အမျိုးသားရေးဘောင်ဖြင့် ရခိုင်ပြည်နယ်ကို တည်ဆောက်ကြည့်ခြင်း

“ ဘောင် ” ဆိုတဲ့ စကားလုံးကို အဘိဓာန်ထဲမှာ “ ထိန်းကွပ်ထားသော ပတ်လည်အနားသတ် ” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဲဒီဘောင်ဆိုတဲ့ အထိန်းအကွပ်နဲ့ ရခိုင်ပြည်နယ်ကိုတည်ဆောက်ဖို့ ကြိုးစားနေကြတဲ့အထဲမှာတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတစ်ချို့နဲ့ ရပ်ကွက်၊ကျေးရွာကနေ မြို့ပြအထိ ပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

By ဝင်းထိန် 22 Mar 2018

ဝင်းထိန် ရေးသားသည်။      

“ ဘောင် ” ဆိုတဲ့ စကားလုံးကို အဘိဓာန်ထဲမှာ “ ထိန်းကွပ်ထားသော ပတ်လည်အနားသတ် ” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဲဒီဘောင်ဆိုတဲ့ အထိန်းအကွပ်နဲ့ ရခိုင်ပြည်နယ်ကိုတည်ဆောက်ဖို့ ကြိုးစားနေကြတဲ့အထဲမှာတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတစ်ချို့နဲ့ ရပ်ကွက်၊ကျေးရွာကနေ မြို့ပြအထိ ပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ဘယ်လိုဘောင်ခတ်ထားသလဲဆိုတော့ အမျိုးသားရေးဆိုတဲ့ဘောင်ကို တွေ့မြင်ရပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းတွေဟာ ရှင်နာဂိန္ဒမော်ကွန်းမှာပါတဲ့ “ အမျိုးသီလနှစ်ဌာကို ပြည့်ဝမဏ္ဍိုင်၊ စွမ်းဆောင်နိုင်၍ ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အနွတ္တသညာ ခေါ်အပ်ရာ ” ဆိုတဲ့ အလင်္ကာအတိုင်း အမျိုးသီလ၊ နှစ်ဌာနဆိုတဲ့ ဘောင်အတွင်းကနေ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ တစ်ခြားလူမှုရေးတွေမှာပါ ရှေ့တိုးနေတာကို တွေ့မြင်ရပါတယ်။ အဲဒီဘောင်အ တွင်းကပဲ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနိုင်ရခဲ့တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီရဲ့ အောင်နိုင်ခြင်းဟာလည်း အဲဒီဘောင်အထဲက မလွတ်ခဲ့ပါဘူး။ “ အမျိုးကိုချစ်၊ သွီးကိုစစ်၊ ရခိုင်ပီပီတာဝန်ကျီ ” ဆိုတဲ့စာသားဟာ တကယ့်တော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေရဲ့ နှလုံးသားကို အမျိုးသာရေးဘောင်ထဲကနေ တူးဆွလိုက်တာပါ။ အဲဒီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီပါပဲ တိုင်းသစ်ပြည်သစ်ထူထောင်မယ့် ရခိုင်မျိုးချစ်ပါတီဆိုတာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပါတီကတော့ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

ဘောင်တစ်ခုကို သိမ်းသွင်းခြင်း

ရခိုင်မှန်ရင် အမျိုးသီလကို စောင့်ရမယ်ဆိုတဲ့ စကားလုံးဟာ အရပ်ထဲကအစ စင်ထက်အလယ်၊ တရားပွဲအဆုံး ပြောနေကြတဲ့စကားလုံးပါ။ အထူးသဖြင့် ၂၀၁၂ ခုနှစ်ကနေ လှိုင်လှိုင်ပေါ်ပေါက်လာခဲ့တဲ့ စာပေဟောပြောပွဲတွေမှာ အကြားရဆုံးလို့ ပြောရမှာပါ။ ဒါ့အပြင် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာလည်း ဒီစကားဟာ အသုံးအလွန်တည့်လှပါတယ်။ ဆိုတော့ ရပ်ကွက်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတစ်ရပ်လုံးဟာ ဘာမှစဉ်စားစရာမလိုတော့ဘဲ ရခိုင်မှန်ရင် ရခိုင်အမျိုးသားပါတီကို မဲထည့်ရမယ်ဆိုတဲ့အသိမျိုး အလိုလိုနေရင်းပေါ်ပြီး သားအခြေအနေကို ရောက်ခဲ့ရပြန်တယ်။ တချို့လူမှုအဖွဲ့အစည်းတွေဟာလည်း အဲဒီအမျိုးသီလဘောင်အတွင်းကနေ လှုပ်ရှားဆောင်ရွက်နေကြတာဟာ ပြည်ပရောက်ရခိုင်လူထုရဲ့ အကြိုက်တွေ့စေပြီးတော့ အလှူငွေတွေကိုလည်း ရှာရလွယ်စေပါတယ်။ နောက်ဆုံး တည်ဆောက်လာကြတဲ့ ဘောင်ထဲမှာတော့ သီချင်းတွေလည်း ပါဝင်လာပါတယ်။ ထွက်သမျှတေးစီးရီးတွေထဲမှာ အမျိုးသားရေးအခြေခံတဲ့ သီချင်းတွေပါဝင်သလို အောင်မြင်တဲ့ သီချင်းတွေဟာလည်း အမျိုးသားရေးသီချင်းတွေက အအောင်မြင်ဆုံးလို့ ဆိုရမှာပါ။ တစ်ခါ ကဗျာနဲ့စာပေအပိုင်းမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့ ဘင်္ဂါလီအရေးကို အမျိုးသားရေးအမြင်ဖက်ကနေယူပြီး ရေးသားထားတဲ့ စာအုပ်တွေမှ လူကြိုက်များပြီး ရောင်းထွက်တဲ့စာပေတွေအထဲ ပါဝင်နေပါတယ်။

အမျိုးသားရေးရဲ့ အခြားတစ်ဖက်

အမျိုးသားရေးဘောင်အတွင်းကနေ စည်းရုံးလှုံ့ဆော်လာခဲ့သမျှဟာ တစ်ချို့နေရာတွေမှာ ဘောင်ကျော်သလို ဖြစ်ပွားသွားပြီး ပြစ်မှုမြောက်ခဲ့ရတဲ့ ဖြစ်စဉ်တွေဟာလည်း ဒီမိုကရေစီအစိုးရလက်ထက်မှာ များစွာပေါ်ပေါက် နေပါတယ်။ လတ်တလော ဖမ်းဆီးခံထားရတဲ့ စာရေးဆရာဝေဟင်အောင် နဲ့ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ဟာလည်း စာပေဟောပြောပွဲကြောင့် ဖမ်းဆီးခံခဲ့ရသလို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ၁၄ ရက်နေ့က လွတ်မြောက်လာခဲ့တဲ့ ကိုအမ်းသားကြီး ဆိုရင်လည်း ဟောပြောပွဲကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ ပြီးတော့ မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နေမင်းတို့ဟာလည်း အလားတူပါပဲ။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကနေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရရှိခဲ့တဲ့ တစ်ချို့အမျိုးသား ရေးပွဲလမ်းသဘင်တွေဟာလည်း ကျင်းပသူအပေါ်မူတည်ပြီး တစ်စတစ်စ ပြောင်းလဲလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားရေးဘောင်ကနေခွဲထွက်ပြီး တော်လှန်ရေးဖက်ကို စောင်းနင်းသွားတဲ့အခါမျိုးမှာ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရနဲ့ ထိပ်တိုက်တိုးရတဲ့ ဖြစ်စဉ်တွေထဲမှာတော့ မြတန် ဆောင်းဆရာတော် ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရခိုင့်တပ်မတော် AA ရဲ့ (၈)နှစ် ပြည့် အထိမ်းအမှတ်ပွဲဟာဆိုရင် သာမန် အမျိုးသားရေးဘောင်အတွင်းကနေ ခွဲထွက်လိုက်တဲ့အထဲ အထင်ရှားဆုံး သာဓကဖြစ်နေပါတယ်။ အဲဒီအထဲမှာ အဆိုးရွားဆုံးကတော့ ရသေ့တောင်စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး စာရေး ဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ ဖမ်းဆီးခံရတာပါပဲ။ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်သစ္စာဖောက်ဖျက်မှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရသလို ပွဲစီစဉ်သူတွေကိုလည်း တရားစွဲဆိုခဲ့ပါတယ်။

အကျိုးဆက်တွေကောင်းရဲ့လား

အဲဒီပုဂ္ဂိုလ်တွေ ဖမ်းဆီးခံရတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက နည်းတော့မနည်းပါဘူး။ အထူးသဖြင့် မြတန်ဆောင်းဆရာတော် ဖမ်းဆီးခံရပြီးချိန်မှာတော့ မြတန်ဆောင်းအခမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဘုန်းတော်ကြီးသင်ကျောင်းအဖြစ်မှ ရုတ်သိမ်းခံခဲ့ရသလို ကလေးတွေရဲ့ ပညာရေးကိုလည်း များစွာထိခိုက်ခဲ့ပါတယ်။ တစ်ခါ ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားတွေကို ဦးသိန်းစိန်အစိုးရလက်ကတည်းကပင် လွတ်လွတ်လပ်လပ်ကျင်းပလာခဲ့ရာကနေ ဒီနှစ်မှာတော့ စာရေးဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို အကြောင်းပြုပြီးတော့ မြောက်ဦးမှာကျင်းပမယ့်ပွဲကို ကျင်းပခွင့်ပိတ်ပင်တာကနေ လူစုလူဝေးတွေဖြစ်ပေါ်ပြီး ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့အရပ်သား ၇ ဦးသေဆုံးကာ ၁၂ ဦး ပြင်းထန်ဒဏ်ရာရပြီး အဲဒီဒဏ်ရာရသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ တရာ စွဲဆိုထားပါတယ်။ အဲဒီနောက်မှာတော့ ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ်ထဲမှာ စာပေဟောပြောပွဲတွေဟာလည်း ကျင်းပခွင့်ရသလိုလို၊ မရသလိုလိုနဲ့ စီစဉ်သူတွေလည်း မရှိတော့တဲ့ အခြေအနေပါ။

ဗမာဘုရင်ပါတော်မူတာကို ဝမ်းနည်းဖွယ်အခမ်းအနားလုပ်ရပြီးတော့ ရခိုင်တွေကိုကျတော့ မလုပ်ရဘူးဆိုတဲ့ မေးခွန်းတွေဟာလည်း ပေါ်ထွက်လာပါတယ်။ အခုလက်ရှိအချိန်မှာတော့ ရခိုင်စာပေဟောပြောပွဲ ကော်မတီကနေစီစဉ်တဲ့ စာပေဟောပြောပွဲတွေကို မြို့အလိုက်ကျင်းပဖို့ စီစဉ်နေကြပါတယ်။ ဒါပေမယ့် တကယ့်စာပေရဲ့ အနှစ်သာရကိုမဆောင်ဘဲ ဆယ်လီဖြစ်ရေးအတွက် ကိုယ်ရည်သွေးနေမယ်ဆိုရင်တော့ ဟောပြောပွဲအကျိုးဆက်တွေဟာလည်း လွဲချော်နေဦးမှာ ဖြစ် ပါတယ်။

အစွန်းတစ်ဘက်ဆီကို တွန်းပို့နေတဲ့ Facebook လောက

ယနေ့ ရခိုင်လူငယ်၊ လူကြီးတော်တော်များများ တွင်ကျယ်စွာအသုံးပြုနေကြတဲ့ Fecebook ထဲမှာ ရေးကြပြောကြတာတွေဟာ အတိတ်တွေဆီကို မျှော်တဲ့ဝါဒီတွေများပါတယ်။ အထူးသဖြင့် စာပေ၊ ဂီတ၊ ယဉ်ကျေးမှုနဲ့ တခြားထွေရာလေးပါးတွေပါပဲ။ အဲဒီထဲ အများဆုံးဆော်သြကြတဲ့သူတွေထဲမှာ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေများပါတယ်။ AA ကိုထောက်ခံအားပေးတဲ့ အကြောင်းအရာတွေ၊ ရခိုင်မျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို အားပေးအားမြှောက်အရေးအသားတွေဟာ ကိုယ့်အုပ်စုနဲ့ကိုယ် ရှိနေပါတယ်။ ရခိုင်အခြေစိုက်မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအောက်မှာကြည့်ရင် AA  လိုအဖွဲ့အစည်းတွေ၊ ရခိုင်အမျိုးသားပါတီလို အဖွဲ့အစည်းတွေ၊ ဒေါက်တာအေးမောင်လို ပုဂ္ဂိုလ်တွေကို ဝေဖန်ရေးသားကြတာကို သူတို့အကြိုက်မတွေ့သလို အဲဒီမီဒီယာတွေနဲ့ ဝေဖန်ရေးသားသူတွေကိုလည်း အမျိုးသားသစ္စာဖောက်ဆိုပြီး သမုတ်လိုက်ကြပါတယ်။ အဲဒီထဲ အဆိုးဆုံးကတော့ လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ဆဲဆိုတာတွေအပါအဝင် ခြိမ်းခြောက်တဲ့ အကြောင်းအရာတွေကိုပါ တွေ့နေရတာ ဖြစ်ပါတယ်။ ဆိုတော့ ရေးသမျှ၊ လုပ်သမျှတွေကို အကြိုက်တွေ့တာကတော့ အမျိုးသီလဆိုတဲ့ ဘောင်အောက်ကဟာတွေကို သူတို့အကြိုက်တွေ့ကြပါတယ်။ အဲဒါကြောင့် မှားမှန်ရွေးချယ်ဖို့ကို လက်ရှိရခိုင် Facebook အသိုင်းဝိုင်းက ခွင့်မပြုသလို အလိုလိုနေရင်း အစွန်းတစ်ရားတစ်ဖက်ဆီ ဦးနေတယ်လို့ ဆိုရမှာပါ။

နိဂုံးမှာ ဘာတွေရလိုက်သလဲ

အဲဒီအမျိုးသားရေးဘောင်အကွပ်နဲ့သွားတဲ့ ရခိုင်ပြည်နယ်ကို တည်ဆောက်ရေးမှာ စောစောကတင်ပြခဲ့သလို ပါတီတွေဟာလည်း အမျိုးသားရေးဘောင်ထဲကနေ ဝင်လာတယ်။ စာပေဟာလည်း အမျိုးသားရေးဘောင်ထဲ ဖြတ်တယ်။ ဂီတ၊ ကဗျာတွေဟာလည်း အမျိုးသားရေးမှာ အဓိကကျနေသလို၊ နိုင်ငံရေး၊ စီးပွားရေးတွေဟာလည်း အမျိုးသားရေးနဲ့ ရောထွေးလာခဲ့ပါတယ်။             

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်တွေဆတ်ရိုးကျချောင်းကနေ ဘူးသီးတောင်ကို ကယ်ဆယ်ရေး သွားပေးမယ့် စက်လှေကိစ္စတွေ၊ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရွာကြီးတောင်ရပ်ကွက်က “ ငြိမ်းမ” သေဆုံးတာတွေ၊ နောက်ဆုံး မြောက်ဦးဖြစ်စဉ်အဆုံး ကြည့်လိုက်ရင် ဖြစ်စဉ်တွေအားလုံးဟာ အဲဒီအမျိုးသားရေးဘောင်မှာ မူတည်နေပါတယ်။ တစ်ခါအမျိုးသားရေးအတွက် ချီတက်လာတဲ့ ရခိုင်အမျိုးသားပါတီလို အများဆုံးအနိုင်ခဲ့တဲ့ပါတီတောင် လက်ရှိအချိန်မှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရဆဲပါပဲ။

ဆိုလိုချင်တာကတော့ ရခိုင်ဟာ သမိုင်းကြောင်းအရ ရှည်လျားခဲ့တဲ့ လူမျိုးတစ်မျိုးဆိုတာကို ငြင်းမရသလို စာပေ၊ ယဉ်ကျေးမှု၊ အနုပညာအစရှိသဖြင့် သမိုင်းအစဉ်အလာကြီးမားတဲ့ လူမျိုးတစ်မျိုးဆိုတာကိုလည်း မေ့ပျောက်လို့ မရပါဘူး။ ဒါပေမယ့်် အရာအားလုံးကို အမျိုးသားရေးရဲ့ လိုအပ်ချက်လို့သတ်မှတ်ပြီး လူထုတစ်ရပ်လုံးကို ဘောင်တစ်ခုသို့သွင်းပြီး အနားကွပ်ပေးနေကြတာဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဖြစ်စဉ်တွေနဲ့ သင့်တင့်ပါရဲ့လားဆိုတာကိုလည်း လေ့လာရမှာဖြစ်ပါတယ်။

(၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၃) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)            ။

 

ဗီဒီယိုများ