ဆတ်ရိုးကျ မြို့သစ်

“ဆတ်ရိုးကျမြို့သစ်”ကို အများခေါ်ဝေါ်နေကြသည်မှာ ကယ်ဆယ်ရေးရပ်ကွက်ဟူ၍ ဖြစ်၏။ ၂၀၁၂ ခုနှစ်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း နာဇီရွာ၊ ကသဲရွာ၊ ကုန်တန်းရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက် စသည့်ရပ်ကွက်များက ရခိုင်အိမ်များသည် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ယင်းရပ်ကွက်များတွင် ရခိုင်ဒုက္ခသည်များကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဒုက္ခသည်များအား ဆတ်ရိုးကျမြို့သစ်တွင် နေရာချထားခဲ့သဖြင့် ကယ်ဆယ်ရေးရပ်ကွက်ဟု အမည်တွင်ခဲ့သည်။

By ဓညအောင် 22 Jan 2019

Written by ဓညအောင် | DMG

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့ကို တိုးချဲ့တည်ဆောက်လျက်ရှိရာ မြို့သစ်ရပ်ကွက်တစ်ခုဖြစ်သော ဆတ်ရိုးကျမြို့သစ်သည် စစ်တွေမြို့အနီးရှိ ဆတ်ရိုးကျချောင်းတဖက်ကမ်းတွင် တည်ရှိ၏။ စစ်တွေမြို့၏ ဝင်္ကဘာကွင်းနှင့် ပြည်လုံးချမ်းသာဘုရားကြီးအနီးရှိ ရွာကြီးတောင်ရပ်ကွက်မှ ဆတ်ရိုးကျချောင်းကို ဖြတ်ပြီးထိုးထားသော ကားများသွားလာနိုင်သည့် ချောင်းကူးတံတားမှ ကျော်သွားလျှင် ဆတ်ရိုးကျမြို့သစ်ကို ရောက်ရှိ၏။ စစ်တွေမြို့ဖွံ့ဖြိုး တိုးတက်ရေး၏ တစ်စိတ်တပိုင်းဖြစ်သော ဆတ်ရိုးကျမြို့သစ်နှင့် ပတ်သက်ပြီး အနည်းငယ်သုံးသပ်တင်ပြလိုသည်။

“ဆတ်ရိုးကျမြို့သစ်”ဟု ဆိုင်းဘုတ်ထောင်ထားသော်လည်း မြို့အင်္ဂါရပ်များနှင့် ကိုက်ညီခြင်း မရှိသေးပေ။

“ဆတ်ရိုးကျမြို့သစ်”ကို အများခေါ်ဝေါ်နေကြသည်မှာ ကယ်ဆယ်ရေးရပ်ကွက်ဟူ၍ ဖြစ်၏။ ၂၀၁၂ ခုနှစ်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း နာဇီရွာ၊ ကသဲရွာ၊ ကုန်တန်းရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက် စသည့်ရပ်ကွက်များက ရခိုင်အိမ်များသည် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ယင်းရပ်ကွက်များတွင် ရခိုင်ဒုက္ခသည်များကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဒုက္ခသည်များအား ဆတ်ရိုးကျမြို့သစ်တွင် နေရာချထားခဲ့သဖြင့် ကယ်ဆယ်ရေးရပ်ကွက်ဟု အမည်တွင်ခဲ့သည်။

စစ်တွေမြို့ မြို့မဈေးကြီး၊ ကမ်းနားလမ်း မိုးမခရွှေဆိုင်အနီး ကားဂိတ်တွင် “ဗျိုင်းဖြူရွာနဲ့ ကယ်ဆယ်ရေးသို့ လိုက်ကြမလား” ဟု ကားသမားများ၏ ခေါ်ယူနေကြသံများကို ကြားရတတ်၏။ ထိုကားဂိတ်မှ လိုင်းကားများသည် ဈေးပိတ်ရက်မှအပ အခြားရက်များမှာ မှန်မှန် ထွက်ခွာလေ့ရှိ၏။ ဗျိုင်းဖြူရွာမှ မြို့မဈေး၊ မြို့မဈေးမှ ဗျိုင်းဖြူရွာ ကြားတွင် ကယ်ဆယ်ရေးရပ်ကွက်သို့ ဆွဲကြသည့် လိုင်းကားများဖြစ်၏။ ကယ်ဆယ်ရေးသို့ ကားခ ၃၀၀ ကျော်နှင့် ဗျိုင်းဖြူရွာသို့ ကားခ ၅၀၀ ကျပ်ကျ၏။

ထိုကယ်ဆယ်ရေးရပ်ကွက်(ခေါ်) ဆတ်ရိုးကျမြို့သစ်တွင် ကယ်ဆယ်ခံ ဒုက္ခသည်များသာမက အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့နေထိုင်လာ ကြသူများလည်း ရှိ၏။ စစ်တွေမြို့အတွင်းပိုင်း ရပ်ကွက်များတွင် မြေဈေး၊ အိမ်ဈေးများ အဆများစွာ ဈေးကြီးလာ၍ ဤမြို့သစ်ရပ်ကွက်၌ လာရောက်ဝယ်ယူ နေထိုင်ကြခြင်းဖြစ်၏။ စစ်တွေမြို့ အတွင်းပိုင်းရပ်ကွက်များတွင် ယခင်သိန်း (၅၀) ဈေးရှိသော အိမ်၊ မြေကွက်များသည် ယခုသိန်း(၅၀၀) အနည်းဆုံးရှိ၏။ ဆယ်ဆနှင့် ဆယ်ဆမက ဈေးတက်သွား၏။ ဆတ်ရိုးကျမြို့သစ်(ကယ်ဆယ်ရေးရပ်ကွက်)၌ပင် မြေဈေး၊အိမ်ဈေးများ သိန်းရာချီဖြစ်နေပြီ။ 

ဆတ်ရိုးကျမြို့သစ်တွင် အကွက်(၁)နှင့် အကွက်(၂) ဟူ၍ အကွက်နှစ်ကွက်ရှိ၏။ အကွက်(၁) တွင် ဓမ္မာရုံး၊ ဝေဠုဝန်ဘုန်းတော်ကြီးနှင့် အစိုးရမူလတန်းကျောင်း၊ ဦးလှမြင့်စက်ပစ္စည်း အရောင်းစခန်းတို့ရှိ၏။ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတွင်  ၉/၁၀ တန်းထိ သင်ကြားပေးသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘက)လည်း ရှိ၏။ အကွက်(၂) တွင် ငါးဈေး၊ ဟင်းဈေးနှင့် ကုန်လှောင်ရုံများ ရှိ၏။

စစ်တွေမြို့တွင် လူဦးရေ များပြားလာ၍လည်းကောင်း၊ အခြားမြို့နယ်များမှ ပြောင်းရွှေ့နေထိုင်သူ များလာ၍လည်းကောင်း စစ်တွေမြို့သည် ယခင်ဧရိယာနှင့် မလုံလောက်တော့ပေ။ ယင်းကြောင့်  သက်ဆိုင်ရာမှ စစ်တွေမြို့ကို တိုးချဲ့တည်ဆောက်လာခြင်းဖြစ်၏။ ကျွနု်ပ်မှတ်မိသလောက် စစ်တွေမြို့၏ ပထမဆုံး တိုးချဲ့ရပ်ကွက်မှာ ယခုဓညဝတီ (က)ရပ်ကွက်နှင့် ဓညဝတီ(ခ) ရပ်ကွက်တို့ဖြစ်၏။

ယင်းတို့ကို ထိုစဉ်က တိုးချဲ့ရပ်ကွက်ဟုလည်း ခေါ်ခဲ့ကြ၏။ ဒုတိယ တိုးချဲ့ရပ်ကွက်မှာ ကန်တော်ကြီးရပ်ကွက် တစ်ဖက်ရှိ မင်းဂံရပ်ကွက်ဖြစ်၏။ မင်းဂံရပ်ကွက်လည်း အကွက်တစ်ဆယ်ကျော်ထိရှိသော ရပ်ကွက်ကြီးဖြစ်၏။ မြို့နယ်ခွဲတခုမျှပင် ဖြစ်၏။ ဈေး၊ အထက်တန်းကျောင်းနှင့် ရဲကင်းတို့ရှိ၏။ တတိယတိုး ချဲ့ရပ်ကွက်ကား ဆတ်ရိုးကျမြို့သစ်ဖြစ်သည်။

မင်းဂံရပ်ကွက်မှာ နှစ်ပေါင်းတစ်ဆယ်ကျော်ကြာမှ မြို့နှင့် အနည်းငယ်တူလာ၏။ ဆတ်ရိုးကျမြို့သစ် (ကယ်ဆယ်ရေးရပ်ကွက်)ကတော့ ယခု (၆) နှစ်ခန့်သာ ကြာမြင့်သေးရာ မြို့နှင့်တူရန် နောက်(၅)နှစ်ခန့် ကြာဦးမည်လော မပြောတတ်ပေ။

မြို့နှင့်တူရန် အောက်ပါအချက်များ လိုအပ်၏။

၁။ လမ်းကောင်းရမည်။

ဤကယ်ဆယ်ရေးရပ်ကွက်တွင် လမ်းအကောင်းမရှိသေး။ ယခုဈေးရှိသည့်လမ်းကို ကွန်ကရစ်လမ်းပြုလုပ်ရန် အကြိမ်ကြိမ် လာရောက်တိုင်းတာခဲ့ကြသော်လည်း ကွန်ကရစ်လမ်းမဖြစ် သေးဘဲကြမ်းတမ်းသော ကျောက်ခင်းလမ်းသာ ဖြစ်နေသေး၏။ ရွာထဲလမ်းများလည်း ကွန်ကရစ်လမ်းမဖြစ်သေး။ ဗျိုင်းဖြူရွာသို့သွားသည့် ကွန်ကရစ်လမ်းပင် ပျက်စီးနေ၏။

၂။လျှပ်စစ်မီးရှိရမည်။

ဤကယ်ဆယ်ရေးရပ်ကွက်တွင် လျှပ်စစ်မီးတော့ရှိ၏။ သို့သော် လမ်းမီးပင် မရှိသေးသောနေရာများရှိ၏။  လျှပ်စစ်မီတာမရှိ၍ ဆိုလာမီးထွန်းနေရသော အိမ်များလည်းရှိ၏။

၃။ ရေရရှိရမည်။

ကန်တော်ကြီးရေ မပေးနိုင်၍ ဗျိုင်းဖြူရွာကန်မှ ဖြန့်ဝေပေး၍ သင့်တော်ရုံအဆင်ပြေ၏။ နွေရာသီတွင်  အနည်းငယ် အခက်ခဲရှိသည်။

၄။ အထက်တန်းကျောင်းရှိရမည်။

ဤရပ်ကွက်တွင် မူလွန်ကျောင်းသာရှိ၏။ ဆယ်တန်းသင်ရန် ဆတ်ရိုးကျချောင်းကို ကျော်၍ ကျောင်းတက်နေရ၏။ မြို့နှင့်တူရန် အနည်းဆုံး အထက်တန်းကျောင်း(ခွဲ) တော့ရှိသင့်၏။

၅။ တိုက်နယ်ဆေးရုံး (သို့မဟုတ်) အစိုးရ ဒေသန္တရဆေးခန်းရှိရမည်။

ဤကယ်ဆယ်ရေးရပ်ကွက်တွင် ကောင်းမွန်သော ပုဂ္ဂလိကဆေးခန်းပင် မရှိသေး။ ကောင်းမွန်သောကုသမှုနှင့် ဆက်ဆံရေးရှိသည့် အစိုးရ ဒေသန္တရဆေးခန်းတော့ အနည်းဆုံးရှိသင့်၏။ ယခုနာမကျန်းသော ရပ်ကွက်သူ ရပ်ကွက်သားများသည် လမ်းကြမ်းများကြားမှ မြို့ထဲဆေးခန်းများသို့ သွားနေကြရသည်။  ဆေးကုသစရိတ် ပိုကုန်နေကြရ၏။ ဆေးကုစရိတ်မတတ်နိုင်၍ ဖြစ်စေ၊ ခေတ်မှီသော အတွေးအခေါ်မရှိ၍ဖြစ်စေ နတ်ကြည့် ဆေးကုသနေသူများပင် ရှိ၏။

၆။ ရဲစခန်း(သို့မဟုတ်) ရဲကင်းရှိရမည်။

ရပ်ကွက်အတွင်းနှင့် ရပ်ကွက်ပတ်ဝန်းကျင် လုံခြုံရေးအတွက် အနည်းဆုံး ရဲကင်းတော့ရှိရမည်။ လုံခြုံရေးသာက တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် မူးယစ်ဆေးဝါးများ နှိမ်နှင်းရေး၊ လောင်းကစားတိုက်ဖျက်ရေး စသည့် ရပ်ရွာမြို့ပြ သာယာရေးအတွက်လည်း ရဲကင်းရှိလျှင် တာဝန်ယူဆောင်ရွက်နိုင်၏။ ဆတ်ရိုးကျ မြို့သစ်တွင်လည်း အခြားနေရာ ဒေသများကဲ့သို့ မူးယစ်ဆေးဝါးနှင့် လောင်းကစားများကို နှိမ်နှင်းတိုက်ဖျက်ပေးရန် လိုအပ်နေ၏။

၇။ စာကြည့်တိုက်ရှိရမည်။

ယခု ဖုန်းခေတ်ဖြစ်၍ စာကြည့်တိုက်ထားရန် အရေးမကြီး၊ မလိုအပ်ဟု ယူဆပြီး စာကြည့်တိုက် မထားရှိသော်လည်း လူငယ်များအတွက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖဲနှင့်ချဲအပါအဝင် လောင်းကစားမှုများ လျော့နည်းလာပြီး စာရိတ္တကောင်းမွန်သော လူငယ်များနှင့် အနာဂတ် တည်ဆောက်နိုင်ရန်အတွက် ဤရပ်ကွက်တွင် စာကြည့်တိုက်တစ်ခု တော့ရှိသင့်သည်။

၈။ လိုင်းကားရှိရမည်။

ဗျိုင်းဖြူရွာ၊ ကယ်ဆယ်ရေးရပ်ကွက်နှင့် စစ်တွေမြို့မဈေးကြီးသို့ လိုင်းကား(သုံးဘီး) မှန်မှန်ပြေးဆွဲလျက်ရှိ၏။ သို့သော် ကားလမ်းမှာ လမ်းကျဉ်းခြင်း ကွန်ကရစ်လမ်း ပျက်နေခြင်းတို့ရှိ၏။ ထိုလမ်းမှ ကယ်ဆယ်ရေးရပ်ကွက်နှင့် ဗျိုင်းဖြူရွာသားများ လမ်းပေါ်တည်ရှိသည့် ဝန်းထမ်းစုပေါင်းရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးရုံး စသည့် ရုံးများသို့ ရုံးတက်ရုံးဆင်း သွားလာကြရသည်။ ဓာတ်လယ်ကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်းများသို့ နာဇီရွာလမ်းမှ မသွားဘဲ ဆတ်ရိုးကျ ချောင်းကူးတံတားကို ဖြတ်ကျော်သွားလာ နေကြသော လမ်းဖြစ်ရာ အသွားအလာများသည့် လမ်းဖြစ်သဖြင့် ထိုကွန်ကရစ်လမ်း(သို့မဟုတ်) ကတ္တရာလမ်းကို တာရှည်ခံ ကောင်းမွန်အောင် ပြုပြင်ထားသင့်ပေသည်။

၉။ မီးသတ်ဌာနခွဲ ရှိသင့်၏။

နယ်မြို့နယ်တခုမျှ လူနေအိမ်ခြေများပြားပြီး၊ မြို့တွင်းမီးသတ်စခန်းနှင့် အလှမ်းဝေးသည့် ရပ်ကွက်များဖြစ်သော ဆတ်ရိုးကျမြို့သစ်(ကယ်ဆယ်ရေးရပ်ကွက်)တွင် အစိုးရမီးသတ်ဌာခွဲ ထားရှိသင့်၏။

၁၀။ အမှိုက်သန့်ရှင်းရမည်။

ကယ်ဆယ်ရေးရပ်ကွက်၊ ယခု ဈေးလမ်း (ကျောက်တက်လမ်း) ပေါ်ရှိ အမိူက်ပုံကြီးမှာ လမ်းကိုပိတ်ဆို့နေပြီး စစ်တွေမြို့တွင် အကြီးဆုံး အမှိုက်ပုံဖြစ်မည်ဟု ယူဆရ၏။ ရပ်ကွက်မြို့ပြ သာယာလှပရန် အမှိုက်သန့်ရှင်းရေးသည် အမှန်လိုအပ်သော အကြောင်းပြချက်ဖြစ်သည်။

၁၁။ ပန်းခြံကလေးကစားကွင်း ဘောလုံးကွင်း တည်ရှိရမည်။

၁၂။ ရပ်ကွက်အစွန်ပိုင်းများ၌ စက်ရုံ၊ အလုပ်ရုံများ ရှိရမည်။

စစ်တွေမြို့ တိုးချဲ့တည်ဆောက်နေသော ဆတ်ရိုးကျချောင်း တဖက်ကမ်းရှိ ရပ်ကွက်များသည် နောင်တွင်စည်ပင်လာမည်ဟု လူအများခန့်မှန်းပြော ဆိုနေကြခြင်းမှာ ဆတ်ရိုးကျချောင်းဝ၌ တံတားကြီးအသစ် တည်ဆောက်ပြီးစီးနေခြင်း၊ ဆတ်ရိုးကျ ချောင်းတံတား(ကယ်ဆယ်ရေးတံတား)နှင့် ဓါတ်လယ်ကျောင်းသွားရာ၌ တံတားတို့ရှိပြီဖြစ်သောကြောင့်၊ ယခု နာဇီကူးတို့နေရာအနီး၌ လမ်းတံတားငယ်တစ်ခု တည်ဆောက်လာနိုင်ခြင်းတို့ကြောင့် ဖြစ်၏။

ဆတ်ရိုးကျမြို့သစ်(ကယ်ဆယ်ရေးရပ်ကွက်) နှင့်ပတ်သက်ပြီး အထက်မှာတင်ပြခဲ့သည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်သော မြို့သစ်တစ်ခုဖြစ်လာလိမ့်မည်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၁) တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ