံနှင့် စစ်တွေဆေးရုံကြီးတို့မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။  လက်ရှိအချိန်အထိ အဆိုပါ အခင်းဖြစ်ပွားမှုကို မင်းပြားမြို့ နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

          မဖြူဟာ အစ္စလာမ်ဘာသာဝင်အဖြစ် ကျန်နေခဲတဲ့ သားနဲ့သမီးတို့ကို ဆက်သွယ်ချင်ပေမဲ့ ရခိုင်အသိုင်း အဝိုင်းရဲ့ ငြိုငြင်မှာကို ကြောက်နေပါ တယ်။ လက်ရှိမှာတော့ ငါးဖမ်းပိုက် ကွန်ရက်လုပ်ခြင်းနဲ့ ပြောင်းဖူး၊ ကန်စွန်းဥပြုတ်တို့ကို မင်းပြားမြို့အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုဝမ်းရေးကို ခက်ခက်ခဲခဲ ဖြေရှင်းနေရတဲ့ မဖြူဟာ မလေးရှားမှာရှိတဲ့ သားဆီက ငွေလွှဲဖို့ ပြောတာကိုတောင် ဘဝခြား သွားပြီဖြစ်တဲ့အတွက် လက်မခံဘူးလို့ ဆိုပါတယ်။

          “ မလေးရှားက သားက ပိုက် ဆံလွှဲပေးမယ်လို့ ပြောတယ်၊ ကျွန်မ လက်မခံခဲ့ဘူး၊ ကျွန်မတို့ဘ၀ ခြားသွားပါပြီ ” ဝေ့တက်လာတဲ့ မျက်ရည်တွေ ကို လက်ဖမိုးနဲ့သုပ်ရင်း မဖြူက ပြောတယ်။ 

          လက်ရှိဘဝမှာ မဖြူဟာ ဘာသာနှစ်ခုကြားက မြေစာပင်အဖြစ်နဲ့ ရှင်သန်နေပေမယ့် အမြင်ကျဉ်းတဲ့ အ သိုင်းအဝိုင်းတွေကြားမှာ မဖြူတို့သားအမိတွေကို ကိုယ်ချင်းစာမယ့်လူ မရှိ သလောက်ပါပဲ။ လူတွေ ဘေးဖယ်ထားတာကို ခံနေရပေမယ့်် စိတ်ဓာတ်မာကျောတဲ့ မဖြူဆိုတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဗေဒါပန်းကလေးလို ရေစုန်၊ ရေဆန်မျှောပြီးတော့  လောကဓံလှိုင်းရိုက်ခတ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို အံတုရင်း ဝမ်းရေးအတွက် ရရာအလုပ်ကို လုပ်ကိုင်ကာ လမ်းတကာကို ဆက်လျှောက်နေရဦးမှာပါ..... 

(၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၂) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)

 

ဗီဒီယိုများ