အမှိုက်ကင်းစင်ရေး

ဗုဒ္ဓဘာသာဝင်တို့ မြတ်နိုးတန်ဖိုးထားသော ဘုရားစေတီပုထိုးများ၌ စည်းကမ်းမဲ့ အမှိုက်ပစ်ထားခြင်းများကို စိတ်မကောင်းဖွယ်ရာ တွေ့ရပေသည်။ ဟိုတလောက ရခိုင်လူမျိုးတို့၏ အထင်ကရ ဘုရားစေတီများဖြစ်သော ဘားဘူတောင် နှင့် မဟာမုနိဘုရားသိမ် အနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူတို့၏ စွန့်ပစ်ပစ္စည်း အမှိုက်များကို တွေ့ရကြောင်း သတင်းများ၌ မြင်ရသည်။

By မောင်မေယု(ဘူးသီးတောင်) 24 Dec 2018

(မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်(ရွာစုချေ) မူလတန်းကျောင်းအနီးက အမှိုက်ပုံ။ ဓာတ်ပုံ - ချမ်းအေး)

မောင်မေယု(ဘူးသီးတောင်) / DMG

လောက၏ အတတ်ပညာများကို ဆရာတစ်ဆူပမာ ကျွမ်းကျင်စွာ တတ်မြောက်ပါသော်လည်း အမှိုက်များကို စည်းကမ်းရှိရှိ စွန့်ပစ်ရကောင်းမှန်း မသိလျှင် ထိုလူသည် အတတ်ပညာရှိပါလျက် အသိပညာမွဲသူပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ အသိပညာမွဲသူတို့ များပြားလာသည်နှင့်အမျှ မြို့ရွာပတ်ဝန်းကျင်များ အရုပ်ဆိုး အကျဉ်းတန်လာမည်မှာ အသေချာပင်ဖြစ်သည်။

အမှိုက်များမှာ နေ့စဉ် နေထိုင်ချက်ပြုတ် စားသောက်ခြင်းကြောင့် သော်လည်းကောင်း၊ လုပ်ငန်းတစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် သော်လည်းကောင်း ရောင်းဝယ်ဖောက်ကားမှုကြောင့် သော်လည်းကောင်း၊ ပြုလုပ်မှု တစ်ခုခုကြောင့် သော်လည်းကောင်း အမှုန် (သို့) ဒြပ်ထုအစိုင်အခဲ (သို့) အရည်သဘာ၀ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ၊ အသုံးမလိုတော့သည့် ဝတ္ထုပစ္စည်းများ ဘေးထွက်အပိုပစ္စည်းများနှင့် စက်ဆုပ်ဖွယ်ရာ ဝတ္ထုအမျိုးမျိုးကို ဆိုလိုသည်ဟု အဓိပ္ပါယ်ဖွင့်ပါသည်။

ယခုဆိုလျှင် ထိုအမှိုက်များကြောင့်ပင် လူတို့၏ ပတ်ဝန်းကျင်သည် အကျဉ်းတန် အရုပ်ဆိုးလာပေသည်။ စစ်တွေမြို့ကြီးမှာပင် လမ်းဘေးအမှိုက်ပုံများကို စိတ်မကောင်းစရာ တွေ့ရသည်။ တစ်ခြားမြို့ငယ်များ၌လည်း ထိုအတိုင်းပင် တွေ့ရသည်။ “ ဤနေရာ၌ အမှိုက်မပစ်ရ ” ဆိုသည့် သတိပေး ဆိုင်းဘုတ်များနှင့်အတူ အနံ့တထောင်းထောင်း ထွက်နေသော ရွံရှာဖွယ် အမှိုက်ပုံကြီးများကို နေရာစုံ၌ တွေ့လာရ သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ထိုပတ်ဝန်းကျင်ရှိ လူတို့၏ စရိုက်ကို သိရှိနိုင်ပေသည်။

တချို့က အမှိုက်မပစ်ရ ဆိုသည့် ဆိုင်းဘုတ်များကိုပင် ဖျက်ဆီးပစ်ခဲ့ကြသည်။ သူများတကာ လက်နှင့်လုပ်သည်ကို ခြေနှင့်ဖျက်သော အဖြစ်မျိုး မလုပ်သင့်ပေ။ “ မကူညီချင်လျှင် မဖျက်ဆီးပါနှင့် ” ဆိုသည့်အတိုင်း မိမိတို့ မလုပ်နိုင်သည့်တိုင် လုပ်နိုင်သူများကို အားပေးကူညီသင့်ပေသည်။ ဤသို့ စိတ်ဓာတ်မျိုးရှိမှ အားကောင်းပြီး စည်းကမ်းရှိသော ရခိုင့်လူ့အဖွဲ့စည်းတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

လူအများ သွားလာလည်ပတ်လေ့ရှိသော ကမ်းခြေများနှင့် တခြား စိတ်ဝင်စားစရာနေရာများကို ပြည်ပ ခရီးသွားများထက်  ပြည်တွင်းနေ ပြည်သူများက ပိုဖျက်ဆီးလေ့ရှိသည်။ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ရန် အကျင့်မရှိသေးသော ပြည်သူတို့ကြောင့် ကမ်းခြေများ ပျက်စီးလာသည်။ ထို့ကြောင့် ကမ္ဘာကျော် ငပလီကမ်းခြေသည် အဆင့် (၈) သို့ ထိုးဆင်းသွားခြင်းဖြစ်မည်။ အမှိုက်များကို ကမ်းခြေများမှာ သာမက အဆိုးဆုံးမှာ ဘုရားစေတီများပေါ်တွင်လည်း အမှိုက်ပစ်နေကြသည်ကို တွေ့နေရသည်။

မြန်မာလူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ထိုအထဲမှ မိမိတို့ ရခိုင်လူမျိုးဆိုလျှင် မွေးရာပါ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်တို့ မြတ်နိုးတန်ဖိုးထားသော ဘုရားစေတီပုထိုးများ၌ စည်းကမ်းမဲ့ အမှိုက်ပစ်ထားခြင်းများကို စိတ်မကောင်းဖွယ်ရာ တွေ့ရပေသည်။ ဟိုတလောက ရခိုင်လူမျိုးတို့၏ အထင်ကရ ဘုရားစေတီများဖြစ်သော ဘားဘူတောင် နှင့် မဟာမုနိဘုရားသိမ် အနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူတို့၏ စွန့်ပစ်ပစ္စည်း အမှိုက်များကို တွေ့ရကြောင်း သတင်းများ၌ မြင်ရသည်။ ထိုသို့လုပ်ရပ်များနှင့် မြင်ကွင်းများသည် မိမိတို့လူမျိုး၏ သိက္ခာကို ကမ္ဘာ့အလယ်၌ ချနင်းလိုက်ခြင်းပင် ဖြစ်သည်။

(မြောက်ဦးမြို့၊ သုံးဆယ့်တစ်ဆူဘုရားဝန်းကျင်တွင် တွေ့ရသော မူးယစ်ဆေးဝါး စွန့်ပစ်ပစ္စည်းများ။ ဓာတ်ပုံ - ချမ်းအေး)

ဒီဇင်ဘာလ တစ်ရက်နေ့က အာဂန္တု (ဧည့်သည်) များနှင့် ဘူးသီး တောင်မြို့နယ်မှ ၃၁ ဘုံစေတီသို့ ဘုရားဖူးသွားဖြစ်ခဲ့သည်။ ထိုစေတီ၌ အမှိုက်စွန့်ပစ်ရန်  ခြင်းတောင်းများကို စနစ်တကျ ချထားသည်ကို တွေ့ရသည်။ သို့သော် စိတ်မကောင်းစရာမှာ အမှိုက်အများစုမှာ နေရာစုံ၌ ပြန့်ကြဲနေသည်။ ထို့ကြောင့် အမှိုက်ကောက်ရန် အသိစိတ် ရောက်လာ၍ သူငယ်ချင်းများနှင့် အမှိုက်ကောက်ခဲ့ကြသည်။ အပြန်တွင် ဒုံးသိမ်ပုထိုးကို ဝင်ရောက်၍ ဖူးမျှော်ကြသည်။ ထိုပုထိုး၏ ပတ်ပတ်လည်တွင် လည်း အမှိုက်မျိုးစုံကို စိတ်မကောင်းစရာ တွေ့မြင်ရသည်။

တချို့က ထိုသို့အမှိုက်ကောက်ခြင်းကို ရှက်ကြသည်။ အမှိုက်ကောက်ခြင်းသည် ရှက်စရာမဟုတ်ပေ။ အမှိုက်ကောက်မည့် အလေ့အထကို မရှက်ပါနှင့်။ အမှိုက်ပစ်ချခြင်းကိုသာ ရှက်သင့်ပေသည်။ မသိလူကို သိတတ်လူများက သတိပေးရင်း စည်းကမ်းရှိသော ရခိုင့်လူဘောင်သစ်တစ်ခုကို တည်ဆောက်ရန် အချိန်နောက်ကျနေပေပြီ။ မိမိတို့၏ အမွေအနှစ်များကို မိမိတို့က တန်ဖိုးမထားလျှင် မည်သူက တန်ဖိုးထားမည်နည်း။ ထို့ကြောင့် စည်းကမ်းရှိဖို့ လိုအပ်သည်။ အမှိုက်များကို ရှုပ်ဖို့မဟုတ်ပေ။ ရှင်းဖို့သာ ဖြစ်သည်။ ယခုအချိန်တွင် ရှိပြီးသားအမှိုက်များကို ပျောက်အောင် ရှင်းကြရပေမည်။ ထို့ကြောင့် အမှိုက်ကောက်ခြင်းဖြင့် ကုသိုလ်ယူကြ ရမည်။

ဘုရားရှင်လက်ထက်က အမှိုက်များကို မပျင်းမရိနှင့် လိုက်ကောက်လေ့ရှိသူမှာ ရှင်ရာဟုလာ ပင်ဖြစ်သည်ဟု မှတ်သားဖူးသည်။ သန့်ရှင်းရေးလုပ်သည့်နေရာ အမှိုက်ကောက်သည့် နေရာမှာ နာမည်ကြီးလှသည့် ရှင်ရာဟု လာသည် မည်သူက မည်သို့ပြောပြော အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတို့ကို စိတ်ထားကောင်းကောင်း လုပ်သည်။ တစ်ခါသောအခါ ရဟန်းများက ရာဟုလာ၏ စိတ်နေသဘောထားကို စမ်းသပ်သည့်အနေဖြင့် တံမြက်စည်း၊ အမှိုက်တောင်းများနှင့်  အမှိုက်များကို နေရာအနှံ့ ချထားပြီး ရှင်ရာဟုလာနှင့် တွေ့သောအခါ “ ဒါတွေ ကို ငါ့ရှင် ထားခဲ့တာ မဟုတ်လား ” ဟု မေးကြသည်။ ထိုအခါ ရာဟုလာက “ မှန်ပါ တပည့်တော် သိမ်းလိုက်ပါမည် ” ဟုဆိုပြီး စေတနာကောင်းစွာနှင့် သိမ်းလိုက်လေသည်။

သန့်ရှင်းရေးနှင့် ပတ်သက်ပြီး ရှင်ရာဟုလာ၏ ခံယူချက်မှာ အတုယူ ကျင့်သုံးစရာပင် ဖြစ်သည်။ စိတ်ထား ကောင်းကောင်းနှင့်သာ ပြုမူလုပ်ဆောင်တတ်မည်ဆိုလျှင် မည်သူက မည်သို့ဆိုဆို၊ မည်သူက အမှိုက်ကို စည်းကမ်းမဲ့ ပစ်ပစ် မိမိကောက်လိုက်သည့် အမှိုက်၊ မိမိ သန့်ရှင်းလိုက်သည့် ကုသိုလ်သည် မိမိအတွက် ကောင်းကျိုးတစ်ခုပင် ဖြစ်သည်။ အမှိုက်မြင်တိုင်း ကောက်တတ်သူသည် အမှိုက်ကို စည်းကမ်းမဲ့ မပစ်တတ်ပေ။ ထို့ကြောင့် လူတို့သည် အမှိုက်မြင်လျှင် ကောက်ပစ်တတ်သော အကျင့်စွဲလာပါကာ စည်းကမ်းမဲ့ အမှိုက်ပစ်တတ်သော အကျင့် ပျောက်လာပေမည်။ အမှိုက်များကို ကောက်ချင်စိတ် မရှိလျှင် မိမိကိုယ်တိုင် စည်းကမ်းမဲ့ အမှိုက်မပစ်ပါနှင့်ဟု တိုက်တွန်းချင်ပါသည်။

စံပြမြို့ရွာနှင့် စံပြလူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ဆိုလျှင် အမှိုက်ကင်းစင်ရေးနှင့် အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တတ်ရေးသည်လည်း အရေးကြီး ပေသည်။ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကို ထိန်းသိမ်းရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရန် အနယ်နယ်အရပ်ရပ်တွင် အသိပညာဟောပြောပွဲများ ပြုလုပ်ရပေမည်။ အခြေခံကျောင်းများမှစပြီး ကလေးများကို ပညာပေးရမည်။ သို့သော် စည်းကမ်းလိုက်နာနိုင်စေသော ပတ်ဝန်းကျင်၏ ထောက်ပံ့ပေးမှုများလည်း လိုအပ်ပေလိမ့်မည်။

ကျောင်း၌ အမှိုက်ပုံး လုံလောက်စွာမရှိဘဲ ပညာပေးမှုလုပ်ပါက အလကား ဖြစ်သွားပေမည်။ ထိုနည်းအတူ မြို့၌ အမှိုက်ပစ်ရန် သတ်မှတ်ထားသော နေရာနှင့် အမှိုက်ပုံးကြီးများ မချထားလျှင် ဟောပြောလှုံ့ဆော်ခြင်းသည် အလကားဖြစ်သွားပေမည်။ ထို့ကြောင့် ပတ်ဝန်းကျင်၏ ထောက်ပံ့မှုသည်လည်း အရေးကြီးပေသည်။ စည်းကမ်းမဲ့ အမှိုက်မပစ်ရန် ကွမ်းတံထွေးကို စနစ်တကျ ထွေးတတ်ရန် လှုံ့ဆော်ဟောပြောပွဲ လုပ်ပြီး စည်းကမ်း မလိုက်နာနိုင်သူများကို ပညာပေး ဒဏ်ပေးခြင်းများလည်း ပြုလုပ်သင့်ပေသည်။

အချုပ်အားဖြင့် ပြောရမည်ဆိုလျှင် စည်းကမ်းမဲ့ အမှိုက်ပစ်သူသည် အမှိုက်လိုလူပင် ဖြစ်သည်။ အမှိုက်လို လူ(သို့) လူအမှိုက်များ နေထိုင်သော ဝန်းကျင်သည် ရောဂါဘယပေါများပြီး ရုပ်ဆိုးအကျဉ်းတန်ကာ စည်းကမ်းရှိသော လူ့ဘောင်သစ်တို့၏ လိုက်လျူ ရှုခြင်းကို ခံရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့ တစ်မျိုးသားလုံး အမှိုက်မှသည် အရာရာကို စည်းကမ်းတကျ ဆောင်ရွက်ပြီး ခေတ်မီဖွံ့ဖြိုးသော လူ့ဘောင်သစ်ဆီသို့ လျှောက်လှမ်းကြမည် ဆိုလျှင် စိတ်ဓာတ်မွန်မြတ်သော ခေတ်သစ် ရာဟုလာများ များစွာ လိုအပ်ပေသည်။ ထို့ကြောင့် ခေတ်သစ်ရာဟုလာများ အလိုရှိလေသည်။

- သင့်ကြောင့် လူမျိုးသိက္ခာ မကျပါစေနှင့်။

- သင့်ကြောင့် ပတ်ဝန်းကျင် မညစ်ညမ်းပါစေနှင့်။

မောင်မေယု(ဘူးသီးတောင်)

Development Media Group

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် Development News Journal, Issue 99 တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ