ရခိုင့်နိုင်ငံရေးထဲက ဘုံသဘောတူညီချက်တစ်ခု ရှာတွေ့နိုင်မလား

ယနေ့ ရခိုင်ပြည်နယ်အတွင်းမှာ သက်ဝင်လှုပ်ရှားနေကြသော နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း အားလုံးသည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့၏အကျိုးကို လိုလားသော အစုအဖွဲ့များပင် ဖြစ်ကြပေသည်။ သို့သော် ကျွန်တော်တို့ ရင်ဆိုင်နေကြရသော အကျပ်အတည်းများသည် အဖွဲ့အစည်းတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းပေး၍ ရနိုင်သော ပြဿနာတစ်ရပ် မဟုတ်သည်ကိုတော့ ရှုမြင်ကြဖို့ လိုအပ်ပေလိမ့်မည်။

By ရမ္မာကျော်စော 14 Dec 2018

ဆောင်းပါးရှင် - ရမ္မာကျော်စော / DMG

ယနေ့ ရခိုင်ပြည်နယ်အတွင်းမှာ သက်ဝင်လှုပ်ရှားနေကြသော နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း အားလုံးသည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့၏အကျိုးကို လိုလားသော အစုအဖွဲ့များပင် ဖြစ်ကြပေသည်။ သို့သော် ကျွန်တော်တို့ ရင်ဆိုင်နေကြရသော အကျပ်အတည်းများသည် အဖွဲ့အစည်းတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းပေး၍ ရနိုင်သော ပြဿနာတစ်ရပ် မဟုတ်သည်ကိုတော့ ရှုမြင်ကြဖို့ လိုအပ်ပေလိမ့်မည်။

ခေတ်အဆက်ဆက် လက်နက်ကိုင်၍ တစ်ဖုံ၊ နိုင်ငံရေးနည်းလမ်းဖြင့်တစ်သွယ် အမျိုးမျိုး ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့သည်မှာ စစ်အာဏာရှင်များ၏ လိမ်လည်လှည့်ဖြားမှု တစ်ခုတည်းကြောင့်မဟုတ်ဘဲ ရခိုင်များ စည်းလုံးမှုပြိုကွဲခြင်းကြောင့်လည်း ကျရှုံးခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော်တို့ ရခိုင်လူမျိုးများသည် မဟာသမ္မတရာဇာမင်း၏ ယောက်ဖတော် သက်နှံဝေမှအစ ယခုလက်ရှိ ရပ်တည်နေကြသော ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအထိ စဉ်ဆက်မပြတ် လက်နက်စွဲကိုင်၍ တိုက်ပွဲဝင်ခဲ့ကြသည့် သမိုင်းကြောင်း ရှိခဲ့သည်။ သို့သော် သမိုင်းကြောင်းတစ်လျှောက် အောင်မြင်မှုဟူ၍ ကြီးကြီးမားမား မရခဲ့ကြသည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်အားကောင်းကောင်းနှင့် ပေါ်ထွက်လာခဲ့သည့် အဖွဲ့အစည်း နှစ်ခုရှိခဲ့သည်။ ယင်းတို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့/ တပ်မတော် (KIO/KIA ) အခြေစိုက်ရာဒေသတွင် ထူထောင်ခဲ့သည့် ရခိုင်လွတ်လပ်ရေးအဖွဲ့/ တပ်မတော် (AIO/AIA) နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNKA) အခြေစိုက်ရာဒေသတွင် ထူထောင်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ တပ်မတော် (ALP/ALA) တို့ ဖြစ်ကြသည်။ ယင်းနှစ်ဖွဲ့စလုံးသည် အမျိုးသားလွတ်မြောက်ရေး ဆိုသည့်အချက်ကို အခြေခံထားကြပုံချင်း တူသော်လည်း အတူတကွ ပေါင်းစည်း၍ မရခဲ့ကြပေ။

ယင်းအချိန်က AIO/AIA ကို ဆရာထွန်းရွှေမောင်၊ ဆရာစံကျော်ထွန်း နှင့် ဆရာကျော်လှိုင်တို့ ဦးဆောင်ကြ သလို တစ်ဖက်တွင်လည်း ALP/ALA ကို ဗိုလ်မှူးခိုင်မိုးလင်းက ဦးဆောင်ထားခဲ့သည်။ ၁၉၇၀ ကျော်ကာလများတွင် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများထက် လူတန်းစားလွတ်မြောက်ရေး လှုပ်ရှားမှုများဖြစ်သည့် ကွန်မြူနစ်အတွေးအခေါ်များ အားကောင်းဆဲကာလဟု ဆိုနိုင်သည်။ သို့သော် ဗီယက်နမ်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့တွင် အောင်မြင်ခဲ့ကြသည့် အခြေအနေများမှာ ကွန်မြူနစ်ဝါဒ အောင်မြင်မှုမျိုး သာမကဘဲ အမျိုးသားတစ်ရပ်လုံး လွတ်မြောက်ခြင်း သဏ္ဍာန်ကိုပါ ဆောင်ခဲ့ကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) နှင့် ရခိုင်လွတ်လပ်ရေးအဖွဲ့(AIO) တို့သည် ၁၉၇၆ ခုနှစ်တွင်  ၎င်းတို့ ယာယီအခြေစိုက်ရာ ဒေသများမှတဆင့် ရခိုင်ပြည်သို့ ပြောင်းရွှေ့အခြေစိုက်ရန် ပြင်ဆင်ခဲ့ကြသည်။ ALP က ဦးစွာပထမ ဆင်းလာခဲ့သော်လည်း ချင်းပြည်နယ်အရောက်တွင် ဖြိုခွင်းခံလိုက်ရ၍ ဗိုလ်မှူး ခိုင်မိုးလင်း ကျဆုံးကာ ကျန်တပ်ဖွဲ့ဝင်များလည်း ဖမ်းဆီးခံလိုက်ကြရသည်။ AIO သည်လည်း ယင်းနှစ်တွင်ပင် ရခိုင်မြေပေါ်သို့ အခြေချ ရောက်ရှိခဲ့ကြသည်။ သို့သော် တပ်ဖွဲ့ဝင်များအားလုံး ရောက်ရှိလာသည်ကား မဟုတ်ပေ။ အမျိုးသားလွတ်မြောက်ရေး ကို ဦးတည်ကြသူအချင်းချင်း စုပေါင်းအင်အားတစ်ခု ဖြစ်ခဲ့ပါမူ စစ်အာဏာရှင်များအနေဖြင့် ထိုမျှလွယ်လွယ်ကူကူ ချေမှုန်းနိုင်ခဲ့လိမ့်မည် မဟုတ်ဟု ထင်မြင်မိပါသည်။

ဆရာစံကျော်ထွန်း ကျဆုံးပြီးနောက်ပိုင်းတွင် AIO သည်လည်း တကွဲတပြားစီဖြင့် ကျဆုံးခြင်းသို့ တိုင်ခဲ့၏။ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသော ခေါင်းဆောင်အချို့၏ ကြိုးစား အားထုတ်မှုကြောင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ထိုင်း - မြန်မာ နယ်စပ်တွင် ပြန်လည်၍ သက်ဝင် လှုပ်ရှားလာခဲ့သည်။

ယင်းနောက်တွင် ခိုင်ရာဇာ ဦးဆောင်သည့် ရခိုင့်တပ်မတော် AA သည် KNU တပ်မဟာ (၄) ဒေသတွင် အခြေစိုက်ကာ အင်အားကြီးထွားလာခဲ့သည်။ ဗိုလ်ရာဇာ၊ ဗိုလ်စောထွန်းတို့၏ ဦးဆောင်မှုဖြင့် AIO အပါအဝင် ရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများကို စုစည်းကာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ National Unity Party of Arakan(NUPA) ကို တည်ဆောက်နိုင်ခဲ့သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှလွဲ၍ ထိုအချိန်က ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြ သည်။ သို့သော် ဗိုလ်ရာဇာသည်လည်း သက်ဆုံးမရှည်ခဲ့ပါချေ။ ၁၉၉၈ ခုနှစ် တွင် ရခိုင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့်အပြန် အိန္ဒိယထောက်လှမ်းရေး၏ ယုတ်မာရက်စက်စွာ လုပ်ကြံခံရမှုကြောင့် အက်ဒမန်ကျွန်း၌ အသက်ပေးခဲ့ရလေသည်။

ဗိုလ်ရာဇာကျဆုံးပြီးနောက်ပိုင်း NUPA သည်လည်း စုစည်းမှု အားမကောင်းတော့ဘဲ  တစတစ ယုတ်လျော့ သွားခဲ့လေသည်။ ဗိုလ်ရာဇာ လုပ်ကြံခံရခြင်း၏ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေး ပါဝင်ပတ်သက်မှု ရှိခဲ့သည်ဆိုသော စွပ်စွဲချက်များလည်း ရှိခဲ့သည်။

သက္ကရာဇ် ၂၀၀၀ ကျော် ကာလများတွင် ကျောင်းသားလူငယ်များ၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးကိုပါ ဆင်နွှဲရန် လုပ်ဆောင်ခဲ့ကြသည်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များတပ်မတော် All Arakan Students and Youths Army (AASYA) ကို ထိုင်း-မြန်မာ နယ်စပ်၌ ထူထောင်ခဲ့ကြသော်လည်း နေရာဒေသအခက်အခဲ၊ ဘဏ္ဍာရေး အခက်အခဲများကြောင့် အောင်မြင်မှု မရရှိခဲ့ဘဲ ပျက်သုဉ်းခဲ့ကြရသည်။

လက်ရှိတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ဖက်ဒရယ်သဘောတရားများ မကျယ်ပြန့်လာခင်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အမျိုးသားလွတ်မြောက်ရေးကိုသာ ဦးတည်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း မျက်မှောက်ခေတ်တွင် တကွဲတပြားစီ နေထိုင်ခြင်းထက် တန်းတူညီမျှမှုကို အခြေခံပြီး အတူတကွ စုပေါင်းနေထိုင်ကြသည်က ပို၍သင့်လျော်သည် ဆိုသည့် အယူအဆကို လက်ခံလာခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် အောင်မြင်နေသည်ကိုလည်း မြင်တွေ့နေကြ ရသည်။ အမေရိကန်၊ ဆွစ်ဇာလန်၊ ဘရာဇီးလ်၊ အိန္ဒိယနှင့် မလေးရှား စသည့်နိုင်ငံများသည် ဖက်ဒရယ်စနစ်ဖြင့် အောင်မြင်နေသည့် နိုင်ငံများဟု ဆိုနိုင်ပေသည်။ တန်းတူညီမျှမှု၊ အာဏာခွဲေ၀ ကျင့်သုံးမှုတို့ကြောင့် အောင်မြင်နေခြင်းဖြစ်သည်။ သို့သော် ကတိကဝတ်များသည် စာရွက်ပေါ်တွင်သာ မဟုတ်ဘဲ လိုက်နာစောင့်ထိန်းရန်ပါ လိုအပ်သည်။ တိုင်းရင်းသားတို့အတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိသော ပြည်ထောင်စုမျိုး ဖြစ်လာရန် လိုအပ်ပေလိမ့်မည်။

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းများဖြင့် ဆွေးနွေးအဖြေရှာသည့် ယဉ်ကျေးမှုကို တန်ဖိုးထား လေးစားတတ်ရန် လိုသည်။ ဆွေးနွေးပွဲများမှတဆင့် အဖြေရှာသည့်အခါ လူမျိုးတစ်မျိုးသည် ဦးတည်ချက်လမ်းကြောင်း တစ်ခုတည်းပေါ်တွင် ရှိနေမှသာလျှင် လွယ်ကူချောမွေ့နိုင်ပေလိမ့်မည်။ တိုက်ပွဲမရှိသည့်နေရာတွင် Federal ၊ တိုက် ပွဲရှိသည့်အရပ်တွင်  Freedom ဟု ကြွေးကြော်ခဲ့ဖူးသော အဖွဲ့အစည်းတချို့ ရှိခဲ့ဖူးသည်။ အဖွဲ့အစည်းတစ်ခုတည်းမှာပင် ပုတ်သင်ညိုလို အရောင်ပြောင်းနေလျှင် မည်သည့်အခါတွင်မျှ အဖြေရှာ၍ ရလိမ့်မည် မဟုတ်ပေ။

လက်ရှိတွင် ရခိုင့်လက်နက်ကိုင်တော်လှန်ရေး သုံးဖွဲ့ရှိသည့်အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် National Ceasefire Agreement (NCA) ကို လက်မှတ် ရေးထိုးထားသည်။ သို့သော် ALP သည် ရခိုင်တစ်မျိုးသားလုံးကို အမှန်တကယ် ကိုယ်စားပြုသလား ဆိုသည်ကိုတော့ ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ အဓိကပန်းတိုင်သည် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးရေး၊ တစ်ခုတည်းသော တပ်မတော်ထူထောင်ရေး မဟုတ်ပေ။ တန်းတူညီမျှရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် (ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) ရရှိရေးသာ ဖြစ်သည်။

လက်ရှိတွင် Arakn Army(AA) နှစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် (ULA) နှင့် ရခိုင်ပြည်တပ်မတော် (ANC) တို့သည်လည်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းနေကြသည်။ သို့သော် ရက္ခိုင့်တပ်မတော်က လွတ်လပ်ရေးလမ်းစဉ်ကို ကြွေးကြော်ထားပြီး ၂၀၂၀ အတွက် Arakan Dream ဖြင့် လူထုကို ဆွဲဆောင်ထားသည်။ တိုက်ပွဲခေါ်သံများနှင့်အတူ တပ်ဖွဲ့အင်အား အများအပြားကို စုဆောင်းထားနိုင် သည်။ အစိုးရ၏ NCA လမ်းကြောင်း အတိုင်းမသွားဘဲ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ Federal Political Negotiation and Consultative Committee (FPNCC)၏ မူအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည်ဟု ထုတ်ပြန်ထားသည်။ ထို့အတူ တဖက်တွင်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်နိုင်ငံဘက်တွင် ကြိုကြားကြိုကြား ဆွေးနွေးမှုများလည်း ရှိနေပြန်သည်။

ရခိုင်ပြည်တပ်မတော်က ဖက်ဒရယ်မူကို စွဲကိုင်ပြီး နိုင်ငံရေးစကားဝိုင်းများမှတဆင့် အဖြေရှာသည့် လမ်းကြောင်းအတိုင်း သွားနေသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင်ပါဝင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အားလုံးပါဝင်ရေး (All Inclusive) ကို အခိုင်အမာ ကိုင်စွဲထားသည်။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့များသမိုင်းတွင် မျက်မှောက်အချိန်သည် အင်အားအကောင်းဆုံး ဖြစ်သည်မှာလည်း ငြင်းမရသည့် အချက်ဖြစ်သည်။

ပြည်တွင်းက ရခိုင့်နိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) တို့သည်လည်း သူတို့၏ မိတ်ဖက်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် United Nationalities Alliance(UNA) တွင် ပါဝင်ထားသည်။ အခြားတစ်ဖက်တွင် ရခိုင်အမျိုးသားပါတီက ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေး ရှင်း  Nationalities Brotherhood Federation(NBF) နှင့် လက်တွဲ၍ လုပ်ဆောင်နေသည်။

လက်တွဲလုပ်ဆောင်နေကြသော အဖွဲ့အစည်းများ မည်သို့ပင်ကွဲပြားပါစေ ရခိုင်ပြည်နှင့် ရခိုင်အမျိုး သား အကျိုးစီးပွားကို တန်ဖိုးထားကြသည်ဆိုလျှင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအကြား ဘုံသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ရပေမည်။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် ကျောက်ဖြူညီလာခံ ကဲ့သို့ပွဲမျိုး လုပ်ခွင့်မသာလျှင်ပင် နည်းပညာ၏ အကူအညီဖြင့် မျက်နှာစုံညီပုံစံမျိုး ဆွေးနွေးနိုင်သည်။

လက်ရှိ ရခိုင့်နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသူများ အချင်းချင်းသည်လည်း တစ်ယောက်ကို တစ်ယောက် မသိသူများ မဟုတ်ကြပေ။ Facebook ပေါ်တွင်ပင် Group ဖွဲ့ဆွေးနွေးနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။  သွားနေကြသည့် လမ်းကြောင်းချင်း မတူကြသော်လည်း ဆုံမှတ်တစ်ခုကို သတ်မှတ်နိုင်ရန်ကား အထူးပင် လိုအပ်ပေလိမ့်မည်။ ကြီးမားအောင်မြင်သည့် တပ်ပေါင်းစုကြီးတစ်ခု ဖြစ်လာရန်အထိ မမျှော်မှန်းနိုင်သော်လည်း မတူကွဲပြားမှုများထဲမှ နိုင်ငံရေး ဦးတည်ချက်တစ်ခုကို ဆွဲထုတ်နိုင်ရန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ ကြိုးစားအားထုတ်ရမည့် အရာပင်ဖြစ်သည်။

အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်သူများအချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာရေးသည် ခက်ခဲလိမ့်မည်ဟု မထင်ပေ။ စုစည်းညီညွတ်မှုဖြင့် တည်ဆောက်ထားသည့် နိုင်ငံရေး ဦးတည်ချက်ကမှ အမှန်တကယ် ရခိုင်အမျိုးသားအကျိုးစီးပွားကို အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။ သို့မဟုတ်ဘဲ ပေါက်ပေါက်ဖောက်သကဲ့သို့ တစ်ဖွဲ့က တစ်မျိုးစီဖြင့်သွားနေလျှင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရန် ကြန့်ကြာသွားနိုင်သည်။

ထို့အတွက်ကြောင့် ရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် အပြန်အလှန်ဆွေးနွေး ငြင်းခုန်ရင်းက အားလုံးလက်ခံနိုင်လောက်သည့် ဘုံသဘောတူညီချက်တစ်ခုကို ရှာဖွေကြရပေလိမ့်မည်။ သမိုင်းအဆက်ဆက် မအောင်မြင်ခဲ့သည်များကို သင်ခန်းစာယူ၍ အနာဂါတ် မျိုးဆက်သစ်များအတွက် အစဉ်အလာကောင်းများ ချန်ထားခဲ့ကြရမည် ဖြစ်သည်။ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေးများကို အရေးဆိုကြမည့်အချိန်မှာ ရခိုင်တစ်မျိုးသားလုံး၏ အသံသည် တစ်သံတည်း ဖြစ်နေရန်လိုအပ်သည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် အချက်တစ်ခု တည်းပေါ်တွင်ပင် ခံယူချက် ကွဲပြား နေကြသည်။ တိုင်းရင်းသားတန်းတူညီမျှမှု အာမခံချက်မရှိဘဲ ခွဲမထွက်ရ ဆိုသည့်အချက်ကို လက်ခံထားသူများ အနေဖြင့်လည်း စဉ်းစဉ်းစားစား ဆုံးဖြတ်ကြစေလိုသည်။  မည်သို့ပင်ဆိုစေ ရခိုင်တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာကြလျှင် တိကျခိုင်မာသည့် ရခိုင့်အမျိုးသား နိုင်ငံရေးမူဘောင်တစ်ခု ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် Development News Journal, Issue 98 တွင်လည်း ဖတ်ရှုနိုင်သည်။

ဗီဒီယိုများ