သဘောၤကွေ့ကျေးရွာကို ဖျက်သိမ်းတာ ဥပဒေနဲ့ညီရဲ့လား

အမှန်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းမှာ တရားမဝင်နေထိုင်တဲ့ ဘင်္ဂလီကျေးရွာတွေ အများကြီးရှိပါတယ်။ ဘင်္ဂလီတွေ ရခိုင်ကျေးရွာတွေကို ကျူးကျော်သတ်ဖြတ်မှုတွေကြောင့် ရခိုင်တွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ရွာတွေမှာ အစားထိုးဝင်ရောက်ပြီး နေထိုင်တာဟာလည်း ဥပဒေနဲ့မညီပါဘူး။ အရေးယူမယ်ဆို အများကြီးအရေးယူလို့ရပါတယ်။ အခုတော့ ပြည်နယ်အစိုးရ ကိုင်တွယ်ဖြေရှင်းတဲ့ပုံက ပြောင်းပြန်ဖြစ်တယ်။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ထွင်းလိုက်ရတယ်။

By မှတ်ကြီးသား (ဥပဒေ) 10 Jul 2018

(သင်္ဘောကွေ့ကျေးရွာကို ဖြိုဖျက်ပြီး တိုင်းရင်းသားများကို ဇူလိုင်လ ၉ ရက်နေ့ ညနေကနေ စတင်ပြောင်းရွှေ့ပေးနေစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

မှတ်ကြီးသား (ဥပဒေ) ရေးသားသည်/DMG

မြန်မာနိုင်ငံရဲ့ ဖွဲစည်းပုံအခြေခံဥပဒေ၊ အခန်း(၂)၊ ပုဒ်မ (၅၁) (က) မှ (ဈ) အထိ နိုင်ငံတော်ကို ကျေးရွာများ၊ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၊ မြို့များ၊ ခရိုင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ/တိုင်းများ၊ တိုင်ဒေသကြီး များ/ ပြည်နယ်များဖြင့် ဖွဲစည်းထားကြောင်းကို အဆင့်ဆင့်ဖော်ပြထားတာ တွေရမှာဖြစ်ပါတယ်။ ပုဒ်မ (၅၄) မှာ ကျေးရွာတွေကို ပြင်ဆင်ဖွဲစည်းရန် (သို့မဟုတ်) အမည်ပြောင်းလဲရန် ပေါ်ပေါက်မယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမယ်လို့ ဖော်ပြထားတာတွေရမှာဖြစ်ပါတယ်။

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၂)၊ ပုဒ်မ(၃)မှာလည်း ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်စေ၊ နေပြည်တော်ကောင်စီကဖြစ်စေ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်သမ္မတက သဘောတူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြေညာချက်ဖြင့် ကျေးရွာအမည်များကို ပြောင်းလဲခြင်း၊ ကျေးရွာများကို ပြင်ဆင်ခြင်းဖွဲ့စည်းခြင်းတွေ ပြုရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နိုင်ငံတော်ရဲ့ အမြင့်ဆုံးဥပဒေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရသော်လည်းကောင်း သုံးသပ်ကြည့်မယ်ဆိုပါက ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အမည်ပြောင်းသည့်ကိစ္စကိုပင်လျှင် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်မပါပဲ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခွင့် မရဘူးဆိုတာ တွေ့မြင်နိုင်ပါတယ်။ ကျေးရွာဖြစ်တည်မှုကို ဖျက်သိမ်းပိုင်ခွင့်ကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရပါ တည်ဆဲဥပဒေအရပါ လုံးဝခွင့်ပြုမထားဘူးဆိုတာလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် ကျေးရွာဖွဲ့စည်းတည်ထောင်မှုကို အားမပေးချင်နေပါ ထူထောင်သူများကို ဖမ်းဆီးအရေးယူတယ်ဆိုတာ မဖြစ်သင့်ပါဘူး။

သဘောၤကွေ့ကျေးရွာပြဿနာကို လေ့လာကြည့်မယ်ဆိုရင် သဘောၤကွေ့ကျေးရွာဟာ ယခင်က ရခိုင်လူမျိုးများ နေထိုင်ရာကျေးရွာများဖြစ်တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ၁၉၄၁ ခုနှစ်မှစပြီး ကျူးကျော်ဘင်္ဂါလီတွေရဲ့ ရခိုင်လူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် ကျေးရွာတွေကိုစွန့်ပြီး ဘင်္ဂါလီရန်က ကင်းဝေးရာအရပ်တွေမှာ ပြောင်းရွေ့နေထိုင်လာခဲ့ကြရတာပါ။ ရခိုင်ရွာတွေကို မီးရှို့၊ ရခိုင်တွေကို လူမျိုးတုန်းအောင် သတ်ပြီးနောက်ပိုင်း ရခိုင်ရွာတွေမှာ ဘင်္ဂါလီတွေ အစားဝင်နေထိုင်လာကြတယ်ဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ သမိုင်းအထောက်အထား သက်သေတွေရှိပါတယ်။

ARSA အကြမ်းဖက်မှုကြောင့် ဘင်္ဂါလီများက ကျေးရွာများကို စွန့်သွားကြသည့်နောက်ပိုင်း ပြန်လည်နေရာချထားရေးကိစ္စမှာ နိုင်ငံတကာဖိအားကို အကြောင်းပြုလို့ ဘင်္ဂါလီများတွေနေထိုင်တဲ့ ကျေးရွာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သဘောၤကွေ့ကျေးရွာကို ပြန်လည်တည်ထောင်ပြီး နေထိုင်သူတွေကို ဖမ်းဆီးအရေးယူတာ၊ ကျေးရွာကိုဖျက်လိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ အားလုံးလေ့ လာတွေ့ရှိနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ (၃၅၅၊ ၃၅၆၊ ၃၅၇) တို့မှာ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံနှင့်မဆန့်ကျင်ဘူးဆိုရင် မည်သည့်အရပ်ဒေသမှာမဆို အခြေချနေထိုင်ခွင့်ရှိသလို အစိုးရကလည်း နိုင်ငံသားတွေရဲ့ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွေပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းဥစ္စာလုံခြုံမှုတွေကို ကာကွယ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။ အခုတော့ ကိုယ်ထူကိုယ်ထကျေးရွာ ပြန်လည်တည်ထောင်မှုကို သက်ဆိုင်ရာအာဏာပိုင်တွေက အသိအမှတ်အပြုသေးတဲ့အပြင် ဦးဆောင်သူတွေကို ဖမ်းဆီးထောင်ချဖို့လုပ်တာ၊ ကျေးရွာကိုဖျက်လိုက်တာဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာဖြစ်သလို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဆန့်ကျင်ရာ ရောက်နေပါတယ်။ ဒါကြောင့် ကျေးရွာပြန်လည်ထူထောင်သူတွေကို အရေးယူဖို့လုပ်နေတာကို ပြန်လည်စဉ်းစားသုံးသပ်ပြီး အမှုကို ပလပ်သင့်ပါကြောင်း အကြံပြုလိုပါတယ်။

အမှန်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းမှာ တရားမဝင်နေထိုင်တဲ့ ဘင်္ဂလီကျေးရွာတွေ အများကြီးရှိပါတယ်။ ဘင်္ဂလီတွေ ရခိုင်ကျေးရွာတွေကို ကျူးကျော်သတ်ဖြတ်မှုတွေကြောင့် ရခိုင်တွေထွက်ပြေး တိမ်းရှောင်သွားတဲ့ရွာတွေမှာ အစားထိုးဝင်ရောက်ပြီး နေထိုင်တာဟာလည်း ဥပဒေနဲ့မညီပါဘူး။ အရေးယူမယ်ဆို အများကြီး အရေးယူလို့ရပါတယ်။ အခုတော့ ပြည်နယ်အစိုးရ ကိုင်တွယ်ဖြေရှင်းတဲ့ပုံက ပြောင်းပြန်ဖြစ်တယ်။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ထွင်းလိုက်ရတယ်။

(ဇူလိုင်လ ၉ ရက်နေ့ ညနေက သင်္ဘောကွေ့ကျေးရွာကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖြိုဖျက်နေစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

တကယ်တော့ သဘောၤကွေကျေးရွာကို စတင်တည်ထောင်ကတည်းက ဦးဆောင်သူတွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ခရိုင်၊ ပြည်နယ်အထိ အသိပေးအကြောင်းကြားခဲ့သလို၊ ခွင့်ပြုချက်လည်း တောင်းခံခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရကတော့ ခွင့်ပြုမပေးခဲ့ပေ။ ဘာကြောင့်လဲဆိုတာ မေးခွန်းထုတ်စရာပါ။ နေထိုင်ဖို့တောင်းဆိုတဲ့သူတွေကလည်း ရခိုင်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ ရခိုင်လူမျိုးတွေက ရခိုင်ပြည်နယ် ကြိုက်တဲ့နေရာမှာ နေထိုင်ခွင့်ရှိရမှာမဟုတ်ဘူးလား။ တကယ်လို့ အစိုးရက ခွင့်မပြုဘူးဆိုရင် ရွာတည်ကတည်းက မောင်တောဒေသမှာရှိနေတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ဟန့်တားကြရမှာပါ။ အခုတော့ ရွာလေးကစည်ကားလာ အိမ်ခြေတွေများလာမှ တည်ထောင်သူတွေကို အရေးယူပြီး ရွာကိုဖျက်တယ်ဆိုတာ မသင့်တော်ပါဘူး။ အမှန်က ဖွဲစည်းပုံအခြေခံဥပဒေအရပဲဆိုဆို တည်ဆဲဥပဒေအရပဲပြောပြော ပြည်နယ်အစိုးရက ကျေးရွာပြင်ဆင်ဖွဲစည်းလိုက်တယ်ဆိုရင် ရတဲ့ကိစ္စပါ။ လောလောဆယ် အခြေအနေမပေးသေးဘူး ဆိုရင်တောင်မှ ကျေးရွာစတည်စဉ်ကတည်းက ဖျောင်းဖျပြောဆိုပြီး ခွင့်မပြုခဲ့ရင် အခုလို အခြေအနေဆိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အခုတော့ ဘင်္ဂါလီတွေကို အားပေးရာရောက်ပြီး နိုင်ငံတကာဖိအားကိုကြောက်လို့ လုပ်ပေးသလိုဖြစ်နေပါတယ်။

အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရကို အကြံပြုချင်တာက ARSA အကြမ်းဖက်လို့အပြီးမှာ ပြန်လည်နေရာချထားရေးတွေ လုပ်ရတော့မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ကျေးရွာတွေကို ပြန်လည်ဖွဲ့စည်းတည်ဆောက်မလဲ။ အဲလိုတည်ဆောက်တဲ့အခါ နိုင်ငံတော်ဥပဒေနဲ့အညီ တည်ဆောက်မလား။ နိုင်ငံတကာ ဖိအားကိုပဲကြည့်ပြီး တည်ဆောက်မလားဆိုတာကို အစိုးရတစ်ရပ်အနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်ကိုပြရမယ့် အချိန်ဖြစ်ပါတယ်။ ဖြစ်ခဲ့ပြီးတဲ့ ပဋိပက္ခတွေကို ပြန်လည်သုံးသပ်ပြီးတော့ တည်ငြိမ်အေးချမ်းရေးအတွက် ဘူးသီးတောင်၊ မောင်တောမှာရှိနေတဲ့ ကျေးရွာတွေကို ပြန်လည်ဖွဲစည်း တည်ဆောက်သင့်ပြီဖြစ်ပါတယ်။ အထူးသဖြင့် တည်ဆဲဥပဒေကိုဆန့်ကျင်ပြီး တည်ထောင်ထားတဲ့ ဘင်္ဂလီကျေးရွာတွေကိုလည်း ကျေးရွာအဖြစ် ထားရှိသင့်/မသင့်ကို ပြန်လည်စိစစ်သွားရန်နဲ့ ယခင်ရှိပြီးသား ရခိုင်ကျေးရွာတွေကို ပြန်လည်ထူထောင်ဖို့၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဦးစားပေးဖို့နဲ့ မေ့ထားဖို့ကို တိုက်တွန်းပါရစေ။

မြန်မာနိုင်ငံရဲ့ အနောက်ဘက်၊ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်မှာဖြစ်နေတဲ့ အဓိကပြဿနာက နယ်မြေဖွဲ့စည်းရေးနဲ့ လုံခြုံရေးကို စနစ်တကျတည်ဆောက်ထားမှု၊ ဒေသခံများကို အဓိကထား တည်ဆောက်ထားမှု အားနည်းချက်ရှိနေတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘူးသီးတောင်နဲ့ မောင်တောမှာရှိနေတဲ့ ကျေးရွာတွေအားလုံးရဲ့ နယ်နိမိတ်တွေ၊ တည်နေရာတွေကို အသစ်ပြင်ဆင်ဖွဲ့စည်း တည်ဆောက်ဖို့ အမြန်ဆုံးလုပ်ဆောင်ရမှာပါ။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ (၄၀) အရ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ထားရှိရမ့ဲ စာရင်းဇယားပုံစံ ၂၇ မျိုးကို စနစ်တကျ အရေးတကြီး ပြုလုပ်ဖို့ လိုအပ်နေပါကြောင်း အကြံပြု တင်ပြအပ်ပါတယ်။

(သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရပြီးနောက် တိုင်းရင်းသား ၂၀၀ ခန့်မှာ ကျောက်ပန်းဒူကျေးရွာ၌ ယာယီခိုလှုံနေပြီး အကူအညီများလိုအပ်လျှက်ရှိနေ။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

ဗီဒီယိုများ