ပွဲလန့်တုန်း ဖျာခင်းထိုင်ဖို့ ကြိုးစားလာသည့် ARSA

လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်တဲ့ ဗီဒီယိုဖိုင်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အာဆာအဖွဲ့ (ARSA) ဟာ အီကွန်မန့်အစုံအလင်အပြင် လက်အိတ်တွေပါ ဝတ်ဆင်ထားပြီးတော့ ခေတ်မီလက်နက်ငယ်တွေ ကိုင်ထားတာ တွေ့လိုက်ရသလို  အာဆာ (ARSA)  အဖွဲ့ဝင်တွေရဲ့ခါးမှာ စကားပြောစက် တွေ့လိုက်ရပါတယ်။  ပါးစပ်ကလည်း အလ္လာ ဆိုတဲ့ စကားလုံးကို အော်ပြောနေကြတာ ကြားလိုက်ရပါသေးတယ်။

By အောင်ကြည်မိုး (သင်းပုန်းတန်း) 18 Feb 2019

(နယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်းအး အာဆာအဖွဲ့က တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းမှ မြင်ကွင်းတချို့)

အောင်ကြည်မိုး (သင်းပုန်းတန်း) / DMG

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၂)  နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်က ရဲ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာဟာ အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း မှတ်တမ်းဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့ပြီးတော့  အဲဒီဗီဒီယိုဖိုင်ထဲမှာ အာဆာ (ARSA) အဖွဲ့ရဲ့ လိုဂို(Logo) တံဆိပ် တပ်ထားပါတယ်။ တိုက်ခိုက်ခဲ့သူတွေဟာ မျက်နှာဖုံးစွပ်ထားပြီး သူတို့ထဲက တစ်ယောက်က သူတို့ဟာ အာဆာ (ARSA) အဖွဲ့က ဖြစ်ပြီး ဒီနေ့ဟာ ၂၀၁၉ ခုနှစ် ဇွန်နဝါရီလ (၁၆) ရက် နေ့ဖြစ်တယ် ဆိုပြီး ဘင်္ဂါလီစကားနဲ့ ပြောသွားခဲ့ပါတယ်။

ရဲမှူးကြီးတင့်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ နယ်မြေရဲကင်း စခန်းတွေကို စစ်ဆေးပြီး ပြန်လာကြတဲ့အချိန် မျက်နှာဖုံးစွပ်ထားတဲ့ အာဆာ (ARSA) အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ မော်တော်ယာဉ်ကို  မောင်တောမြောက်ပိုင်း ဝက်ကျိန်ကျေးရွာ တံတားအနီး တောစပ်ကအဖြတ်မှာ  လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းတိုက်ခိုက်ကြတာကို ဗီဒီယိုဖိုင်မှာ မြင်တွေ့လိုက်ရပါတယ်။ မျက်နှာဖုံးစွပ်ထားသူ တစ်ယောက်ဆိုရင် နယ်ခြားစောင့်ရဲ မော်တော်ယာဉ် ဖြတ်မောင်းသွားတဲ့အချိန် နောက်ကနေလက်ပစ်ဗုံးနဲ့ ထပ်ပစ်ပါသေးတယ်။ လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်တဲ့ ဗီဒီယိုဖိုင်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အာဆာအဖွဲ့ (ARSA) ဟာ အီကွန်မန့်အစုံအလင်အပြင် လက်အိတ်တွေပါ ဝတ်ဆင်ထားပြီးတော့ ခေတ်မီလက်နက်ငယ်တွေ ကိုင်ထားတာ တွေ့လိုက်ရသလို  အာဆာ (ARSA)  အဖွဲ့ဝင်တွေရဲ့ခါးမှာ စကားပြောစက် တွေ့လိုက်ရပါတယ်။  ပါးစပ်ကလည်း အလ္လာ ဆိုတဲ့ စကားလုံးကို အော်ပြောနေကြတာ ကြားလိုက်ရပါသေးတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့်  ရဲမှူးကြီးတင့်လွင်အပါအဝင် ရဲမှူးသက်ခိုင်၊ ရဲတပ်ကြပ်သိန်းဦး၊ ရဲတပ်ကြပ် မင်းအောင်ထိုက်၊ ရဲတပ်သားမျိုးကျော်လွင် အစရှိတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၆) ဦး ဒဏ်ရာရရှိခဲ့တယ်။  ယာဉ်မောင်းဖြစ်တဲ့ ရဲတပ်သားမျိုးကျော်လွင် ဆိုရင် လက်နက်ငယ်ကျည်ထိမှန်ပြီး မေးရိုးပါးစောင်ထဲ ထွင်းဖောက်တဲ့ ဒဏ်ရာနဲ့ မိနစ်(၂၀)ကြာ ကြိမ်ချောင်း နယ်မြေရဲကင်းစခန်းအထိ ကားပေါ်မှာပါလာတဲ့ တပ်ဖွဲ့ဝင်တွေကို အန္တရာယ်ကင်းအောင် ကားမောင်းလာနိုင်တာကိုတော့ တော်တော့်ကို ချီးကျူးရမှာ ဖြစ်တယ်။ ဒဏ်ရာရသွားတဲ့ ယာဉ်မောင်း မျိုးကျော်လွင်ကို  ဇွန်နဝါရီလ (၁၇)ရက်က စစ်တွေပြည်သူ့ဆေးရုံ ကြီးကနေ ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ယူဆောင်သွားပြီး ဆေး ကုသမှု ခံယူနေရပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ကလည်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေးဆောင်ရွက်နေကြတဲ့ နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား နံနက် ၇ နာရီ ၄၄ မိနစ်ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နယ်စပ်ခြံစည်းရိုး မီတာ (၂၀၀) အကွာခန့်ကနေ ဗုံးပစ်လောင်ချာ ဗုံးသီး (၄) လုံး၊ လက်နက်ငယ်အချက် (၂၀၀) ခန့် ပစ်ခတ်တိုက်ခိုက်မှု  ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်  သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီးတော့ သံတမန်စာ ပေးအပ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတယ်။  ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရှေ့တန်းအမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ရဲတပ်သား သန်းမြင့်မှာ လက်နက်ငယ် ရှပ်မှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတပ်သား စိုးသန်းမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)နဲ့ နယ်ခြားစောင့်ခြံစည်းရိုးပြင် အလုပ်သမား ကျော်မျိုးလွင်မှာ လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အခုလိုပစ်ခတ်တဲ့အဖွဲ့ဟာ ARSA အကြမ်းဖက်အဖွဲ့ ဖြစ်နိုင်တယ်လို့ တပ်မတော်က  သုံးသပ်ထားသလို လက်ရှိမှာ ARSA အကြမ်းဖက်အဖွဲ့ လုပ်ရှားတဲ့ နယ်မြေဖြစ်လို့ ARSA အဖွဲ့ပဲ ဖြစ်နေမှာကတော့ မြေကြီးလက်ခတ် မလွဲနိုင်ပါ။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သောဆက်ဆံရေး ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးပြုပြီး မြန်မာနိုင်ငံကို ထိပါးနှောင့်ယှက် ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ သံတမန်စာ ပေးအပ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတယ်။ ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် မြန်မာဘက်ခြမ်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းတွေကို  ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အခုလိုပစ်ခတ်နိုင်ခြင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက  ရှိတ်ဟာစီနာ ခေါင်းဆောင်တဲ့ အစိုးရသစ်အနေနဲ့ နောက်ကနေ ထောက်ခံ အားပေးထားတာဖြစ်လို့ အခုလို ပစ်ခတ်မှုပြဿနာတွေကို အကြောင်းပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ စစ်ရေးထိပ်တိုက် တွေ့လာနိုင်အောင် ARSA အဖွဲ့က အကြမ်းဖက် လုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ သုံးသပ်မှုတွေကလည်း ရှိနေပါတယ်။ နောက်တစ်ခုက တစ်ဘက်နိုင်ငံကို ထွက်ပြေးပြီး နေထိုင်လျက် ရှိနေသူတွေကို မြန်မာနိုင်ငံက လက်ခံရေးစာချုပ် ပျက်ပြားရင် ရှိတ်ဟာစီနာ ခေါင်းဆောင်တဲ့ အစိုးရအနေနဲ့ မျောက်ပြပြီး ဆန်တောင်းဖို့အတွက်  နိုင်ငံတကာက အကူအညီတွေကို ထပ်ပြီးလိုချင်နေကြလို့လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ARSA အကြမ်းဖက်အဖွဲ့ဟာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာဟာ မျောက်ခြောက် ခြောက်ပြပြီး မဏ္ဍပ်တိုင်တက်ပြဖို့ ကြိုးစားနေခြင်းလို့သာ ပြောချင်ပါတယ်။ သူတို့ဟာ ဒီလို ချောင်းမြောင်းတိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်တွေကို ပြပြီး သူတို့အဖွဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ထောက်ပံ့နေတဲ့ ပြည်ပအဖွဲ့အစည်းတွေဆီက အကူအညီတောင်းလို့ရအောင် အကွက်ဖော်နေကြတာပါ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ကလည်း မောင်တောဒေသမြောက်ပိုင်း အောင်ဇံကျေးရွာ အပြင်ဘက်  နယ်စပ်မှတ်တိုင် ၄၁ နဲ့ ၄၂ အကြားမှာ နယ်စပ်လုံခြုံရေး ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နယ်စပ်စည်းရိုးအပြင်ဘက် တဖက်နိုင်ငံအခြမ်းကနေ ARSA အကြမ်းဖက်အဖွဲ့က ချောင်းမြောင်းပစ်ခတ်လို့ လုံခြုံရေးရဲ တပ်ဖွဲ့ဝင်တစ်ယောက် ဝဲနောက်ကျောကနေ ကျည်ဆံဖောက်ဝင်ပြီး ရှေ့ဝမ်းဗိုက် ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို အကြမ်းဖက်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အန္တရာယ်က အခုချိန်ထိ စိုးရိမ်နေရဆဲဆိုတာ ဖော်ပြနေခြင်း ဖြစ်တယ်။ ARSA အဖွဲ့ကို OIC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ၊ တူရကီ အစရှိတဲ့ မွတ်ဆလင်နိုင်ငံတွေက အဓိကထားပြီး ထောက်ပံ့ကူညီပေးနေကြလို့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေခြင်းဖြစ်တယ်။  ပြည်ပမီဒီယာတွေကလည်း OIC အဖွဲ့ဝင် နိုင်ငံတွေဆီက ငွေကြေးယူပြီး မြန်မာနိုင်ငံက ဘင်္ဂလီအရေးကို အဓိကထားပြီး ဝင်အော်ပေးနေကြခြင်း ဖြစ်တယ်။ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တစ်ကျော့ပြန် ခေါင်းထောင်လာတဲ့ အန္တရာယ်ကို မချေမှုန်းနိုင်ရင် ရခိုင်လူမျိုးတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေကို လုယုသွားနိုင်ရင်  ရခိုင်လူမျိုးတို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာ ပျောက်ကွယ်သွားနိုင်သည် သာမက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း ထိပါးလာမှာဆိုတာကို ပြောစရာ မလိုတော့ပါဘူး။

  ကမ္ဘာနဲ့အဝန်း အစ္စလာမ်အစွန်းရောက်ဝါဒကြောင့် အရှေ့အလယ်ပိုင်းမှာ IS ၊ အာဖရိကမှာ ဘိုကိုဟာရမ်၊ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ မွတ်ဆလင်အစွန်းရောက်တွေ ခေါင်းထောင်လာကြသလို၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက် ARSA အဖွဲ့ ကလည်း နယ်မြေပိုင်ဆိုင်ဖို့ ကြိုးစားလာကြတာဖြစ်တယ်။ အကြမ်းဖက်အာဆာ အဖွဲ့ကြောင့် မြန်မာပြည် အနောက်တံခါး ပွင့်ထွက်သွားရင် မြန်မာနိုင်ငံရဲ့အနာဂတ် မတွေးဝံ့စရာပါပဲ။

မောင်တောဒေသက အာဆာ (ARSA) အကြမ်းဖက်တွေရဲ့ အန္တရာယ်ဟာ အရင်က မူဂျာဟစ်သူပုန်၊ (RSO) အဖွဲ့တွေလိုမဟုတ် အရင်ကထက်ပိုပြီး သတိထားလာရတော့မယ့် အခြေအနေအဖြစ် ရှိနေတယ်။ သူတို့ဟာ ဘာသာရေးအခြေခံတာထက် လူမျိုးရေးပိုဆန်တဲ့ လက်နက်ကိုင် တိုက်ခိုက်ရေးအဖွဲ့ ဖြစ်သလို သူတို့ဟာ  တစ်ဘက်နိုင်ငံကနေ လက်နက်အလုံးအရင်းကိုင်ပြီး နယ်မြေလုစစ်ပွဲ ဆင်နွဲဖို့ အစပြုလာခြင်းလည်းဖြစ်တယ်။ သူတို့ ကြိုတင်အကွက်ချ ဖန်တီးနေကြတာက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု ရှိနေရင် အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က တစ်ချက်တည်းနဲ့ ရခိုင်ပြည်နယ် မေယုဒေသကို သိမ်းဖို့အကြံအစည်ပါပဲ။

မြန်မာနိုင်ငံက ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ အဆုံးသတ်ပြီး လွတ်လပ်ခွင့်ရရန် ARSA အနေဖြင့်  ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ARSA အဖွဲ့၏ ဖေဖော်ဝါရီလ ပထမအပတ်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အချုပ်အားဖြင့် ပြောရရင် အာဆာအကြမ်းဖက်အဖွဲ့ ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကတည်းက  နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်နေတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခြင်း ဖြစ်ပါတယ်။ အခုချိန် ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်နဲ့ AA တို့ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေချိန် အာဆာ (ARSA) အကြမ်းဖက်အဖွဲ့အနေဖြင့် ပွဲလန့်တုန်း၊ ဖျာခင်းထိုင်နေရာယူဖို့ ကြိုးစားလာနေခြင်းဖြစ်ကြောင်း ပြောလိုက်ပါရစေ။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် (၁၀၃) တွင် ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ