ရခိုင်ခရီးသွားလုပ်ငန်းကို အမြန်ဆုံးကယ်တင်ပေးပါ

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တိုင်းနဲ့ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း တွင်ကျယ်တာကတော့ ပုဂံ၊ ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေက ထိပ်ဆုံးမှာရှိနေတာပါ။ လည်ပတ်စရာတွေများပြီး နိုင်ငံခြားသားအကြိုက် ရှေးဟောင်း မြို့တော်နဲ့ နာမည်ကျော် ငပလီကမ်းခြေတို့ရှိတဲ့ ရခိုင်ပြည်နယ်ကလည်း ခရီးသွားလုပ်ငန်း တွင်ကျယ်လာပါတယ်။ မြောက်ဦးမြို့မှာ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်နဲ့ လေးမျက်နာ စတဲ့ဘုရားများစွာရှိသလို ငပလီကမ်းခြေဟာလည်း အပန်းဖြေလို့ကောင်းတဲ့ သဘာဝရှုခင်းများစွာ ရှိပါတယ်။

By နန်းဒွါလီသောင်း 08 Mar 2018

ရှေးဟောင်းမြောက်ဦးမြို့တော်မြင်ကွင်း။ ဓါတ်ပုံ - ခိုင်မင်းသျှင်

နန်းဒွါလီသောင်း ရေးသားသည်

 

လည်ပတ်စရာများတဲ့ ရခိုင်ပြည်နယ်

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တိုင်းနဲ့ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း တွင်ကျယ်တာကတော့ ပုဂံ၊ ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေက ထိပ်ဆုံးမှာရှိနေတာပါ။ လည်ပတ်စရာတွေများပြီး နိုင်ငံခြားသားအကြိုက် ရှေးဟောင်း မြို့တော်နဲ့ နာမည်ကျော် ငပလီကမ်းခြေတို့ရှိတဲ့ ရခိုင်ပြည်နယ်ကလည်း ခရီးသွားလုပ်ငန်း တွင်ကျယ်လာပါတယ်။ မြောက်ဦးမြို့မှာ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်နဲ့ လေးမျက်နာ စတဲ့ဘုရားများစွာရှိသလို ငပလီကမ်းခြေဟာလည်း အပန်းဖြေလို့ကောင်းတဲ့ သဘာဝရှုခင်းများစွာ ရှိပါတယ်။ ပုလဲကျွန်းနဲ့ ဆင်စီးစခန်းဆိုရင် အရမ်းနာမည်ကြီးတဲ့ နေရာတွေ ဖြစ်တယ်။ နောက်ထပ် ရခိုင်ပြည်နယ်ထဲမှာ မြောက်ဦးမြို့နဲ့သိပ်မဝေးတဲ့ ရှေးဟောင်းမဟာမြတ်မုနိဘုရားနဲ့ ဗုဒ္ဓမြတ်စွာဘုရား ရပ်နားတော်မူခဲ့တဲ့ ကျောက်တော်တောင်ဆိုတာရှိတယ်။ အဲ့ဒီကနေ ခရီးဆက်ရင် ပုဏ္ဏားကျွန်းမြို့မှာ သမိုင်းမှာ အထင်ကရဖြစ်တဲ့ ဦးရာဇ်တော်စေတီဆိုတာလည်း သွားလည်လို့ကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ခရီးသွားလုပ်ငန်းကို သိသိသာသာထိခိုက်နေပါတယ်။ ဒီအကြမ်း ဖက်ဖြစ်စဉ်တွေက ၂၀၁၂ က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေထက် ထိတ်လန့်တုန် လုပ်ဖို့ကောင်းတာကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ မလာရဲတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ရခိုင်ကိုခရီးသွားတွေ မလာရဲတော့ဘူး

ခရီးသွားလုပ်ငန်းကို အမှီအခိုပြုနေတဲ့ ရခိုင်ပြည်နယ်က စိုးရိမ်စရာ နေအထားကို ရောက်ရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မွန်နဲ့ကယားပြည်နယ်တို့ထက် ခရီးသွားလျော့ကျလာတယ်လို့ ရခိုင်ပြည်နယ်အတွင်းက ခရီးသွားလုပ်ငန်းအေဂျင်စီတွေက ဆိုကြပါတယ်။

မြောက်ဦးမြို့နယ်ဆိုရင် ခရီးသွားလုပ်ငန်းကို မြို့ပေါ်တစ်ခုလုံးက မှီခိုနေရတာပါ။ ခရီးသွားများများ ရောက်တဲ့နှစ်ဆိုရင်တော့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ အဲ့ဒီမှာလုပ်နေကြတဲ့ ဝန်ထမ်းတွေ၊ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ ခရီးသွားဧည့်လမ်းညွှန်တွေ၊ သုံးဘီးဆိုင်ကယ် တွေ၊ ဆိုက္ကားတွေ စတဲ့ နယ်ပယ်စုံက လုပ်ငန်းတွေ အဆင်ပြေကြပါတယ်။

ဒါပေမဲ့ ခရီးသွားဧည့်သည်တွေဟာ ၂၀၁၂ နောက်ပိုင်းကနေ လာရောက်မှုမရှိသလောက် နည်းပါးသွားတာကြောင့် မြောက်ဦးမြို့က စီးပွားရေးလုပ်ငန်းတွေဟာ အဆင်မပြေကြတော့ဘဲ ဧည့်လမ်းညွှန်တွေဟာလည်း လုပ်ငန်းပြောင်းတာတွေရှိသလို ဝင်ငွေကောင်းရှာဖို့ ရခိုင်ပြည်နယ်နဲ့ ဝေးရာနေရာဒေသသို့ အလုပ်ထွက်လုပ်သူတွေလည်းရှိတယ်လို့ မြောက်ဦးဧည့် လမ်းညွှန်အဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်တဲ့နှစ်ဆိုရင် ခရီးသွားလုပ်ငန်းဟာ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရှေးဟောင်း မြောက်ဦးမြို့ရဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၁၂ ကဆိုရင် ဘင်္ဂလီ-ရခိုင် အရေးအခင်းကြောင့် လုံးဝအောက်ဆုံးအထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်နယ်ဝင်ငွေအတွက်ရော အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ အနုတ်လက္ခဏာတစ်ခုပါ။

ခရီးသွားလုပ်ငန်းကနေ ပြည်နယ်အတွက် အလုပ်အကိုင်နဲ့ဝင်ငွေကို ရှာပေးတယ်

ရခိုင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဟာ ပြည်နယ်ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ရှာပေးနေတာပါ။ ဒီလုပ်ငန်းမှာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အဓိကရရှိကြပြီး ဒေသထွက် အစားအသောက်တွေကလည်း စီးပွားရေးကို အထောက်အကူပြုစေပါတယ်။ ဟိုတယ်ဝန်ထမ်းတွေဖြစ်တဲ့ ဒေသခံအလုပ်သမားဆိုရင် မြောက်ဦးနဲ့ ငပလီကမ်းခြေ နှစ်ခုပေါင်းရင် လူပေါင်း ၅၀၀၀ ဝန်းကျင်ကို အလုပ်ပေးနိုင်တာပါ။ ဒီလူတွေဟာ ခရီးသွားတွေ မလာရောက်ဘူးဆိုရင် အလုပ်လက်မဲ့ဖြစ် သွားနိုင်တဲ့အတွက် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဟိုတယ်ဝန်ကြီးဌာနနဲ့ ဒေသအာဏာပိုင်တွေအနေနဲ့ ခရီးသွား လုပ်ငန်း ပြန်ပြီးနလန်ထူနိုင်မယ့် အစီအမံတွေ ပြုလုပ်ပေးဖို့လိုအပ်နေပါတယ်။

ခရီးသွားလုပ်ငန်းနလန်ထူဖို့ အစီအစဉ်တွေ လုပ်နေပါတယ်

ရခိုင်ပြည်နယ်ရဲ့ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ပြည်နယ်အစိုးရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အခွန်၊ ဘဏ္ဍာနဲ့စီမံစီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အခုလိုပြောပါယ်။

“ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကို အဆင့်မြင့်တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ်။ ငပလီမှာဆိုရင် ဟိုတယ်ဇုန်တွေ တိုးချဲ့လုပ်ကိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မကြာခင်မှာလည်း ဂျပန်မှာ ခရီးသွားနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုပိုင်းတွေ၊ လုံခြုံရေးပိုင်းတွေကို ရှင်းလင်းပြီး ဖိတ်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် သင်တန်းတွေလည်းပေးနေတာရှိပါတယ်။ ”

ရခိုင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းက ရရှိတဲ့ဝင်ငွေဟာ တစ်နှစ်မှာ ဘီလီယံနဲ့ချီပြီးရှိနေပါတယ်။ ဒီဝင်ငွေက ရခိုင်ပြည်နယ်အတွက် တစ်စုံတစ်ခု အထောက်အပံ့ဖြစ်နေပေမယ့် ပဋိပက္ခဖြစ်တဲ့နှစ်၊ ခရီးသွားတွေ ဝင်ရောက်မှု နည်းတဲ့နှစ်ဆိုရင် ဒီဝင်ငွေလျော့ဆင်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံးပြည်နယ်အဖြစ် မားမားမတ်မတ် ရပ်တည်နေရတဲ့ ရခိုင်ပြည်နယ်အနေနဲ့  တော်တော်လေးအထိနာမှာဖြစ်ပါတယ်။

ခရီးသွားဒေသတွေက လုံခြုံပါတယ်

ပဋိပက္ခဖြစ်တဲ့နှစ်ဆိုရင် ခရီးသွားတွေ ဝင်ရောက်မှု နည်းသွားတာကလည်း  ကောလဟလတွေကို အချိန်မီတားဆီးနိုင်ဖို့နဲ့ တုန့်ပြန်နိုင်ဖို့ မှန်ကန်တဲ့ သတင်းအချက်အလက် ဖြန့်ဝေပေးမှုအားနည်းခြင်းပါပဲ။ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်သွားတဲ့ ဘူးသီးတောင်၊ မောင်တော တိုက်ခိုက်ခံရမှုကိစ္စဆိုရင် ခရီးသွားတွေ စိုးရိမ်နေတဲ့အပေါ်မှာ ပြည်နယ်အစိုးရက လုံခြုံပါတယ်၊ ဘေးကင်းပါတယ်၊ လွတ်လပ်စွာ လာရောက်လည်ပတ်နိုင်ပါတယ်ဆိုတဲ့ ပြောဆိုချက်တွေ၊ ကြေညာချက်တွေ အခုအထိ မတွေ့ရသေးပါဘူး။ ဒါက ခရီးသွားလုပ်ငန်းအတွက် အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကတော့ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့ မှာ ဘာမှပြဿနာ မရှိပါဘူးဆိုတဲ့အကြောင်း၊ ခရီးသွားတွေ အတွက် လုံခြုံရေးအာမခံချက်ရှိပါတယ်ဆိုတဲ့ အကြောင်းတွေကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံတကာဆီကိုတော့ အဲဒီသတင်းအချက်အလက်က ထင်သလောက်ကို မပျံ့နှံ့ပါဘူး။

အလုပ်တွေပြောင်းလဲလုပ်ကိုင်လာရတယ်

ခရီးသွားလုပ်ငန်းကျဆင်းလာ တာနဲ့အမျှ နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်နေတဲ့သူတွေ များလာပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဘက်မှာဆိုရင် ရေမဆေးရှာဖွေသူအများစုက ရခိုင်ပြည်နယ်ကဖြစ်ပါတယ်။

အဲဒီလိုပဲတစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်နေကြတဲ့ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ရခိုင်ရိုးရာအမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ စတဲ့ဆိုင်ပိုင်ရှင်တွေမှာ ဝင်ငွေထိခိုက်ပြီး သူတို့ရဲ့ မိသားစု ပညာရေး၊ စားဝတ်နေရေးကိုပါ ထိခိုက်တယ်လာလို့ မြောက်ဦးမှာ ကြေးသွင်းရုပ်ထုကို လုပ်ကိုင်နေတဲ့ ဦးမောင်သိန်းက ပြောကြ ပါတယ်။

“ ကျွန်တော်တို့မှာ ပြည်တွင်း ပြည်ပဧည့်သည်တွေ ရောက်လာလို့ရှိ ရင်ရောင်းရတယ်။ အဲဒါနဲ့ပဲ မှီခိုလို့စား သောက်နေရတယ်၊ သူတို့မလာဘူး၊ သူတို့ အရောက်အပေါက်နည်းတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ”

ငပလီကမ်းခြေကို အပန်းဖြေဖို့လာကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေဟာ ဒေသကထွက်တဲ့ ရိုးရာလက် မှုပညာနဲ့ လုပ်ထားတဲ့ အမှတ်တရပစ္စည်းတွေကို အဓိကသဘောကျပြီး ဒါပေမယ့် နည်းပညာအခက်အခဲနဲ့ ဗဟုသုတနည်းတဲ့အတွက် ရခိုင်ရိုးရာ အလှပစ္စည်းတွေ မထုတ်လုပ်နိုင်ဘူးလို့ ငပလီကမ်းခြေမှာ ရခိုင်ရိုးရာအလှ ပစ္စည်းတွေရောင်းနေတဲ့ဒေါ်သိန်းသိန်းက ပြောပါတယ်။

“ နိုင်ငံခြားသားတွေက See food တွေကြိုက်ကြတယ်။ ဒေသကထွက်တဲ့ လက်မှုပညာနဲ့ လုပ်ထားတဲ့ အမှတ် တရပစ္စည်းလေးတွေ ဝယ်ကြတယ်။ အင်္ကျ ီတော့ သိပ်မဝယ်ကြဘူး။ ဒီဒေသက လုပ်ထားတဲ့ အရုပ်တွေဆိုရင် ကြိုက် ကြတယ်။ ဒါပေမယ့် တကယ့်မလုပ်နိုင်ကြဘူး။ နည်းပညာလည်းအားနည်းတယ်။ ဗဟုသုတတွေလည်း အားနည်းတော့ ရခိုင်လက်မှုပညာနဲ့ လုပ်ထားတဲ့ အမှတ်တရပစ္စည်းတွေက သိပ်မရှိဘူး။ အရင်းအနှီးကလည်းလိုတာကို။ တချို့ မိသားစုတွေက ရရာကျပန်းအလုပ်ကိုပဲ လုပ်ကြတယ်။ ”

ခရီးသွားတွေ အချက်အလက်မှန်ရဖို့ လိုနေပါပြီ

တကယ်က အကြမ်းဖက်မှုတွေ ဖြစ်တဲ့ဒေသတွေနဲ့ ခရီးသွားဒေတွေက အလှမ်းကွာဝေးပါတယ်။ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေအနေနဲ့ ဒီနေရာတွေ အကြမ်းဖက်မှုဖြစ်ပွားတဲ့ ဒေသတွေနဲ့ အလှမ်းဝေးတာကြောင့် စိုးရိမ် ဖို့မလိုဘူးဆိုတဲ့သတင်းအချက်အလက် အမှန်တွေ ရရှိဖို့လိုအပ်နေပါတယ်။

ခရီးသွားမြို့တွေဖြစ်တဲ့ ရှေး ဟောင်းမြောက်ဦးမြို့နဲ့ ငပလီကမ်းခြေက အခုပြဿနာဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေနဲ့ အလှမ်းဝေး တယ်ဆိုတာကို ပြည်တွင်းပြည်ပ ခရီးသွားတွေက မသိကြဘဲ ရခိုင်ပြည်နယ် တစ်ခုလုံးမှာဖြစ်နေတယ် လုံခြုံရေးအနေအထားအရ မသွားသင့်ဘူးဆိုတဲ့ ထင်မြင်ချက်နဲ့ ရခိုင့်ခရီးသွားလုပ်ငန်းဟာ ကျဆင်းနေတာကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဌာနနဲ့ မြောက်ဦးရှေး ဟောင်းသုတေသနဌာနတွေရဲ့ မှတ်တမ်းအရ တွေ့ရှိရပါတယ်။

ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အဓိကရုဏ်းတွေဖြစ်တယ်ဆိုရင် ပတ်ဝန်းကျင်တွေကိုပါ ထိခိုက်တယ်ဆိုတာကို လက်ခံလို့ရပေမယ့် လက်ရှိအနေအထားမှာ ပြဿနာဖြစ်တဲ့နေရာနဲ့ ခရီးသွားလာရောက်တဲ့ မြို့တွေဟာ အရမ်း ဝေးတယ်ဆိုတာရယ်၊ ခရီးသွားလာ မယ့်မြို့တွေဟာဘေးကင်းပြီး အေးချမ်းတယ်ဆိုတာကို သတင်းအချက်အလက် မျှဝေမှု အရမ်းအားနည်းတယ်လို့ မြောက်ဦးအမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနဌာနမှ ညွှန်ကြားရေးမှူးဟောင်း ဦးညိမ်းလွင်ကပြောပြပါတယ်။

“ မဟုတ်တဲ့ သတင်းအချက်အလက်ပဲ နိုင်ငံတကာကို ရောက်သွားတယ်။ ဒီနေ့ သျှစ်သောင်းမှာ ဆွမ်းဆန်စိမ်းလှူပွဲရှိတယ်။ စည်စည်ကားကားပဲ။ ပြဿနာရှိနေရင် ဘယ်သူက လာလှူနိုင်မှာလဲ။ ဒီနေရာက တကယ့်ကို လုံခြုံတဲ့နေရာပါ။ မြောက်ဦးမြို့ဆိုတာ။ ရေလမ်းကပဲ လာမလား လှတယ်။ ကုန်လမ်းကပဲ လာမလား သဘာဝရှုခင်းက သာယာတယ်။ ” လို့ ရခိုင်ပြည်နယ်ရဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေမှု အားနည်းတာကို ဦးညိမ်းလွင်က ထောက်ပြထားတာပါ။

မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားအတွင်းလှိုင်ဂူမြင်ကွင်း။ ဓါတ်ပုံ - ဇော်ဇော် (မြောက်ဦး)

ခရီးသွားတွေကို စွဲဆောင်ဖို့လည်း လိုနေပါသေးတယ်

ငပလီကမ်းခြေမှာ ရခိုင်ရိုးရာ အမှတ်တရပစ္စည်းဆိုရင် အုန်းသီးနဲ့လုပ်ထားတဲ့ မျောက်ရုပ်၊ ဆင်ရုပ်နဲ့ တခြားစိတ်ဝင်စားဖို့ ကောင်းတဲ့ ခရုနဲ့ လုပ်ထားတဲ့ အရုပ်တွေနဲ့အိမ်အလှဆင် ပစ္စည်းတွေလောက်ပဲ ရနိုင်ပါတယ်။ အစားအစာမှာဆိုရင် ငပိတို့၊ ပုစွန်ခြောက် တို့၊ ငါးခြောက်တို့ရပါတယ်။ တကယ့် နိုင်ငံတကာ ခရီးသွားတွေ အကြိုက်ကိုတော့ မလုပ်နိုင်သေးဘူး ဖြစ်နေပါတယ်။ ဒါကို အစိုးရနဲ့ လွှတ်တော်ကကူညီရင် ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်တယ်။

ငပလီကမ်းခြေမှာ ခရီးသွားတွေ တစ်နှစ်ထက်တစ်နှစ် တိုးလာပေမယ့် မျှော်လင့်ထားသလောက် တိုးမလာဘဲ တိုးလာရင်လည်း ဧည့်သည်တွေကို ဝန်ဆောင်ပေးနိုင်ဖို့လုံလောက်တဲ့ အခန်းအရေအတွက်ရယ်၊ ဟိုတယ်တွေ နည်းနေပါတယ်။ နောက်ထပ် ဟိုတယ်ဇုန်အသစ်တွေ တိုးချဲ့ပေးဖို့ လိုအပ်တယ်လို့ ငပလီကမ်းခြေ ဟိုတယ် ဇုန်အသင်း ဥက္ကဋ္ဌကပြောပါတယ်။

“ ဧည့်သည်တွေတိုးလာရင် အခန်းက လုံလောက်ဖို့လိုတယ်။ ဝင်လာသမျှကို ကျပ်ပြီးတော့ ထားမယ်ဆိုရင် မကောင်းဘူး။ ဧည့်သည်အတွက်လည်း မကောင်းဘူး။ ဒီနေရာအတွက်လည်း ပုံရိပ်က ကျဆင်းသွားနိုင်တယ်။ ” လို့ဆိုပါတယ်။

လက်ရှိ ငပလီမှာ ဟိုတယ် ၂၅ လုံးလောက်ရှိတယ်။ တည်ခိုခန်းအ ရေးအတွက်ဆိုရင် စုစုပေါင်း အခန်းအ ရေအတွက်က ၂၀၀၀ ဝန်းကျင်သာ ရှိပါတယ်။

“ ၂၀၁၂ နောက်ပိုင်း ပြဿနာ တွေက ဆက်တိုက်ဖြစ်နေတော့ ဧည့် သည်တွေ ဝင်ရောက်မှု နည်းသွား တယ်။ ကျနော်တို့ စားသောက်ဆိုင် တွေ၊ ဟိုတယ်တွေက ပြင်ဆင်ထားပေ မယ့် ခရီးသည်တွေ မရှိတော့ ထိခိုက် တာပေါ့။ ပြည်တွင်းဧည့်သည်ဆိုရင် တအားနည်းသွားတယ်။ ပြည်ပဧည့် သည်တွေဆိုရင် လုံးဝကို နည်းသွား တယ်။ အခု ဒီနှစ် မောင်တောမှာဖြစ် သွားတဲ့ ကိစ္စဆိုရင် ကမ္ဘာကျော်တဲ့ ပြ ဿနာဖြစ်သွားတော့ ကျနော်တို့ စား သောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ ဒီ လုပ်ငန်းကို မှီခိုနေတဲ့သူတွေ စိုးရိမ်ပူ ပန်နေကြတယ်။ ” လို့ ငပလီကမ်းခြေ စားသောက်ဆိုင်များအသင်း အတွင်းရေးမှူး ဦးကျော်စိုးထွန်းက ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်ရဲ့ ခရီးသွားဖွံ့ဖြိုးမှု နှောင့်နှေးရတဲ့ အဓိကအချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းတာလည်းပါဝင်ပါတယ်။  မြောက်ဦးမြို့ဆိုရင် ရန်ကုန်ကနေလေ ယဉ်နဲ့တိုက်ရိုက်လာလို့မရဘဲ စစ်တွေကနေတဆင့် သင်္ဘောစီးပြီးလာရတဲ့အတွက် ခရီးစဉ်ကြာမြင့်ပြီးရက်တွေလို တာထက် ယူနေရတာကြောင့် ခရီးသည်တွေ လာရောက်ဖို့ အချိန်မပေးနိုင်ကြပါဘူး။ ဒါက ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ပေးမှု အားနည်းခြင်းပါပဲ။ ပြည်နယ်အစိုးရဲ့ ဒေသဖွံ့ဖြိုးရေးကို စဉ်းစားတဲ့အခါ ဒီလမ်းပန်းဆက်သွယ် ရေးကို အလေးထားဆောင်ရွက်ပေးဖို့လဲ လိုအပ်နေပါတယ်။

ဒါ့ကြောင့် ရခိုင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးက သဘောထားကြီးကြီး စေတနာပါပါ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေးဟောင်းမြောက်ဦးမြို့ကို လက်ရှိမှာ ယူနက်စကိုဝင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်ကာလလည်းဖြစ်တယ်။ ဒါ့ကြောင့် တော်တော် အလေးထား ဆောင်ရွက်ရမယ့်ကဏ္ဍတွေဖြစ်တယ်။ ခရီးသွားလုပ်ငန်းရဲ့ အဟန့်အတားများစွာကို မဆိုင်သလို ဥပက္ခာပြုပြီး ရှောင်ဖယ်ရှောင်ဖယ် လုပ်နေမယ်ဆိုရင်တော့ ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေကြတဲ့ မိသားစုပေါင်း မြောက်များစွာအတွက်စားဝတ်နေရေး ဆိုးရွားစွာကြုံတွေ့ရမှာဖြစ်ပါတယ်။ 

ငပလီကမ်းခြေက ဒေသထွက် အိမ်တွင်းအလှဆင် အမှတ်တရပစ္စည်းများ။ ဓါတ်ပုံ - နေရောင်မင်း (စစ်တွေ)

(၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၂) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)

ဗီဒီယိုများ