ကျပ်သန်းပေါင်း ၆၀၀၀ ကျော်ရဲ့နောက်ကွယ်က လွှတ်တော်စွပ်စွဲချက်မှားခဲ့သလား

 အကြောင်းပြချက်ကတော့ မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးသုံးစွဲမှု အများအပြာပြထားတာတွေ၊ တောင် ကုတ်၊ ရမ်းဗြဲ၊ ကျောက်တော်၊ စစ်တွေ၊ ဂွ စတဲ့မြို့တွေမှာတည်ဆောက်မဲ့ အဆင့်မြှင့်ဈေးတည်ဆောက်မှုနှင့် ဆောင်ရွက်ပြီး စီမံကိန်းတွေကို ထပ်မံထည့်သွင်းတောင်းခံထားတဲ့ ကိစ္စတွေကြောင့် လွှတ်တော်ကနေ ငွေကျပ်သန်းပေါင်း ၆၀၀၀ ကျော်ကိုဖြတ်ချခဲ့တာပါ။

By ဝင်းထိန် 27 Aug 2018

       

ဝင်းထိန် ရေးသားသည်။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခင်းအကျင်းကို ကြည့်မယ်ဆိုရင် ပြည်နယ်အတွက် အဓိကကျတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အမြီးအမောက်မတည့်တာကို တွေ့ရပါတယ်။ အထူးသဖြင့် အစိုးရနဲ့ လွှတ်တော်ကြားက ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ သဘောထားချင်းမတိုက်ကြသလို၊ စီမံကိန်း လုပ်ငန်းတွေ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွေကို ဆောင်ရွက်တဲ့အခါမှာ အစိုးရအဖွဲ့ဖက်က ပွင့်လင်းမြင် သာမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဘက်ပြောဆိုကြပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန်မှာတက်လာတဲ့ လက်ရှိ NLD ၊ ဦးညီပုဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ရခိုင်အမျိုးသားပါတီဖက်ကဦးဆောင်တဲ့ ပြည်နယ်လွှတ်တော်တို့ရဲ့ ဆက်ဆံရေးပိုင်းမှာ အမြီးအမောက် မတည့်တာတွေကိုလဲ ပြည်သူတွေကိုယ်တိုင်နားလည်သိရှိပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကြားက အသိသာဆုံးအမြင်သာဆုံး အကြောင်းအရာ ကတော့အရင် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ရာထူးကနေရပ်စဲနိုင်ရေးအတွက် လွှတ်တော်က စွပ်စွဲပြစ်တင်ပြီးတော့   နောက်ဆုံး ဦးမင်းအောင်ကို ရာထူးကနေဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါဟာလွှတ်တော်အပိုင်း က ကြည့်ရင်ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာမထမ်းဆောင်နိုင်တဲ့အတွက် ဖွံ့ဖြိုးရေးအပိုင်းမှာ ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်ပါပဲ။ ဦးမင်းအောင်ကိုရာထူးကနေရပ်စဲပြီး မကြာခင်မှာပဲ တောင် ကုတ်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်က ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်ကို စည်ပင်သာယာရေးဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

တစ်ခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတစ်ပါးဖြစ်တဲ့ ဘဏ္ဍာအခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်တာတွေလုပ်ပြီးတော့ ရာထူးကနေ ရပ်စဲနိုင်ဖို့ လွှတ်တော်ကိုယ်စား လှယ်တွေက စွပ်စွဲပြစ်တင်လုပ်ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဖက်က စွပ်စွဲပြစ်တင်တဲ့ အချက်တွေကို အကျဉ်းချုပ်ကြည့်ရမယ်ဆိုရင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ငွေလုံးငွေရင်း အသုံးစရိတ် အဆိုပြုချက်ပါ လွှတ်တော်မှ အကြံပြုဆွေးနွေးချက်များအပေါ် အလေးမထားဘဲ အကြံပြုချက်မှာ ပါဝင်တဲ့ လုပ်ငန်းတွေကို ပြန်လည်ထည့်သွင်းလာခြင်း။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိဒေသန္တရစီမံ ကိန်းဥပဒေကြမ်းပါ နောက်ဆက်တွဲလုပ်ငန်းများတွင် လုပ်ငန်းများထပ်နေခြင်း၊ အတည်မပြုရသေးတဲ့ လုပ်ငန်းသစ်များပါဝင်နေခြင်း။ မြောက်ဦးခရိုင် တင်ဒါလုပ်ငန်း လုပ်ဆောင်ရာမှာ အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ တင်ဒါရွေးချယ်ရေး စည်းကမ်းချက်အတိုင်း မဆောင်ရွက်ခြင်း။ ၂၀၁၇-၁၈ ခုနှစ် ၊ပိုလျှံငွေ များခွဲဝေရာ မြို့နယ်အလိုက် ခွဲဝေရရှိတဲ့ ငွေပမာဏထက်မြို့နယ်တစ်ချို့မှာ လျော့နည်းနေခြင်းအပါဝင် ကညင်ချောင်း စီးပွားရေးဇုန်ကိစ္စနှင့် ရခိုင်ပြည်နယ်အတွင်း မြို့ငါးမြို့မှာ ဆောက်လုပ်မဲ့ ဈေးငါးဈေးပါကိစ္စတွေ ပါဝင်နေပါတယ်။ ၂၀၁၇ ခုနှစ်ခုအတွင်းကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဆီက တင်ပြတောင်းခံငွေ ဘတ်ဂျတ်ငွေတွေထဲက ကျပ်ဘီလီယံ ၇ ဘီလီယံကျော်ကို ရခိုင်ပြည်နယ်လွှတ်တော်ကဖြတ်ချခဲ့ပါတယ်။

အကြောင်းပြချက်ကတော့ မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးသုံးစွဲမှု အများအပြာပြထားတာတွေ၊ တောင် ကုတ်၊ ရမ်းဗြဲ၊ ကျောက်တော်၊ စစ်တွေ၊ ဂွ စတဲ့မြို့တွေမှာတည်ဆောက်မဲ့ အဆင့်မြှင့်ဈေးတည်ဆောက်မှုနှင့် ဆောင်ရွက်ပြီး စီမံကိန်းတွေကို ထပ်မံထည့်သွင်းတောင်းခံထားတဲ့ ကိစ္စတွေကြောင့် လွှတ်တော်ကနေ ငွေကျပ်သန်းပေါင်း ၆၀၀၀ ကျော်ကိုဖြတ်ချခဲ့တာပါ။

ဒီလိုဖြတ်ချလိုက်တာဟာ ပြည်သူလူထုခံစားရမဲ့ အခွင့်အရေးတွေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖြတ်ချလိုက် သလို ဖြစ်နေပေမယ့်လည်း အစိုးရနဲ့ လွှတ်တော်ကြားက သဘောထားကွဲလွဲမှုတွေကို အတိအလင်းဖေါ်ပြ နေသလိုလည်းဖြစ်နေပါတယ်။ ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်က ဧပြီလ ၉  ရက်နေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး စစ်ဆေးခိုင်းခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ သံတွဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အပြီးသတ်အစီရင်ခံစာကိုတော့ မေလ ၃၀ ရက်နေ့မှာ လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ ဝန်ကြီးကိုရာထူးကနေ မဖြုတ်ချနိုင်ခဲ့ပါဘူး။ ဝန်ကြီးကို ရာထူးက နေမဖြုတ်ချနိုင်တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွပ်စွဲပြစ်တင်ချက်မှားယွင်းတယ်လို့ ထင်နိုင်ပေမယ့် ဒီစွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးချက်တွေအပေါ်မှာတော့ မှားခဲ့တာတွေမရှိကြောင်းကို ဦးနိုင်ကြွယ်အေးက မီဒီယာတွေကိုပြောဆိုထားပါတယ်။

ဘဏ္ဍာအခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို လွှတ်တော်ကနေစုံစမ်းစစ်ဆေးပြီး တွေ့ရှိခဲ့ တဲ့အချက်တွေဟာ (က)ကနေ (ဃ)အထိ အချက်(၄)ချက်ပါဝင်ပါတယ်။ တွေ့ရှိချက်တွေရဲ့ ပထမဆုံးအချက် ကတော့ လွှတ်တော်ကဖြတ်ချခဲ့တဲ့ ငွေကျပ် ၆ ဘီလီယံကိစ္စပါပဲ။ ၂၀၁၈ ခုကဧပြီလကနေ စက်တင်ဘာလအထိ လုပ်ငန်းစီမံကိန်း ဆောင်ရွက်ရန် ငွေလုံးငွေရင်းအသုံးစရိတ်ခေါင်းစဉ်အောက်က ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်း များကို ထပ်မံတင်ပြလာတာတွေ၊ ယခင်အဆိုပြုရာမှာမပါခဲ့တဲ့ လုပ်ငန်းတွေအသစ်ပါလာတာတွေ။ ကုန်ကျမယ့် ငွေပမာဏထက်ပိုလျံစွာတောင်းခံတာတွေဟာ ဝန်ကြီးမှာတာဝန်ရှိပြီး ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာမထမ်းဆောင်နိုင်ခြင်းကိုတွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

တစ်ခါ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း တင်ဒါဖွင့်ဖောက်ရာမှာ ၎င်းကိုယ်တိုင်ပါဝင်ပါလျှက် တင်ဒါစည်းကမ်းတွေနဲ့မညီပဲ တင်ဒါရရှိတဲ့ကုမ္မဏီက တင်ဒါလျှောက်ရာမှာ မပါဝင်ခြင်း၊ ဝန်ကြီးရဲ့ တရားဝင် ဇနီးမဖြစ်သေးသူရဲ့ ကုမ္မဏီဖြစ်နေခြင်းနှင့် နောက်တစ်ချက်ကတော့ ၂၀၁၇-၁၈ ခုနှစ် ပြည်နယ်အစိုးရရဲ့ တင်ဒါ ပိုလျံငွေတွေကို ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်လုံးကိုခွဲဝေပေးရာမှာ အတည်ပြုခဲ့တဲ့ ငွေပမာဏဟာ ၅၈၄၉ .၀၂၈ ဖြစ်ပြီး အကောင်အထည်ဖေါ်တဲ့ငွေပမာဏမှာ ၄၂၅၉ .၇၄၇ ဖြစ်နေပြီး ကျပ်သန်းပေါင်း ၅၉၀.၁၉ ၁ သန်းလျော့နည်းနေမှု ဒေသဖွံ့ဖြိုးရေးမှာဆုံးရှုံးခြင်းဟာ ဝန်ကြီးအနေနဲ့သေချာစွာ စီစစ်ဆောင်ရွက် မှုမရှိခဲ့ကြောင်း။ အဲဒီငွေတွေဟာ ကျောက်တော်၊မင်းပြား၊မြေပုံ၊တောင်ကုတ် စတဲ့မြို့နယ်တွေရဲက ဒေသဖွံ့ဖြိုး ရေးအတွက် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးဦးကျော်အေးသိန်း ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်ဟာလည်း အစိုးရရဲ့တောင်းခံမှုအရ ကျပ်ဘီလီယံ (၁.၅) ဘီလီယံကျော်ကို လွှတ်တော်ကခွင့်ပြုခဲ့ပေမယ့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်အောင် မဆောင် ရွက်နိုင်တာတွေ၊ လုပ်ငန်းဆောင်ရွက်မှုအတွင်း ပွင့်လင့်မြင်သာမှုမရှိတာတွေကို တွေ့ရှိခဲ့တာကြောင့် တာဝန်တွေကျေပွန်စွာ မထမ်းဆောင်နိုင်ဘူးစတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့ကြတယ်လို့ လည်းသိရပါတယ်။

တစ်လတာ စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာအပြီးသတ်ကို ပြည်နယ်လွှတ်တော်ကို တင်ပြပြီးတော့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးကနေ ရပ်စဲရေး၊ မစဲရေးနဲ့ ဆိုင်တဲ့ မဲခွဲဆုံးဖြတ် ကြမယ့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ပြည်နယ်လွှတ်တော်က ဇွန်လ ၂၉  ရက်နေ့က ခေါ်ဆိုပြီး  လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၄ ဦးရှိတဲ့အနက် ၄၄ ဦးစလုံး မဲပေးခဲ့ကြပေမယ့် ဝန်ကြီးကိုတာဝန်ကနေ ရပ်စဲဖို့ထောက်ခံတဲ့မဲက ၂၅ မဲ၊ ကန့်ကွက်တဲ့မဲက ၉  မဲနှင့် ပယ်မဲ ၁၀ မဲအထိရှိခဲ့ ပါတယ်။  ထောက်ခံမဲအရေအတွက် သုံးပုံနှစ်ပုံ ၊ ၃၃ မဲမပြည့်တဲ့အတွက် ဝန်ကြီးကို စွပ်စွဲပြစ်တင်ချက်တွေကို ဟာမအောင်မြင်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ လွှတ်တော်ကလည်း ဝန်ကြီးကို စွပ်စွဲပြစ်တင်တာတွေဟာ မမှန်ကန်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပယ်မဲ ၁၀ ပါဝင်ခဲ့တဲ့အပေါ်မှာတော့ သံသယဖြစ်စရာအကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော် သားကိုယ်စားလှယ်တွေရဲ့ မဲအများစုဟာ ပယ်မဲဖြစ်ခဲ့တယ်ဆိုတာပေါ်လွင်ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့လွှတ်တော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်တဲ့အစိုးရကြားမှာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ဟာလည်း တော်တော်အရေးကြီးတယ်ဆိုတာကို ဖေါ်ပြလိုက်တာလည်းဖြစ်ပါတယ်။

အစိုးရနဲ့ လွှတ်တော်ကြားက ပွတ်တိုက်မှုတွေ၊ အားပြိုင်မှုတွေဟာ လက်ရှိ ဦးညီပုအစိုးရတက်ကတည်း ဖြစ်ပေါ်နေတာဟာ ကြားထဲကရခိုင်ပြည်သူတွေကို တိုက်ရိုက်အကျိုးပေးနေပါတယ်။ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေးပိုင်းတွေ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊လူမှုရေးစတဲ့အပိုင်းတွေမှာ ပြည်သူတွေများစွာ နစ်နာနေကြရတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ ၆ ဘီလီယံကျော်ကို လွှတ်တော်က ဖြတ်ချလိုက်တဲ့ အတွက် ဒေသဖွံ့ဖြိုးရေး ကိစ္စတွေများစွာနစ်နာခဲ့တယ်ဆိုတာကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဝန်ခံရမှာလည်း ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့  အတွင်းသဏ္ဍန်ထဲမှာ ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့်ပဲ၊ ပါတီစွဲတွေကြီးစိုးနေတယ်ဆိုတာလည်း အထင်အရှားပေါ်လွင် နေပါတယ်။ ငါ့ အစိုးရ၊ ငါ့လွှတ်တော် ဆိုတဲ့သဘောထားအောက်မှာ သွားနေကြတာဟာဆိုရင်လည်း ၂၀၁၅ ခုနှစ်ကနေ ရေတွက်ရင် ၄ နှစ်သက်တမ်းထဲကို ဝင်လာပြီဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေအတွက် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ပြီးပြီလဲ၊ လွှတ်တော်အနေရော ဘယ်လိုမျိုးဥပဒေပြုရေးတွေကို ဆောင် ရွက်ခဲ့ပြီးပြီလဲ ဆိုတာတွေကိုလည်း ပြန်လည်သုံးသပ်ရမဲ့အချိန်တန်ပြီဖြစ်ပါတယ်။ တကယ်လို့ ၂၀၁၅ ကနေ အနောက်ကိုပြန်ကြည့်မယ်ဆိုရင် မိမိတို့ရဲ့ ခြေရာတွေကို ပြန်လည်ခြေရာခံကြည့်နိုင်သေးတဲ့ အခြေအနေ မျိုးမှာလဲရှိနေပါသေးတယ်။

ဆိုတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေဟာလည်း ဘင်္ဂါလီပြကိစ္စတွေ၊ စိတ်ကြွမူးယစ်ဆေးဝါးတွေပြဿ နာတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ဒါတွေကိုအားလုံးကို ထိရောက်ဟန့်တားနိုင်ဖို့အတွက်ဆိုရင် လွှတ်တော်နဲ့ အစိုးရ ဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်နေရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ “ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက် ရောက်”ဆို တဲ့ စိတ်မျိုးနဲ့သာ မောင်းနေကြမယ်ဆိုရင် ကိုယ်စီးခဲ့တဲ့ မြင်းဟာ အထီးမှန်း၊အမမှန်း တောင်သိခဲ့မှာ မဟုတ်ပါဘူး။

ခြုံငုံပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ စွပ်စွဲချက်တွေဟာအမှားမဟုတ်ခဲ့ပါဘူးဆိုတာကို လက်ခံ ရမှာပါ။ စောစောကတင်ပြခဲ့သလို အချင်းချင်းကြားမှာ ညှိ့နှိုင်းပေါင်းစပ်မှုမျိုး မလုပ်ပဲ မိမိတို့ရဲ့ ပါတီမူဝါဒအတိုင်း လက်ကိုင်ထားပြီး ရခိုင်ပြည်နယ်အတွက် မောင်းနင်းနေကြမယ်ဆိုရင် အခုလိုမျိုး စွပ်စွဲပြစ်တင်ချက်တွေဟာ နောက်နောင်လဲပေါ်ပေါက်လာဦးမှာပါ။ ဒါကြောင့် ဘယ်ပါတီ၊ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ရခိုင်ပြည်သူတွေရဲ့ အကျိုးကျေးဇူးကိုနားလည်ပြီး မိမိတို့ရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေက ရုန်းထွက်ဖို့အရေးဟာ အင်မတန်အရေးကြီးပါတယ်။

 

 

ဗီဒီယိုများ