မရေရာသောနိုင်ငံရေး အခင်းအကျင်းနှင့် ဆင်းရဲတွင်းထဲက ရခိုင်ပြည်

မြန်မာနိုင်ငံဟာ မတူညီသော ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်မှု ပုံစံတို့ဖြင့် တိုင်းနှင့်ပြည်နယ်အားလုံးတိုင်းတွင် မိမိဘာသာစကား၊ ယဉ်ကျေးမှုအားဖြင့် ရှိနေကြပါတယ်။ ဒါကြောင့် အနှစ်သာရပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည် ထောင်ပြီး၊ ပြည်နယ်များအနေဖြင့် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် ၊ ပြည်နယ်အတွင်း သယံဇာတများကို သက်ဆိုင် ရာပြည်နယ်များမှ အကျိုးခံစားပိုင်ခွင့်တို့ပေးအပ်ပြီး ခောတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်လာစေရေးအတွက် ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ လုပ်ပိုင်ခွင့်များကို ပေးအပ်သင့်ပြီလို့ ထင်မြင်ယူဆမိပါတယ်။

By ထွန်းကြည် (ကုလဘာ) 12 Sep 2018

ထွန်းကြည် (ကုလဘာ)

ရခိုင်ပြည်နယ်ဟာ  မြန်မာနိုင်ငံ၏  အနောက်ဘက်တွင်တည်ရှိပြီး အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်တန်းနှင့် အနောက် ဘက်တွင် သမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့   ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားပါတယ်။  ရခိုင်ပြည်နယ်ဟာ  လူဦးရေ သန်းပေါင်း (၁၂၀၀) ကျော်ရှိနေတဲ့အိန္ဒိယနိုင်ငံနှင့် သန်းပေါင်း (၁၆၀) ကျော်ရှိတဲ့ဘင်္ဂလားဒေ့ရ်ှနိုင်ငံတို့နှင့်  နယ်နိမိတ်အားဖြင့် ထိစပ်လျှက်ရှိပါတယ်။  ပြောချင်တာက အင်မတန်ကြီးမားတဲ့ဈေးကွက်ကို  ပထဝီနိုင်ငံရေးအရ ပိုင်ဆိုင်ထားပါတယ်။

          ရခိုင့်ပင်လယ်ပြင်မှာ  ကြီးမားတဲ့ရတနာဓာတ်ငွေ့သိုက်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားပြီး လူဦးရေအားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ( ၃၁၈၈၈၀၇) ဦးရှိပါတယ်။ ရခိုင်ပြည်နယ်တွင် ကျေးလက်နေထိုင်မှုမှာ စုစုပေါင်းလူဦးရေ၏ ( ၈၃%) ထိရှိပြီး မြို့ပြနေထိုင်မှုမှာ စုစုပေါင်းလူဦးရေ၏ ( ၁၇% )  သာရှိပါတယ်။

တစ်ချိန်တစ်ခါက ကြီးကျယ်ခမ်းနားတဲ့နိုင်ငံတော်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား စသည့်ကိုယ်ပိုင်ကြန်အင် လက္ခဏာတွေနဲ့ အရာရာပြီးပြည့်စုံတဲ့လူမျိုးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ သီးခြားနိုင်ငံတစ်ခု အဖြစ် ရပ်တည် ခဲ့ဖူးတယ်ဆိုတာ သမိုင်းအထောက်အထားများအရ ငြင်းစရာမရှိပါဘူး။

          ဒီနေ့ရခိုင်ပြည်နယ်ဟာ  မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်အဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်လာခြင်းကနေ ရခိုင် လူမျိုးများဟာ ပြည်တွင်းဆင်းရဲမွဲတေမှုကြောင့် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်ရင်း ပြည်တွင်းနေ ရခိုင်လူမျိုးများမှာ နှစ်စဉ်လူဦးရေ လျော့နည်းခြင်းကို ရင်ဆိုင်နေရတာဟာ အနာဂတ် ရခိုင်ပြည်အတွက်  ရင်လေး စရာ ဖြစ်နေပါတယ်။

          အခြားတစ်ဖက်မှာလည်း တရားမဝင် နေထိုင်သူဦးရေဟာ အတိုင်းအဆမရှိ များပြားလာနေပြီး အနာဂတ် ရခိုင်အရေးကို စိန်ခေါ်လျှက် ရှိနေပါတယ်။ သစ်တောသယံဇာတ အလွန်ထုထည်ကြီးမားတဲ့ ရခိုင်ရိုးမတောင်တန်းကြီးကလည်း လက်ရှိအချိန်မှာ ယင်နားစရာတောင် မကျန်လောက်အောင် တောင်ကတုံးကြီးဖြစ် နေပါပြီ။

          ဘယ်ဘဏ္ဍာထဲကိုဝင်သွားမှန်းမသိတဲ့ ရခိုင်ရိုးမက သစ်တောထွက်ကုန်တွေအတွက် ရခိုင်လူမျိုးများအကျိုးခံစားခွင့် မရှိပေမယ့် ရခိုင်ရိုးမနဲ့ အနီးဆုံးမှာရှိနေတဲ့ တောင်ကုတ်မြို့၊ အမ်းမြို့တို့ကတော့ ရေမြုပ်ခြင်းဒဏ်ကို နှစ်စဉ်ခံနေရဆဲဖြစ်တယ်။ တောတောင်တွေကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်ခြင်းဟာ ပိုမိုကြီးမားလာတာကို တွေ့ရပါတယ်။

          ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအများစုဟာ သဘာဝအလျောက်ပေးထားတဲ့ သားငါးများ၊ တောထွက် အစားအစာများ နဲ့ သဘာဝက အလိုလိုပေးအပ်ထားတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်ကြတဲ့ ပထဝီအနေအထားဟာ အနာဂတ်အတွက်ရော၊ ပစ္စုပ္ပန် အတွက်ပါ အလွန်ကောင်းမွန်ပြီး ပြည့်စုံတဲ့သဘာဝအလှကို ပိုင်ဆိုင်ထားပါတယ်။

          ရခိုင်ပြည်နယ်အတွင်းမှာ ထင်ရှားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေလည်းရှိနေပြီး နောက်ထပ်စီမံကိန်းပေါင်း များစွာကိုလည်း ရင်းနှီးမြှုပ်နှံတည်ဆောက်ဖို့ လျှာတားထားပြီးဖြစ်ပါတယ်။ ရခိုင်လူမျိုးအများစုကတော့ ဒေသဖွံ့ဖြိုးလာနိုင်မယ့်၊ မိမိတို့အနာဂတ် ချမ်းသာလာနိုင်မည့်အချိန်အခါကို မျှော်လင့်ရင်း ယနေ့အချိန်ထိ ဆင်းရဲတွင်းထဲတွင် မျောနေဆဲ၊စိတ်ကူး ယဉ် နေဆဲ၊ ကယ်တင်ရှင်မျှော်နေဆဲဘဝနဲ့ ခရီးဆက်နေကြတုန်းပါပဲ။

          ကျေးလက်နေ လူအများစုဟာ အလွန်ညံံ့ဖျင်းပြီး ပြီးပြည့်စုံမှုမရှိတဲ့ ကျန်းမာရေး ၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး တွေအောက်မှာ ဆင်းရဲခြင်းကို ကြံ့ကြံ့ခံရင်း အသက်ရှင်ရုံ ရပ်တည်နေကြရပါတယ်။ စနစ်အကြောင်း သူတို့တွေမသိကြပါဘူး၊ ခေတ်အကြောင်းလည်း သူတို့တွေနားမလည်ကြပါဘူး၊ ခက်ခဲကြမ်းတမ်းလှတဲ့ စားဝတ်နေရေးကိုဖြေရှင်းရင်း ဘဝတွေကို ကုန် လွန်နေကြရဆဲဖြစ်ပါတယ်။

          ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိနေပါတယ်။ နေပူတောင်မှ မာဘယ်ကျောက် ထုတ်လုပ် မှုစီမံကိန်း၊ ကုလားတန်မြစ် ဆိပ်ကမ်းစီမံကိန်း၊ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်း၊  ရွှေဂက်စ် စီမံကိန်း ၊ ရေနံတင်ဆိပ်ကမ်း စီမံကိန်းနှင့် မကြာခင်မှာတရုတ်နိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းစီမံကိန်းက လည်း အစပြုလာနေပြီဖြစ်ပါတယ်။

လူဦးရေသန်းပေါင်း(၁၂၀၀) ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံက စစ်တွေ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို ပိုင်ဆိုင်ထားပြီး လူဦးရေ သန်းပေါင်း (၁၃၀၀) ကျော်ရှိနေတဲ့ တရုတ်နိုင်ငံက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ပိုင်ဆိုင်လာမှာဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံနှစ်ခု ရောင်းဝယ်ရေးအသုံးချခံ ဖြစ်လာတော့မှာဖြစ်ပေမယ့် ဆိပ်ကမ်းပိုင်ရှင်ရခိုင်များအတွက် သေချာတဲ့ပိုင်ဆိုင်မှု ဘာမှမရှိသေးပါဘူး။ ၂နှစ် မခံတဲ့ ကျောက်ချောလမ်းကို ကျေးဇူးတင်နေရဆဲ၊ နွေရာသီမရောက်ခင် ရေခမ်းခြောက်နေတဲ့ ရေကန်တူးပေးသူတွေကို မေတ္တာပို့နေရဆဲဖြစ်နေပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ (၂၀၁၄) ခုနှစ် အစီရင်ခံစာ ထုတ်ပြန်ချက်စာရင်းအရ မြန်မာတစ်နိုင်ငံလုံး ဆင်းရဲမွဲတေမှုနှုန်း (၂၅.၆ % ) သာရှိသော်လည်း ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှုနှုန်းမှာ (၄၃.၅ %) ရှိနေတာကို ကြည့်ခြင်းအားဖြင့်  ရခိုင်ပြည်နယ်ဟာ မြန်မာ နိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းရဲ့ နှစ်ဆနီးပါးရှိနေတာကို တွေ့ရှိရပါတယ်။ ဒါဟာ အနာဂတ်အတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပြီး အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ကို အထူးအစီအမံတွေ ချမှတ်ဖို့လိုအပ်နေပြီဆိုတာ ဖေါ်ပြနေပြီဖြစ်ပါတယ်။

          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုတစ်ခုတည်းကသာ နိုင်ငံကိုချုပ်ကိုင်အုပ်ချုပ်ပြီး ဗဟိုအစိုးရတစ်ခုတည်းကသာ  နိုင်ငံရဲ့စီမံခန့်ခွဲခြင်းကို တာဝန်ရှိနေတာကို တွေ့နေရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုနှင့် ပြည် နယ်အ ကြား သယံဇာတခွဲဝေသုံးစွဲခွင့်၊ သယံဇာတပိုင်ရှင်ပြည်နယ်များ အကျိုးခံစားပိုင်ခွင့် ဘာမှမရှိပါဘူး။

          လက်ရှိကာလတွင် ရခိုင်ပြည်နယ်အတွင်း ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများ မကြာခဏဖမ်းမိခြင်း၊ ပြစ်မှုတွေ များပြားနေခြင်း နှင့်အတူ ရေရှည်အစီအမံနှင့် ခုခံကြရမည့် တရားမဝင်လူဦးရေတိုးပွားခြင်း၊ ဘင်္ဂလီပြဿနာ စတဲ့ အစီအမံရေးဆွဲရေး လုပ်ငန်း စဉ်တွေမှာ ရခိုင်လူမျိုးများပါဝင်ခွင့်၊ အထူးသဖြင့် ရခိုင်နိုင်ငံရေးခေါင်းဆောင်များ ပါဝင်ခွင့်မရခြင်းဟာ ရခိုင်ပြည်နယ် အနာဂတ် အတွက် ရင်လေးစရာဖြစ်နေပြီဆိုတာ အားလုံးသတိပြုကြရတော့မယ့် အခြေအနေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ပုလဲနှင့်ငါးလုပ်ငန်းများ ပိတ်သိမ်းခံရခြင်း၊ ဆား ချက်လုပ် ငန်းများအတွက် အဟန့်အတားများရှိလာခြင်း ငါးပုဇွန်ဈေးကွက်များ ပျက်စီးသွားခြင်း ၊သဘာဝဘေးဒဏ်ကြောင့် တာတမံများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ခေတ်အဆက်ဆက်အစိုးရများ၏ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ မရှိခဲ့ချေ။

          ရခိုင်ပြည်နယ်၏ ဒေသတွင်းတပိုင်တနိုင်လုပ်ငန်းများကို အစိုးရအဆက်ဆက် ကူညီပေးခြင်းများမရှိခဲ့သည့်အပြင် လာဘ် ပေးလာဘ်ယူမှုများစွာ ရှိနေခဲ့သောကြောင့် ရခိုင်ပြည်နယ်အတွင်း တပိုင်တနိုင်လုပ်ငန်းများအားလုံးနီးပါး ပျက်စီးခဲ့ကြရပြီး နောက် ပိုင်း  ရခိုင်လူမျိုးများဟာ တိုင်းတပါးတွင် အငှားလုပ်ငန်းများကိုလုပ်ကိုင်ရင်း လက်ရှိကာလကို ဖြတ်ကျော်နေကြရပါတယ်။

          ရခိုင်ပြည်နယ်ဟာ ပထဝီအနေအထားအရ ရေလုပ်ငန်းများ၊ ဆားချက်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် တပိုင် တနိုင် သား၊ငါးမွေးမြူရေးလုပ်ငန်းများကို အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသင့်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းတွင်ကမ်းဝေး ငါးဖမ်းလှေများက ကမ်းနီးတစ်ဖာလုံအကွာအထိ ဝင်ရောက်ငါးဖမ်းခြင်းများကို ခေတ်အဆက်ဆက် ဟန့်တားနိုင်ခြင်း မရှိခြင်း ကြောင့် ရခိုင်လူမျိုးများ တပိုင်တနိုင် ကမ်းနီးငါးဖန်းလုပ်ငန်းများ ပျက်စီးသွားခဲ့ရခြင်းအပြင် ကမ်းနီးကျောက်ဆောင်အတွင်း ငါးမျိုးပွားခြင်းများပါ ဆုံးရှုံးခဲ့၊ ဆုံးရှုံးနေရဆဲဖြစ်ပါတယ်။

          အဖက်ဖက်မှတရားဥပဒေစိုးမိုးရေး၊ အစိုးရတစ်ရပ်၏ လိုအပ်တဲ့အကူအညီပေးရေးတို့မှ ရခိုင်ပြည်နယ်ဟာ ကြွင်းကျန် နေဆဲလည်း ဖြစ်ပါတယ်။ လက်ရှိကာလမှာ ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲတေမှုနှင့်အတူ ပဋိပက္ခများစွာကိုလည်း ကြုံတွေ့နေကြရ ပါတယ်။

          အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်မျိုးနွယ်စုတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်က သူတို့ပတ်ဝန်းကျင်ကိုစွန့်ခွာပြီး တောင်ကုတ်၊ သံတွဲ စတဲ့ မြို့တွေမှာ လူဦးရေထောင်ချီ ခိုလှုံနေကြရတာ တစ်နှစ်ကျော်ကာလအထိ ရှိနေပေမယ့် ယနေ့အထိ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရရဲ့အကူအညီတွေ မရရှိကြပါဘူး။

          အသွင်ကူးပြောင်းရေးကို သွားနေတဲ့ မြန်မာနိုင်ငံရေးအခင်းအကျင်းက မည်သည့်အခါတွင်ဖြစ်လာမယ်မှန်း မသိသေး သော်လည်း ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေအနေက ဆင်းရဲမွဲတေခြင်းနဲ့ ပဋိပက္ခတွေကြားမှာ မလူးသာ မလွန့်သာ သွားနေကြရ ဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခထူပြောမှု၊ ရခိုင်လူဦးရေ ပေါက်ဖွားမှုနှုန်းကျဆင်းခြင်းနှင့် ရခိုင် လူမျိုး များ ရခိုင်ပြည်နယ်ရဲ့အပြင်သို့ထွက်ခွာမှု များပြားနေခြင်းတို့နှင့်အတူ ရခိုင်ပြည်နယ်တွင် ခေတ်အဆက်ဆက် ပိတ်လှောင်ထား တဲ့ တရားမဝင် လူဦးရေပေါက်ဖွားမှု မြန်နှုန်းဟာ ရခိုင်လူမျိုးနှင့် ရခိုင်ပြည်နယ်ရဲ့အနာဂတ်ကာလကို တိုက်ရိုက်စိန်ခေါ်နေပြီ ဖြစ် ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ရခိုင့်နိုင်ငံရေးကို ရခိုင်လူမျိုးများကိုယ်တိုင် ဆုံးဖြတ် ပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့် မရှိသေးပါဘူး။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်မှာ မဲအများဆုံးရ ခဲ့ပေမယ် ဖွဲ့စည်းပုံရဲ့ အကျပ်အတည်းကြောင့် ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့ခွင့်မရရှိပါဘူး။

          အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မဟာဗျူဟာရေးဆွဲပြီး အစီအမံချမှတ်ဖို့လိုအပ်သလို ရခိုင်ပြည် နယ်ဖွံ့ဖြိုးရေး အကျိုးစီးပွားအတွက် သယံဇာတခွဲဝေခွင့်၊ အကျိုးခံစားပိုင်ခွင့် ၊ ဆုံးဖြတ်ပိုင်ခွင့် ရှိနေဖို့ လိုအပ်ပါတယ်။

          ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ဆုံးဖြတ်ပိုင်ခွင့်ရှိနေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ယနေ့ တိုင်းရင်းသားများတောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး ဗဟို၊ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင် ခွင့်များကို အလျှင်အမြန်ချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

          ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခု နှစ် ဒီဇင်ဘာလမှာ ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ယက်က ဦးစီးပြီး ရခိုင့်သယံဇာတ ရခိုင်လူမျိုးများရပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ၊ စီမံခန့်ခွဲပိုင်ခွင့်များအတွက် လူထုလှုပ်ရှားမှုတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ ချီတက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ သို့သော်လည်း ဒီနေ့အထိ ရခိုင်သယံဇာတ အ ကျိုးခံစားပိုင်ခွင့် မရရှိသေးပါဘူး။

          ရခိုင်ပြည်နယ်အတွင်းကရရှိတဲ့ သယံဇာတများ ရောင်းချခြင်းများမှ ရခိုင်ပြည်နယ် ခွဲဝေအကျိုးခံစားပိုင်ခွင့်ကို အားလုံး တောင့်တနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို တိုက်ရိုက် အကျိုးသက်ရောက်နိုင်မှာဖြစ်ပြီး ရခိုင် လူမျိုးများ လိုအပ်တောင်းဆိုနေတဲ့  ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို မလုပ်နိုင်သရွေ့ ဘယ်လိုစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံသည် ဖြစ်စေ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးကို အကျိုးပြုနိုင်မှာမဟုတ်ပါဘူး။

          လက်ရှိကာလမှာ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပေမယ့် ရင်းနှီးမြှုပ်နှံမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး တွေကိုသာခံစားရပြီး အကျိုးကျေးဇူးခံစားပိုင်ခွင့်မရှိတာဟာ သယံဇာတပိုင်ရှင် ရခိုင်လူမျိုးများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များဟာ ရခိုင်ပြည်နယ်အတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို ရခိုင်လူမျိုးများရွေးချယ်သော အစိုးရ ကသာ စီမံခန့်ခွဲရမှာဖြစ်ပြီး ရခိုင့်အနာဂတ်ကို ရခိုင်လူမျိုးများကသာ ဖန်တီးပိုင်ခွင့်ရှိသင့်ပါတယ်။

          လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုပြဿနာများ ရှိနေဆဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များ အလွန်နည်းပါးနေပြီး အရာအားလုံးကို ပြည်ထောင်စုအစိုးရက ကိုင်တွယ် ဖြေရှင်းနေတာမျိုးဟာ ပြဿနာတစ်ခုအတွက် အချိန်ကာလအားဖြင့်လည်း အလွန်ကြာမြင့်ပြီး အဆင့်ေပေါင်းများစွာအကြား ပဋိပက္ခကို ထိမ်ချန်ခြင်း၊ အကျင့်ပျက်ခြစားမှုများကို မချေဖျက်နိုင်ခြင်းတို့ဟာ ဆက်လက် ရှိနေအုံးမှာဖြစ်ပြီး လူတစ်စုက အရာ အားလုံးကို တာဝန်ခံနေခြင်းဟာလည်း အစိုးရအတွက်ရော ပြည်သူအတွက်ပါ နစ်နာတယ်လို့ မြင်မိပါတယ်။

          မြန်မာနိုင်ငံဟာ မတူညီသော ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်မှု ပုံစံတို့ဖြင့် တိုင်းနှင့်ပြည်နယ်အားလုံးတိုင်းတွင် မိမိဘာသာစကား၊ ယဉ်ကျေးမှုအားဖြင့် ရှိနေကြပါတယ်။ ဒါကြောင့် အနှစ်သာရပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည် ထောင်ပြီး၊ ပြည်နယ်များအနေဖြင့် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် ၊ ပြည်နယ်အတွင်း သယံဇာတများကို သက်ဆိုင် ရာပြည်နယ်များမှ အကျိုးခံစားပိုင်ခွင့်တို့ပေးအပ်ပြီး ခောတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်လာစေရေးအတွက် ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ လုပ်ပိုင်ခွင့်များကို ပေးအပ်သင့်ပြီလို့ ထင်မြင်ယူဆမိပါတယ်။

          သို့မှသာ လူမျိုးစုအားလုံးအတွက် အနှစ်သာရရှိသော ရွေးကောက်ပွဲများ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရှည် ကြာနေသော ပြည်တွင်းစစ်ပဋိပက္ခများ၊ ပြည်နယ်များ၏ ဆင်းရဲမွဲတေမှုများကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

          ရခိုင်ပြည်နယ်အတွင်း ဒေါ်လာဘီလီယံချီတဲ့ စီမံကိန်းတွေ ဘယ်လောက်ရှိနေပေမယ့် ဥပဒအရသတ်မှတ်ပေးထားတဲ့ ရခိုင်လူထု အကျိုးခံစားပိုင်ခွင့်မရှိရင် ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ်အတွက် ဘာမှအကျိုးထူးလာမှာ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှုနဲ့ လူမှုရေးဆိုင်ရာ ပဋိပက္ခတွေတောင် ပိုမိုများလာနိုင်ပါတယ်။

          ရခိုင်ပြည်နယ်အတွင်း အလျှင်အမြန်ကုစားဖို့လိုအပ်နေတဲ့ ဆင်းရဲမွဲတေခြင်းပြဿနာဟာ ချက်ချင်းဖြေ ရှင်းပေးသင့်တဲ့ ပြသနာဖြစ်ပြီး ဒေသခံရခိုင်လူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရေးအတွက် တပိုင်တနိုင်လုပ်ငန်းများ ဒေသနှင့်ကိုက် ညီမည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသင့်ပြီး နည်းပညာအားဖြင့် နိမ့်ကျနေသော စိုက်ပျိုး ရေးလုပ်ငန်းများ ဒေသတွင်းထုတ်ကုန်ကိုအခြေခံသော  စီးပွားရေးလုပ်ငန်းများနှင့် ကျေးရွာတိုင်းတွင် ထုတ်ကုန် ထုတ်လုပ်နိုင် စေရန် ချေးငွေများ  နည်းပညာများ၊ ဈေးကွက်များကို အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။

          တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ ဘင်္ဂါလီပြဿနာဟာ ရေရှည်ဖြေရှင်းရမည့်ပြဿနာဖြစ်ပြီး အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားများ၏ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။

          ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားများ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရေရှည်အလုပ်အကိုင်အခွင့်အလမ်းများ အတွက် အသက်မွေးဝမ်းကြောင်းအတတ်ပညာ သင်တန်းကျောင်းများ  အကောင်အထည်ဖေါ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ ဆုံးရှုံးနေသော လူ့အရင်းအမြစ်ကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပြီး  ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မှာ ဖြစ်တဲ့အတွက် ကြောင့်  အလျင်အမြန်လုပ်ဆောင်ဖို့လိုအပ်နေတဲ့  ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း သုံးသပ်အပ်ပါတယ်။

ဗီဒီယိုများ