သတိ ဆရာ၊ ဆရာမတွေ အရေးယူခံရမယ်

 

           အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၆ ခု ဧပြီလ ၂၀၁၇ သြဂုတ်လအထိ ၁၇ လ အတွင်း ပညာရေးဝန်ထမ်း ၈၄၄ ကျော်ကို ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းမှု၊ စည်းကမ်းဖောက် ဖျက်မှုနဲ့ တာဝန်ပျက်ကွက်မှုတို့ကြောင့် အရေးယူခံခဲ့ရခြင်းဖြစ်ပြီး သတိပေးခံရသူ၊ ရာထူးအဆင့် လျှော့ချခံရသူ၊ ရာထူးမှ ထုတ်ပယ်ခံရသူတွေရှိခဲ့ပါတယ်။

04 Jun 2018

          

ဖဒူထွန်းအောင် ရေးသားသည်

 ဇွန်လ (၁)ရက်နေ့ဆိုရင် အခြေခံပညာကျောင်းတွေ ဖွင့်တော့မှာဖြစ်ပါတယ်။ ခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းဆရာ၊ ဆရာမတွေ လိုက်နာရမယ့်အချက်တွေကိုလည်း ပညာ ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါပြီ။

            အဲဒီထဲမှာ ကျောင်းသူ၊ ကျောင်းသားတွေဆီက အခကြေးငွေကောက်ခံခြင်းမပြုဖို့နဲ့ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရနှင့် မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရဆိုပြီး ပါဝင်ပါတယ်။

            ဆရာ၊ ဆရာမတွေအနေနဲ့ ဒီအချက်တွေကို လိုက်နာမှုမရှိရင် အရေးယူခံရမှာဖြစ်ပါ တယ်။

            “ ထုတ်ပြန်ချက်မှာ သေသေချာချာ ညွှန်ကြားထားလို့ရှိတယ်။ အဲဒီအတိုင်းလိုက်နာရမယ်။ မလုပ်ရဆိုတာကိုလုပ်ရင်တော့ အရေးယူမယ်။ ဝန်ထမ်းမှာ ဝန်ထမ်းစည်းမျဉ်းရှိတယ်။ ဝန်ထမ်း စည်းမျဉ်းအတိုင်း အရေးယူမယ်”လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်သန်းမြင့်က ပြောဆိုပါတယ်။

            အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ဆရာ၊ ဆရာမတွေကို အပြစ်ပေးအရေးယူမှုတွေပြုလုပ်လာတာရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကာအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ(၃)ဦးကို အလယ်တန်းပြရာထူးသို့ လျှော့ချအပြစ်ပေးခဲ့တာရှိပါတယ်။

            ဒသမတန်းကျောင်းသားတွေကို သင်ထောက်ကူစာအုပ်တွေ ပြင်ပမှဝယ်ယူရောင်းချ ခဲ့တယ်လို့ တိုင်ကြားချက်ကြောင့် ဆရာမ (၃)ဦးကို စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုလည်း ပြီးခဲ့တဲ့ပညာသင်နှစ် ကျောင်းအပ်နှံစဉ် ကျောင်းသား၊ ကျောင်းသူတွေကို ဗလာစာအုပ်ရောင်းချခဲ့ခြင်းနဲ့ သင်ထောက်ကူစာအုပ်တွေ ရောင်းချခွင်ပြုခဲ့တာကြောင့် ရာထူးမှထုတ်ပယ်ခဲ့တာလည်း ရှိပါတယ်။

            အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၆ ခု ဧပြီလ ၂၀၁၇ သြဂုတ်လအထိ ၁၇ လ အတွင်း ပညာရေးဝန်ထမ်း ၈၄၄ ကျော်ကို ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းမှု၊ စည်းကမ်းဖောက် ဖျက်မှုနဲ့ တာဝန်ပျက်ကွက်မှုတို့ကြောင့် အရေးယူခံခဲ့ရခြင်းဖြစ်ပြီး သတိပေးခံရသူ၊ ရာထူးအဆင့် လျှော့ချခံရသူ၊ ရာထူးမှ ထုတ်ပယ်ခံရသူတွေရှိခဲ့ပါတယ်။

            ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ပညာသင်နှစ်အတွင်းက ပညာရေးဆရာ၊ဆရာမတစ်ချို့ ကျောင်း ကို ပုံမှန်မလာခြင်း၊ စာသင်ချိန်ပျက်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဆရာ၊ဆရာမတွေ မြို့နယ် ပညာရေးမှူးရုံးမှာ လက်မှတ်ထိုးပြီး သတိပေးမှုခံခဲ့ရပါတယ်။ ဒါပေမယ့် ရာထူးလျှော့ခြင်း၊ ပြင်း ထန်စွာ အရေးယူမှုတွေ မပြုလုပ်ခဲ့ဘူးလို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

            “  ခုတော့ စာထုတ်ပြီးသား။ ကိုယ်တာဝန်ကျတဲ့ကျောင်းမှာ တာဝန်ထမ်းဆောင် ရမယ်။ခုလည်း ၂၅ ရက်နေ့ဆိုရင် ကိုယ့်ကျောင်းကို အရောက်သွားရမယ်။ ဇွန် ၁ ရက်နေ့ နောက်ပိုင်းမှသိရမယ်။ ကျောင်းမှာ ဘယ်သူရောက်လဲ၊ မရောက်ဆိုတာကိုလေ။ တကယ်လို့ ပျက်ကွက်ခဲ့ရင်တော့ ထိထိရောက်ရောက် အရေးယူသွား မယ် “ လို့  ရခိုင်ပြည်နယ် ဒုတိယပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

            ရခိုင်ပြည်နယ်ရဲ့ တစ်ချို့မြို့နယ်တွေမှာ ဆရာ၊ဆရာမတွေ ကျူရှင်ပြနေတာတွေနဲ့ပတ် သက်ပြီး ပညာရေးဌာနကို တိုင်ကြားတာတွေလည်း ရှိပါတယ်။ ကျူရှင်ခများပြားစွာတောင်းလို့ ကျောင်း သားမိဘတွေက တိုင်ကြားတာတွေလည်း ရှိပါတယ်။

            ပညာရေးဌာနအနေနဲ့ ဆရာ၊ဆရာမတွေကို ကျူရှင်မပြဖို့ ညွှန်ကြားထားတာတွေရှိပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမတစ်ချို့ကတော့ ကျူရှင်ပြသမှုတွေရှိပါတယ်။ ကျူရှင်ပြရင်လည်း ကျောင်းသား၊ ကျောင်းသူတွေသဘောတူရင် ပြသနိုင်ပြီး ကျောင်းသားမိဘတွေလက်မခံရင် တော့မပို့သင့်ဘူးလို့ ယူဆသူတွေလည်း ရှိကြပါတယ်။

 

           တစ်ချို့ဆရာ၊ဆရာမတွေဆို ရင် စာသင်ကျောင်းမှာစာသင်ပြဖို့ အာရုံစိုက်မှုနည်းပါးသွားပြီး ကျူရှင်မှာသာ အာရုံစိုက်ပြီး ပြသနေတာတွေလည်း ရှိပါတယ်။ အဲဒီလို လုပ်တာတွေကို တော့လက်ခံနိုင်စရာမရှိဘူးလို့ ရခိုင်ပြည်နယ်ပညာရေး အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

            ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကတော့ “ ကျူရှင်ဥပဒေ အရတော့ ကျူရှင်မပြရဆိုပြီး ညွှန်ကြားထားလို့ရှိတယ်။ ကျူရှင်ပြလို့ ပြဿနာမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ ပြဿနာဖြစ်ရင်တော့ အရေးယူမှုအပိုင်းတွေ ပြုလုပ်သွားမယ် “  လို့ ပြောပါ တယ်။

            ကျူရှင်ပြလို့ အရေးယူမယ်ဆိုရင်လည်း ကွက်ကျားအရေးယူတာကို လက်မခံဘဲ တစ်နိုင်ငံလုံးမှာ ကျူရှင်ပြနေတဲ့ ဆရာ၊ဆရာအားလုံးကို အရေးယူသင့်တယ်လို့ မြေပုံမြို့နယ် အမက(မူလွန်) ကျောင်းအုပ်ဆရာကြီး ဦးသန်းဇော်ဌေးက ပြောပါတယ်။

            “ ပညာရေးဆရာ၊ဆရာမတွေ ကျူရှင်ပြရင် ဆရာပုံရိပ်ကိုကျဆင်းစေလို့၊ ပြီးတော့ အကျင့်ပျက်ဆရာ၊ ဆရာမတွေ ကျောင်းကြီးမှာ ကောင်းကောင်းမွန်မွန်မပြ၊ ကျူရှင်မှာတော့ ကောင်းကောင်း မွန်မွန်သင်တယ်။ ဒါကြောင့် ပညာရေးဌာနက ကျူရှင်မပြစေချင်တာ ထင်တယ် “ လို့ ဆိုပါတယ်။

            အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ပညာရေးဌာနမှာ ဝန်ထမ်းကျင့်ဝတ်ဖောက်ဖျက်မှု၊ တာဝန်ပျက်ကွက်မှုတွေကိုစိစစ်ပြီး အရေးယူမှုတွေ ပြုလာတာရှိပါတယ်။ အလားတူ ရခိုင် ပြည်နယ်မှာလည်း ဒီလိုဖြစ်စဉ်တွေ ရှိလာရင်တော့ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ပြည်နယ်ပညာရေးဌာနက ပြောပါတယ်။

            ပညာရေးဝန်ကြီးဌာနအနေနဲ့ ခုလို ကျောင်းဆရာ၊ ဆရာမတွေကို အပြစ်ပေး အရေးယူမှုတွေ ထိရောက်စွာပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ကြိုဆိုသူတွေလည်းရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြစ်မှုပြစ်ဒဏ်တွေကို မပြင်းထန်စေဘဲ မျှတစေရန်လိုအပ်တယ်လို့ အကြံပြုတာတွေလည်း ရှိကြပါတယ်။

 

ဗီဒီယိုများ