မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ AYC

ပြီးခဲ့တဲ့ မေလ (၁) ရက်နေ့ကနေ မေလ (၅) ရက်နေ့အထိ ( ၅) ရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ရခိုင်လူငယ်တွေဟာ အခက်အခဲအမျိုးမျိုးကြားမှ  လူငယ်ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ဆိုတာ  အသိအမှတ်ပြုစရာတစ်ခု ဖြစ်ပါတယ်။

By ထွန်းထွန်းနိုင် 14 May 2018

ရခိုင်လူငယ်ညီလာခံကို မေလ (၁) ရက်ကနေ မေလ (၅) ရက်နေ့အထိ တောင်ကုတ်မြို့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ထွန်းထွန်းနိုင် ရေးသားသည်

ပြီးခဲ့တဲ့ မေလ (၁) ရက်နေ့ကနေ မေလ (၅) ရက်နေ့အထိ ( ၅) ရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ရခိုင်လူငယ်တွေဟာ အခက်အခဲအမျိုးမျိုးကြားမှ  လူငယ်ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ဆိုတာ  အသိအမှတ်ပြုစရာတစ်ခု ဖြစ်ပါတယ်။

ရခိုင်လူငယ်ညီလာခံ (AYC) ကို ရည်ရွယ်ချက် ( ၃) ခုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။  အဲဒီအထဲမှာတော့ လွတ်လပ်ပြီး အားကောင်းတဲ့ ရခိုင်လူငယ်အစုအဖွဲ့တစ်ရပ် ခိုင်မာစွာပေါ်ထွန်းလာရေး၊ လူငယ်တွေ စွမ်းရည်မြင့်မားလာပြီး ကဏ္ဍအသီးအသီးမှာ ထိရောက်စွာ ပူးပေါင်းဆောက်ရွက်လာရေး၊ ရခိုင်အပါအဝင် ဘဝတူတိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးရရှိဖို့ တစ်ခြားတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လာနိုင်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

အဲဒီတော့ ရခိုင်လူငယ်ညီလာခံကနေ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို ဘယ်လောက်အောင်မြင်မြင် ရှိခဲ့သလဲ၊ ညီလာခံမှ ဘယ်လိုရလာဒ်တွေ ထွက်ပေါ်လာခဲ့သလဲ၊ ဘာတွေ လိုအပ်ချက်တွေ ရှိခဲ့သလဲဆိုတာ ဆွေးနွေးတင်ပြလိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံကို ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးအပြင် ရခိုင်ပြည်နယ် ပြင်ပကိုရောက်ရှိနေကြတဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ဖားကန့် ဒေသက လူငယ်တွေ အစုံအလင် တက်ရောက်ခဲ့ကြပြီး၊ လူငယ်နဲ့ နိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်နဲ့ မူးယစ်ဆေးဝါး စတဲ့ အကြောင်းအရာ (၄) ခုကို ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်လူငယ်ညီလာခံကို ရခိုင်မျိုးနွယ်စု ဖြစ်ကြတဲ့ မြို၊ သက်၊ ခမီ စတဲ့ လူမျိုးစုတွေ တက်ရောက်နိုင်ခဲ့ကြပေမယ့် ရခိုင်မျိုးနွယ်စုတစ်ခုဖြစ်တဲ့ ကမန်ကိုယ်စားလှယ်တွေ လူငယ်ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားစာ နောက်ကျတာကြောင့် (ဖိတ်ကြားခြင်းမခံရဟု သတင်းထွက်ပေါ်ခဲ့) တက်ရောက်လာတာကို မတွေ့ရပါဘူး။

ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်တဲ့ ကမန်တွေကို လူငယ်ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားစာနောက်ကျခြင်း (ဖိတ်ကြားခြင်းမခံရဟု သတင်းထွက်ပေါ်ခဲ့) နဲ့ ပတ်သက်ပြီး ရခိုင်လူငယ်ညီလာခံ မစတင်ခင် ရက်ပိုင်းအလိုမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ လေ့လာသုံးသပ်သူတချို့က အခုလို ကမန်ကိုယ်စားလှယ် ညီလာခံတက်ရောက်နိုင်ခြင်းမရှိတာဟာ သမိုင်းမှာ အမဲစက်တစ်ခုဖြစ်တယ်လို့ သုံးသပ်မှုတွေရှိခဲ့ကြပါတယ်။

အခု ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံကို ရခိုင်လူငယ် ပညာတတ်တွေ၊ လူငယ်တွေ စုစည်းပြီး အချိန် (၂) နှစ်နီးပါးကြာ ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ညီလာခံဦးဆောင်ကျင်းပသူတွေကတော့ ညီလာခံအတွက် ပြင်ဆင်ချိန် အင်မတန်နည်းခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရခိုင်လူငယ်တွေ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံကို နယ်ပယ်အသီးသီးမှ ရခိုင်ထိပ်ပိုင်းခေါင်းဆောင်တွေက ကောင်းမွန်တဲ့ရလာဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံမှာတော့ “ပညာတတ်လူငယ်တွေ၊ စွမ်းအားရှိတဲ့ လူငယ်တွေ၊ ခွန်အားရှိတဲ့ လူငယ်တွေ ဦးဆောင်ကျင်းပပြုလုပ်တဲ့ ညီလာခံဟာ ပွဲပြီးမီးသေဖြစ်မသွားဖို့ မျော်လင့်တယ်လို့” ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်က  အမှာစကားပါးခဲ့တာကို တွေ့ရပါတယ်။

အခု ရခိုင်လူငယ်တွေ ဦးဆောင်ကျင်းပနိုင်ခဲ့တဲ့ တောင်ကုတ် ရခိုင်လူငယ်ညီလာခံဟာ နှစ်ပေါင်း (၇၀) အတွင်း ပထမဆုံးကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ညီလာခံတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ တကယ်တော့ အခုလို ရခိုင်လူငယ်ညီလာခံဖြစ်လာဖို့ ရန်ကုန်ရောက် ရခိုင်လူငယ်တွေနဲ့ လူလတ်ပိုင်းတွေက ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့အကြပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ရခိုင်လူငယ်တွေပါဝင်ဖို့လိုတယ်၊ အထူးသဖြင့် ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေကြား အကွဲအပြဲတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့်  ရခိုင်လူငယ်စည်းရုံးမှုနဲ့ နိုင်ငံရေးကို တည့်မတ်လိုတဲ့ ဆန္ဒတွေကြောင့်  ရခိုင်လူငယ်ညီလာခံ ဖြစ်ပေါ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရခိုင်လူငယ်ညီလာခံအကြို ဆွေးနွေးပွဲကို မာန်အောင်မြို့မှာ  လူငယ်ညီလာခံ အစပြုကော်မတီက ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်လူငယ်ညီလာခံအစပြုကော်မတီမှာ  ရန်ကုန်ရောက် ရခိုင်တွေသာ ဦးဆောင်နေကြတာကြောင့် ဝေဖန်မှုထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်  ရခိုင်လူငယ်ညီလာခံ အစပြုကော်မတီဟာ လူငယ်ညီလာခံဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ပြင်ဆင်လာတဲ့အပြင် ညီလာခံနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေကို အကြိုညီလာခံက ရွေးချယ်တင်မြောက်လိုက်တဲ့ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို လွဲအပ်ခဲ့ပါတယ်။

ဒါပေမယ့် လူငယ်ညီလာခံအစပြုကော်မတီမှာ ပါဝင်ခဲ့တဲ့ ကော်မတီဝင်တချို့ဟာ သူတို့ရဲ့ အခန်းကဏ္ဍ မှေးမှိန်လာတာကို သတိပြုမိပုံပေါက်ပါတယ်။ အဲဒီနောက်ပိုင်း ရခိုင်လူငယ်ညီလာခံ အစပြုကော်မတီမှ ကော်မတီဝင်တချို့ဟာ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီနဲ့ တစ်ခြားသော ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပြန်လည်နေရာယူလာခဲ့ကြပြီး လူရှေ့ကို ပြန်လည်ရောက်ရှိလာကြပါတယ်။ အဲဒီအချိန်မှာတော့ မာန်အောင်လူငယ်ညီလာခံအကြိုမှ ရွေးချယ်တင်မြောက်ထားတဲ့ ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး ကော်မတီရဲ့ အခန်းကဏ္ဍ မှေးမှိန်လာခဲ့ပါတယ်။

ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ မေလ (၅) ရက်နေ့ထိ တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံကို ရခိုင်လူငယ်ညီလာခံ အစပြုကော်မတီက ဦးဆောင်ကျင်းပခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို တာဝန်တွေလွဲအပ်ထားတယ် ပြောဆိုကြပေမဲ့၊ အခု တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ရခိုင်လူငယ်ညီလာခံ အစပြုကော်မတီမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တချို့ကသာ ချမှတ်ခဲ့ကြပါတယ်။

တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံကို ၂ နှစ်နီးပါး အချိန်ပေးပြင်ဆင်ခဲ့ကြတာဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမယ့်  အထူးသဖြင့် ညီလာခံရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ညီလာခံကို ဘယ်လိုပုံစံနဲ့ သွားမယ်၊ မျော်မှန်းထားတဲ့ ရလာဒ်တွေရအောင် ဘယ်လို မေးခွန်းတွေ ပြင်ဆင်ထားမလဲ၊ ဘယ်လို လူတွေကို ဆွေးနွေးသူအဖြစ် ရွေးချယ်မလဲ စတဲ့အပိုင်းက ပြင်ဆင်မှုတွေ အင်မတန် အားနည်းခဲ့တာကို တွေ့ရပါတယ်။ 

ပြောရမယ်ဆိုရင် ရခိုင်လူငယ်ညီလာခံ ဦးဆောင်ကျင်းပသူတွေဟာ ညီလာခံကျင်းပချိန်နီးတဲ့အထိ ညီလာခံအစီအစဉ်ကို ကိုယ်စားလှယ်တွေ လက်ထဲကို မပေးအပ်နိုင်ခဲ့။ အဲဒီတော့ ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ  တက်တက်ကြွကြွ ပါဝင်ဆွေးနွေးလိုကြပေမယ့် ညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်ချိန် မရှိတာကြောင့် ဆွေးနွေးပွဲက ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။

ဒါ့အပြင် ( ၅) ရက်တာကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံမှာ (၃) ရက်ခွဲလောက်ဟာ ပါတီအသီသီးက ထိပ်ပိုင်းခေါင်းဆောင်တွေ မိန့်ခွန်းပြောတာတွေ၊ မြို့နယ်ကတင်သွင်းတဲ့ စာတမ်းဖတ်တာတွေနဲ့ Panel  Discussion လုပ်တာနဲ့ ကုန်းဆုံးစေခဲ့ပြီး၊ ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတဲ့အချိန်က (၂) ရက်လောက်သာ ရခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင်တော့ ညီလာခံပထမနေ့က ALD ပါတီမှ  ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးလှမြင့်ရဲ့ အမှာစကားပြောကြားတဲ့အခါ ရခိုင်လူငယ်တစ်ခုလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေထက် ALD ပါတီရဲ့ လူငယ်တွေအကြောင်းကိုသာ ဇောင်းပေးပြောဆိုခဲ့တာကို တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ ရခိုင်လူငယ်ညီလာခံတစ်ခုလုံးကို အကျဉ်းတန်စေခဲ့သလို၊ ညီလာခံ ဦးဆောင်သူတွေကြား ဝိဝါဒကွဲပြားမှုကို ဦးတည်စေခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဒါအပြင် Panellist အဖြစ် ရွေးချယ်ထားတဲ့သူ အများစုဟာ  ရခိုင်ပြည်နယ်ရဲ့ မြေပြင်ပကတိအခြေအနေကို နားလည်သုံးသပ်နိုင်သူနည်းပြီး၊ သီအိုရီပိုင်းဆိုင်ရာတွေကိုသာ အလေးပေး ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ညီလာခံ တက်ရောက်လာတဲ့ ရခိုင်လူငယ်တွေက ဆွေးနွေးချက်တွေကို ကျေနပ်ပုံမပေါ်ခဲ့ကြပါဘူး။

တကယ်တော့ လူငယ်ညီလာခံမှာ ရလာဒ်တွေ ထွက်ပေါ်လာဖို့ နေ့မအား၊ ညမအား ကြိုးစားခဲ့ကြတယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ဒါပေမယ့် လူငယ်ညီလာခံနောက်ဆုံးနေ့အထိ မြို့နယ်အသီးသီးမှ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်နဲ့ဆုံးဖြတ်ချက်တွေကို မထုတ်ပြန်နိုင်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်ပိုင်း ဝေဖန်မှုတွေ ထွက်ပေါ်လာတာကြောင့် ရခိုင်လူငယ်အခြေခံမူ (၄) ချက်အပါအဝင် ကျန်တဲ့ကဏ္ဍအသီးသီးမှာ ဆုံးဖြတ်ချက်ချခဲ့ကြောင်း  ကြော်ငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ညီလာခံပြီးနောက် (၄) ရက်အကြာမှ ထွက်ပေါ်လာတဲ့ အဲဒီကြော်ငြာချက်ဟာ ဘယ်လောက် Legitimate ဖြစ်သလဲဆိုတာ ရခိုင်လူထုကြား မေးခွန်းထွက်ပေါ်ခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီ ကြော်ငြာချက်မှာတော့ “ ရခိုင်လူငယ်ထုကို ကိုယ်စားပြုသော မူဝါဒအား ရခိုင်လူထု ကိုယ်တိုင်ရေးဆွဲရန်၊ Youth Center များကို ရခိုင်ပြည်နယ်အသီးသီးနှင့် ရခိုင်လူငယ်အများစုနေထိုင်သော နေရာဒေသများမှာ ဖွင့်လှစ်ရန်၊ ရခိုင်လူငယ်ညီလာခံကို (၃) နှစ်တစ်ကြိမ် စဉ်ဆက်မပြတ် ကျင်းပရန်၊ ရခိုင်လူငယ်ဟူသော အသက်အပိုင်းအခြားကို အသက်(၁၈) နှစ်မှ (၃၅) နှစ်ထိ သတ်မှတ်ရန် ” ဆိုတဲ့ အချက်တွေပါဝင်ပါလာပါတယ်။

ဒါ့အပြင် လူငယ်ညီလာခံမှာ အဓိကဆွေးနွေးကြတဲ့ အကြောင်းအရာတွေဖြစ်တဲ့ လူငယ်နဲ့နိုင်ငံရေးမူဝါဒ (၄) ချက်၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းမူဝါဒ (၃) ချက်၊ လူငယ်နဲ့ ပညာရေး (၁၅) ချက်၊ လူငယ်နှင့် မူးယစ်ဆေးဝါးမူဝါဒ (၂) ချက် ပါဝင်ပါတယ်။  ဒါပေမယ့် အဲဒီ မူဝါဒဆိုင်ရာအချက်တွေရဲ့ အသေးစိတ်ကိုတော့ ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်တာ မရှိသေးတာကြောင့်  အဲဒီထုတ်ပြန်ချက်မှာ ဘယ်လိုအချက်တွေ ပါလာမလဲဆိုတာ ရခိုင်လူထုက စောင့်ကြည့်နေကြပါတယ်။

အခုလူငယ်ညီလာခံဟာ ယခင် ၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ “ရခိုင်အမျိုးသားညီလာခံ” နဲ့ မတူဘဲ ညီလာခံချမှတ်လိုက်တဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ညီလာခံတာဝန်ရှိသူတွေက ဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အခုညီလာခံက ချမှတ်လိုက်တဲ့ မူဝါဒတွေကို ဘယ်လိုအကောင်အထည်ဖော်မယ်၊ ဘယ်မူဝါဒကို ဦးစားပေးအကောင်အထည်ဖော်ကြမလဲ၊ မူဝါဒကို အကောင်အထည်ဖော်ဖို့ ငွေကြေးဘယ်လိုရှာမယ်၊ လိုအပ်တဲ့ နည်းပညာတွေကို ဘယ်လိုလုပ်မလဲ စတဲ့အချက်တွေကို ညီလာခံမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာကို မတွေ့ရပါဘူး။ ဒါပေမယ့် လူငယ်ညီလာခံမှာ ထွက်ပေါ်လာတဲ့ ရလာဒ်တွေကို ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲဆိုတာ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ နှစ်ပေါင်း (၇၀) အကြာမှာ ရခိုင်လူငယ်တွေက ဦးဆောင်ပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ရခိုင်လူငယ်ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့တာ ရခိုင်သမိုင်းမှာ ဂုဏ်ယူစရာတစ်ခုပါ။

တကယ်တော့ လူငယ်ညီလာခံကို နယ်အသီးသီမှ ရခိုင်လူငယ်ပညာတတ်တွေ၊ လူငယ်ခေါင်းဆောင်တွေ ဦးဆောင်ကျင်းပပြုခဲ့တာကြောင့်  ရလာဒ်ကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ လူအများကို မျော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ လူအများထင်သလို ဖြစ်လာခဲ့တာမတွေ့ရပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် နောက်လာမယ့် ရခိုင်လူငယ်ညီလာခံဟာ အခုထက် ကောင်းမွန်တဲ့ ရလာဒ်ကောင်းတွေကို ထွက်ပေါ်လာလိမ့်မယ်လို့ ဆွေးနွေးတင်ပြလိုက်ရပါတယ်။

ထွန်းထွန်းနိုင် ( 13-May-2018)

ထွန်းထွန်းနိုင်သည် ဧရာဝတီသတင်းဌာန - မြန်မာပိုင်းတွင် ရခိုင်နိုင်ငံရေးနဲ မူဝါဒလေ့လာသုံးသပ်ချက် ဆောင်းပါးများကို အထူးပြုရေးသားနေသူ တစ်ဦးဖြစ်သည်။ သူသည် ၂၀၁၂ ခုနှစ်မှ ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကိုရရှိခဲ့သည်။

 

ဗီဒီယိုများ