အမှိုက်ကင်းစင်သော ကမ္ဘာကြီးဆီသို့ .....

ယခင်က ရခိုင်ပြည်နယ်မြို့ရွာများတွင် မုန့်ပဲသရေစာများကို ပေါက်ဖက်၊ ငှက်ပျောဖက် စသည်တို့ဖြင့် ထုပ်ပိုးရောင်းချခဲ့ကြသည်။ သို့သော်လည်း ယနေ့အချိန်တွင် ဖက်များနေရာတွင် ပလပ်စတစ်များ အစားထိုးဝင်ရောက် နေရာယူခဲ့ကြသည်။ ပေါက်ဖက်၊ ငှက် ပျောဖက်များ ရှားပါးသွား၍ အသုံးလွယ်သော ပလပ်စတစ်ကို အသုံးပြုနေခြင်းဖြစ်သည်။ လောင်စာအတွက် ထင်းနှင့်မီးသွေးတို့ကိုသာ မှီခိုအားထားရသော ရခိုင်ဒေသတွင် သစ်တောများ ပြုန်းတီးသွား၍  ပေါက်ဖက်များလည်း ရှားပါးလာခဲ့သည်။

By စိမ်းညိုအောင် 29 Mar 2018

စစ်တွေမြို့တွင် အမှိုက်ကန်များ လုံလုံလောက်လောက်မရှိသဖြင့် စည်ပင်ဝန်ထမ်းများသည် အမှိုက်များကို ခက်ခက်ခဲခဲ သိမ်းယူနေရသည်။

စိမ်းညိုအောင် ရေးသားသည်။

“ အဆင့်အတန်းရှိသူတိုင်း အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြသည်။ ”

လူတိုင်းသည် လူ့အဖွဲ့အစည်းနှင့် နေထိုင်တတ်ကြသည်။ လူတိုင်းသည် ရပ်ကွက်၊ ကျေးရွာအလိုက် အစုအဖွဲ့ဖြင့် နေထိုင်တတ်ကြသည်။ တစ်အိမ်ချင်းမှသည် ရပ်ကွက်ကျေးရွာမြို့ပြ၊ နိုင်ငံစသည်ဖြင့် ဖွဲ့စည်းထူထောင်၍  နေထိုင်လာခဲ့ကြသည်မှာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ပြီး သန့်ရှင်းလှပအောင် ပြုလုပ်ရန် မေ့လျော့နေတတ်သည်က များသည်။

လူတိုင်းကျန်းမာပြီး အသက်ရှည်ရန်အတွက် သန့်ရှင်းသောလေ အောက်ဆီဂျင်ကို ရှူရှိုက်ရမှသာ နှလုံးစိတ်ဝမ်း ချမ်းသာပီတိဖြစ်တတ်ကြသည်။သို့သော်လည်း မသန့်ရှင်းသောလေ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ဒရိုဂျင် အစရှိသော မီးခိုးဓါတ်ငွေ့များကို ရှူရှိုက်မိကြလျှင် နှလုံးပျို့အန်စိတ်လက် မရွှင်မလန်းဖြစ်ကာ လူတို့၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတတ်သည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများ ကင်းရှင်းရန်နှင့် သန့်ရှင်းရန်အတွက် တစ်ဦးချင်းမှသည် အများအဆင့်ထိရောက်အောင် လူတိုင်းတွင် အသိပညာများရှိရန် လိုအပ်သည်။

လူ့သမိုင်းကို နောက်ပြန်ဆုတ်ကြည့်ရသော် စက်မှုခေတ်မတိုင်မီက ကမ္ဘာကြီးသည် မီးခိုးတိမ်မြူကင်းစင်သည့် အာကာပြင်ကဲ့သို့ သန့်ရှင်းကြည်လင်နေခဲ့သည်။ စက်မှုခေတ်စတင်ခဲ့သောအချိန် (၁၈)ရာစုမှစ၍ ယနေ့တိုင် ကျွနု်ပ်တို့၏ ကမ္ဘာမြေကြီးသည် အနာကြီးရောဂါသည်ကဲ့သို့ ဟိုတကွက် သည်တကွက်ဖြစ်ကာ ယိုယွင်းပျက်စီးလျက် ရှိနေသည်။ ဥပမာပြရလျှင် ဥရောပတိုက် သစ်တောအားလုံး၏ ၃၀%သည် အက်စစ်မိုးရွာချခံခဲ့ရခြင်းကြောင့် အသုံးပြု၍မရ လုံးဝပျက်စီးနေပြီဖြစ်သည်။ ယင်းကဲ့သို့ အက်စစ်မိုး ရွာချခဲ့ခြင်းမှာ စက်ရုံအလုပ်ရုံကြီးများမှ မီးခိုးဓါတ်ငွေ့များစွာ ထုတ်လွှတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့ မီးခိုးဓါတ်ငွေ့များသည် အက်စစ်မိုးရွာချသည်သာမက လူသားတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သော နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို အကာအကွယ်ပေးနေသည့် အိုဇုန်းလွှာကိုလည်း ပါးလွှာစေသည်။ ထို့ကြောင့် ကမ္ဘာ့ရာသီဥတုလည်း ပြောင်းလဲလာကာ ကျွနု်ပ်တို့နေထိုင်သော သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်လျက် ရှိနေပါသည်။

ကျွန်ုပ်တို့ဒေသ၌ လူအများစု ပြောတတ်ကြသည်မှာ မိုးမှာ အရမ်းမိုးကြီးသည်၊ နွေမှာ အရမ်းနေပူသည်၊ ဆောင်းမှာ အရမ်းအေးသည်။ ယင်းသို့ဖြစ်နေခြင်းသည် ရာသီဥတု ပြောင်းလဲဖောက်ပြန်နေခြင်းဖြစ်သည်။ ထိုသို့ ယခင်ကနှင့်မတူဘဲ ရာသီဥတုပြောင်း လဲဖောက်ပြန်နေခြင်းမှာ ကျွနု်ပ်တို့လူသားများ ပြုပြင်ဖန်တီးနေခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့က အသိမဝင်ခြင်းကြောင့် ဖြစ်သည်။ လူတို့သည် မသိမှု(အဝိဇ္ဇာ) ကြောင့်  ဒုက္ခပင်လယ်ဝေနေရသည်။ ထို့ကြောင့် သိမှု(ဝိဇ္ဇာ) ဖြစ်အောင် ကြိုးစားနိုင်ရမည်။ ကျွန်ုပ်တို့သိလျှင် လုပ်ကြရမည်။ ဆောင်ရွက်ကြရမည်။ နဂိုမူလ သဘာဝပတ်ဝန်းကျင် ကမ္ဘာမြေကြီးတွင် လူသားတို့သည် မိမိတို့၏ အတ္တကိုယ်ကျိုးအတွက် ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်လာခြင်းကို တုဖက်၍ လူလုပ်ပတ်ဝန်းကျင် (Man – made Environment) ဟုခေါ်သော မိုးထိလုနီးပါးရှိ အဆင်မြင့် တိုက်တာအိုးအိမ်များ တည်ဆောက်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများစွာကို ဖန်တီးပြုလုပ်လာခဲ့ကြသည်။

ယနေ့အချိန်တွင် ကမ္ဘာ့လူဦးရေသည် သန်း (၇၀၀၀)ကျော်လာနေပြီဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသော လူဦးရေနှင့်အညီ ထုတ်လုပ်သုံးစွဲလာခြင်းကြောင့် ကမ္ဘာမြေကြီး ခုခံအားကျဆင်းလာကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းကလည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာခဲ့သည်။ ကမ္ဘာ့လူဦးရေ များပြားလာခြင်းသည် ကမ္ဘာမြေ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့နေထိုင်သော သဘာဝပတ်ဝန်းကျင် သက်ရှည်ကျန်းမာရန် လူဦးရေထိန်းညှိရေးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသို့ (Popultation Control to Environment Conservation) သည် အရေးကြီးသော အစီအစဉ်တစ်ခု ဖြစ်နေသည်။

ယနေ့ခေတ်သည် လွန်ခဲ့သော နှစ်(၂၀)ကျော်နှင့် နှိုင်းယှဉ်ပါက သတင်းမီဒီယာကျယ်ပြန့်လာသောကြောင့် အကြားအမြင်ဗဟုသုတလည်း ကျယ်ပြန့်လာသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် နည်းလမ်းကောင်းများကို ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်၊ ဖေ့စ်ဘုတ်၊ သတင်းစာ၊ ဂျာနယ် အစရှိသည်တို့၌ ဖော်ပြထုတ်လွှင့် ရေးသားနေကြသည့်အတွက် ကျွန်ုပ်တို့က အမှန်တကယ် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ကြရန်သာ အရေးကြီးလှပါသည်။

ကျွန်ုပ်တို့သည် ဦးစွာပထမအနေဖြင့် နေအိမ်၊ လမ်း၊ ရပ်ကွက်၊ ကျေး ရွာ၊ မြို့ပြတို့၏ ပတ်ဝန်းကျင်သန့်ရှင်း ရေးအတွက် လုပ်ဆောင်ကြရန် အဖြေ ရှာရမည်။ ကျွနု်ပ်တို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စက်ရုံ၊ အလုပ်ရုံများ မရှိသေးသောကြောင့် အက်စစ်မိုးရွာချနိုင်သော မီးခိုးဓါတ်ငွေ့များ ကိစ္စ၊ ညစ်ညမ်းသောရေကိစ္စ စသည်တို့နှင့် အနည်းငယ် ကင်းဝေးနေသေးသည်။ သို့သော်လည်း စွန့်ပစ်ပစ္စည်း၊ အမှိုက်များကိစ္စနှင့်တော့ မည်သူမျှ ကင်းဝေးနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ကို အန္တရာယ်ပေးနေသော ပလပ်စတစ်ကိစ္စကိုတော့ အသိတရားကိုယ်စီဖြင့် ကင်းရှင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပလပ်စတစ်သည် အသုံးလွယ်သည်။ ဈေးပေါသည်။ လူတို့ပြုလုပ်ဖန် တီးထားသည့် ပေါ့ပါးခိုင်ခံ့သော ပစ္စည်းဖြစ်သည်။ ၎င်းကို ရေနံဓါတုပစ္စည်းတို့မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ အသုံးလွယ်ကူသလောက်၊ အသုံးဝင်သလောက် လူကို ဆိုးကျိုးပေးတတ်သည်မှာ ယင်းပလပ်စတစ်သာဖြစ်သည်။ ၎င်းကို မီးရှို့ချိန်တွင် အနံ့ဆိုးသည် လူကိုအဆိပ်သင့်ကာ အန္တရာယ်ဖြစ်စေ သည်။ ကျန်းမာရေးကို ထိခိုက်စေသည်။ လေထုညစ်ညမ်းခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် ပလပ်စတစ်ကို မီးရှို့ခြင်းမှ ရှောင်ရှားရပါမည်။ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများလည်း မလုပ်သင့်ပါ။ ကလေးများကိုလည်း ပလပ်စတစ်များကို စည်းကမ်းတကျ စွန့်ပစ်တတ်ရန် လူကြီးမိဖများက သင်ကြားလမ်းညွှန်ပေးသင့်သည်။ ယင်းအပြင် ကလေးငယ်များကို ငယ်ရွယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရန် ကျောင်းသင်ခန်းစာများ၌ စနစ်တကျ ရေးဆွဲသင်ကြားပေးသင့်သည်။

ကျွန်ုပ်တို့ဒေသ မြို့ရွာအနှံ့တွင် ပလပ်စတစ်ကို ပြန်လည်ပြုလုပ် အသုံးပြုခြင်း (Recycle) က မရှိသေးသောကြောင့်လည်း အသုံးပြုပြီးသော ပလပ်စတစ်များကို မီးရှို့ခြင်း၊ မြစ်ချောင်းများအတွင်းသို့ လွှင့်ပစ်ခြင်းများ နေ့စဉ်ရှိနေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် ပလပ်စတစ်များကို များစွာမြင်တွေ့နေရသည်။ ပလပ်စတစ်သည် ကမ္ဘာမြေကြီးထဲတွင် နှစ်ပေါင်း (၁၀၀)ကျော်ကြာပြီးမှသာ ဆွေးမြေ့ပျက်စီးနိုင် သည်ဟု ပညာရှင်များက ဆိုသည်။

ကျွန်ုပ်တို့ ဘိုးဘွား၊ မိဖတို့သည် ဈေးဝယ်ထွက်ရန်အတွက် သစ်တောထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ခြင်းတောင်းငယ်များကို အသုံးပြုခဲ့ကြသည်။ ကျွနု်ပ်တို့၏ ဒေသထွက်ရိုးရာ ပစ္စည်းများကို ယနေ့အချိန်တွင်လည်း အသုံးပြု၍ ရနိုင်သေးသည်။ ထိုသို့ ရိုးရာပစ္စည်းများကို အစားထိုးအသုံးပြုခြင်း (Replace) ဖြင့် နေ့စဉ် ပလပ်စတစ်အသုံးပြုခြင်းကို လျော့ချ (Reduce)နိုင်သည့်အပြင် ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းစေပြီး ကမ္ဘာမြေကိုလည်း ကာကွယ်ထိန်းသိမ်းရာ ရောက်ပါသည်။ အစားအသောက်များကို ပလပ်စတစ်နှင့် ထုပ်ပိုးနေခြင်းကိုလည်း နေရာတကာတွင် တွေ့မြင်နေရသည်။ ပူနွေးသောအစားအစာကို ပလပ်စတစ်နှင့်ထုပ်ပိုးသောကြောင့် ပလပ်စတစ်မှ ဓာတုဓာတ်သည် အစားအစာအတွင်းသို့ ချက်ချင်းဓာတ်ပြုသွားပြီး ကျန်းမာရေးကို ထိခိုက်စေပါသည်။

ယခင်က ရခိုင်ပြည်နယ်မြို့ရွာများတွင် မုန့်ပဲသရေစာများကို ပေါက် ဖက်၊ ငှက်ပျောဖက် စသည်တို့ဖြင့် ထုပ်ပိုးရောင်းချခဲ့ကြသည်။ သို့သော်လည်း ယနေ့အချိန်တွင် ဖက်များနေရာတွင် ပလပ်စတစ်များ အစားထိုးဝင်ရောက် နေရာယူခဲ့ကြသည်။ ပေါက်ဖက်၊ ငှက် ပျောဖက်များ ရှားပါးသွား၍ အသုံးလွယ်သော ပလပ်စတစ်ကို အသုံးပြုနေခြင်းဖြစ်သည်။ လောင်စာအတွက် ထင်းနှင့်မီးသွေးတို့ကိုသာ မှီခိုအားထားရသော ရခိုင်ဒေသတွင် သစ်တောများ ပြုန်းတီးသွား၍  ပေါက်ဖက်များလည်း ရှားပါးလာခဲ့သည်။  မြို့နယ်တိုင်းရှိ ဈေးဆိုင်၊ လူနေအိမ်များ၊ စားသောက်ဆိုင်များမှ အသုံးပြုပြီးသော ပလပ်စတစ်များကို ချောင်းမြစ်များအတွင်းသို့ စည်းကမ်းမဲ့ စွန့်ပစ်နေကြသည်မှာ ဆယ်စုနှစ်များ ချီနေပြီဖြစ်သည်။

ယင်းသို့ စွန့်ပစ်နေကြသူများထဲတွင် ပညာတတ်သူများ၊ ပညာမတတ်သူများ အလွှာမျိုးစုံပါဝင်နေပါသည်။ ထို့သို့ စွန့်ပစ်လိုက်သော ပလပ်စတစ်များသည် နီးစပ်ရာ ချောင်းမြောင်းများမှတဆင့် မြစ်၊ ပင်လယ်ထဲသို့ မျောပါရောက်ရှိကာ အနည်ထိုင်ပြီး ပျက်စီးဆွေးမြေ့သွားကြလိမ့််မည်။ ပလပ်စတစ်များသည် ရွှံ့နွံများနှင့်ရောစပ်သွားပြီး ရေမျက်နှာပြင်လည်း မြင့်တက်လာနိုင်သည်။ ပလပ်စတစ်များကြောင့် မြစ်ချောင်းများသည် သောင်ထွန်းလာနိုင်သည်။ ရေကြောင်းများလည်း ပြောင်းလဲသွားနိုင်သည်။ ထိုသို့ စည်းကမ်းမဲ့ စွန့်ပစ်လိုက်သော ပလပ်စတစ်များကို တချို့သော ရေနေသတ္တဝါများက အစာအမှတ်နှင့် စားလိုက်ကြပြီး ထိုငါးကို လူတို့က စားသုံးကြလိမ့်မည်။ ပလပ်စတစ် စားထားသော ငါးမျိုးစိတ်တစ်ချို့ သေဆုံးနိုင်သည်။ မသေဆုံးသော်လည်း ထိုငါးတွင် အနည်းနှင့်အများဆိုသကဲ့သို့ ဓာတုအဆိပ်အချို့ ကိန်းအောင်းနေပါလိမ့်မည်။ ထိုကဲ့သို့သော ငါးများကို လူတို့စားသုံးမိပါက ကင်ဆာနှင့်အခြားသော ရောဂါဘယများ ဖြစ်ပွားနိုင်သည်ဟု ပညာရှင်တို့က ဆိုသည်။

ယခုဆိုလျှင် ကျွန်ုပ်တို့၏ မြစ်ချောင်းများတွင် ပလပ်စတစ်များ မည်မျှနစ်မြုပ်လျှက် ရှိမည်နည်း။ တိုင်းနှင့် ပြည်နယ် မြို့နယ်များအတွင်း ပလပ်စတစ်သုံးစွဲမှုကို လေ့လာသုတေသနပြု ပြီး ကန့်သတ်မှုများ ပြုလုပ်သင့်သည်။ ကျွနု်ပ်တို့ စစ်တွေမြို့ပေါ်ရှိ အမှိုက်များစုပုံရာ နေရာအများအပြားတွင် အမှိုက်စနစ်သည် စနစ်ကျခြင်းမရှိဘဲ အနံ့ဆိုးများက ပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာ လုပ်သားပြည်သူများကို အနှောင့်အယှက် ဖြစ်စေလျှက်ရှိသည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ရှိ ရပ်ကွက်ကြီးငယ် (၃၂)ရပ်ကွက်တွင် အမှိုက်ကန် (၃၂)ကန်နှင့် ၆၆၀ လီတာဆန့်သော အမှိုက်ပုံးကြီး (၅)လုံးမှ အမှိုက်များကို လိုက်လံသိမ်းဆည်းပြီး အများပြည်သူ သွားလာနေသော လမ်းမကြီးများတွင်လည်း တံမြက်စည်းလှည်းလျှက် သန့်ရှင်းရေးလုပ်နေသည်ဟု သိရှိရသည်။ အမှိုက်မပစ်ရဟု ဆိုင်းဘုတ်ရေး တားမြစ်ထားသည့် နေရာတချို့တွင်လည်း အမှိုက်များကို ပစ်လျှက်ရှိကြသည်။ နောက်ပြီး အမှိုက်ကန်မရှိသောကြောင့် အဆင်ပြေသည့်နေရာများတွင် စွန့်ပစ်လျှက်လည်း ရှိနေသည်။ စစ်တွေမြို့တော်သန့်ရှင်းရေးအတွက် အဓိကလိုအပ်ချက်မှာ ငွေကြေးလုံလောက်စွာ သုံးစွဲနိုင်ရန်နှင့် ခေတ်မီစက်ယန္တရားများ လိုအပ်ပြီး ယင်းမှသာ အမှိုက်သိမ်းယူမှုကဏ္ဍများကို စနစ်တကျ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ မာင်ရွှေလုံးလမ်း အမှိုက်ကန်အနီးတွင် အမှိုက်သရိုက်များ ရှုပ်ပွနေပုံ။

စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ သန့်ရှင်းရန် အထူးလိုအပ်လှသည်။ နိုင်ငံတကာအဖွဲ့အစည်းများလည်း ရုံးစိုက်သည့်မြို့ဖြစ်သည့်အပြင် နိုင်ငံခြားခရီးသည်များလည်း လာရောက်လည်ပတ်ကြသည့်အလျောက် သန့်ရှင်းမှုကို အလေးထားလုပ်ဆောင်ပေးသင့်သည်။ စစ်တွေကမ်းနားလမ်းတလျှောက်တွင် စိမ်းပြာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ အမှိုက်ပုံးများ ချပေးထားသော်လည်း အမှိုက်စွန့်ပစ်ခြင်းများကိုကား မတွေ့ရှိရပါ။ စားသောက်ထားသော ပုလင်းခွံ၊ ရေသန့်ဗူးခွံ၊ အခြားသေားဗူးခွံများကို လမ်းဘေးနှင့် ကုလားတန်မြစ်ဘေးတလျှောက်တွင် စွန့်ပစ်ထားခဲ့ကြသည်။ ပွိုင့်မှ စစ်တွေဟိုတယ် တလျှောက်တွင်လည်း ပလပ်စတစ်နှင့်အမှိုက်များ ပြန့်ကြဲလျှက်သာ ရှိနေသည်။ နိုင်ငံတကာမှ ခရီးသည်များမြင်တွေ့လျှင် မိမိတို့လူမျိုး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းနိုင်သည်။ ဈေးရောင်းချသည့် ဈေးသည်များနှင့်၊ စားသုံးသူများကို စနစ်တကျရှိစေရန် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ကြီးကြပ်သင့်သည်။ စစ်တွေမြို့သာမကပဲ အခြားသော ရခိုင်ပြည်နယ်အတွင်းမှ မြို့များတွင်လည်း သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များမှ သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ကြရန် လိုအပ်နေသေးသည်။ မြို့တမြို့ စနစ်တကျရှိ၊ မရှိကို သိရှိလိုလျှင် မြို့နှင့် ဈေးသည်၊ အမှိုက်နှင့် သန့်ရှင်းရေး ကောင်းမကောင်းကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်ဟု ဆိုသည်။

ကျွန်ုပ်တို့ရခိုင်ဒေသတွင် နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်များ၊ ရိုးရာပွဲများ၊ ဇာတ်ပွဲများ အများအပြားကျင်း ပကြသည်။ အဆိုပါ ပွဲလမ်းသဘင်များ ကျင်းပအပြီး ကွင်းပြင်တွင် အဓိက မြင်တွေ့ရသည်မှာ ငွေကော်ဇောအလား ဖြူဖြူဖွေးဖွေး ပလပ်စတစ်အိတ်ခွံများပင်ဖြစ်သည်။ ယင်းအတွက် ပွဲကျင်းပရေးကော်မတီမှ သန့်ရှင်းရေးလုပ်သည်ကား မတွေ့ရပါ။ သန့်ရှင်းရေးလုပ်သည် ဆိုသော်လည်း ပလပ်စတစ်များကို စုပုံပြီး မီးရှို့ပစ်သည်က များသည်။ ပလပ်စတစ်ကို မီးရှို့လိုက်သည့် အနံ့ဆိုးများက အနီးအနားမှ လူများ၏ကျန်းမာရေးကို ထိခိုက်စေသည်။ ကျွနုပ်တို့အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင် ကျင်းပသောပွဲတော်၊ ဈေး ရောင်းပွဲတော်၊ ညဈေးများတွင် ဈေးဆိုင်များတွင် ကိုယ့်အမှိုက်ကိုယ်သိမ်းစနစ်ကို လုပ်ဆောင်စေသည်။ ထို့ကြောင့် ပွဲတော်ကျင်းပပြီးနောက် ကွင်းပြင်နေရာတို့သည် အမှိုက်ကင်းရှင်းကာ သန့်ရှင်းလျှက်ရှိသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့ အတုယူသင့်ပြီ။

နောက်ပြီး ယခုဆယ်စုနှစ်များအတွင်း ကျွန်ုပ်တို့ကို ဒုက္ခပေးလာသည်က e – waste (Electrical – waste) ဟု အတိုကောက်ခေါ်သော လျှပ်စစ်ပစ္စည်းအမှိုက်၏ ပြဿနာက ကြီးမားလာနေသည်။ ယင်းအထဲတွင် ဆဲလ်ဖုန်း အမှိုက်က အမြန်ဆုံး တိုးပွားနေသည်။ ဝယ်လိုအား၊ ထုတ်လုပ်အားများ လွန်လာသော်လည်း သူတို့ကို စွန့်ပစ်ရာမှာ စနစ်တကျ ပြန်လည်အသုံးချပြီး သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိများကို အန္တရာယ်ကင်းအောင် မလုပ်နိုင်ကြ သေးပါ။ ထိုထက်ပိုဆိုးနေသည်မှာ e – waste လျှပ်စစ်ပစ္စည်း အမှိုက်ပြဿနာကို ဈေးပေါပေါနှင့် ဖြေရှင်းနိုင်ရန် ဆင်းရဲသောနိုင်ငံများကို တရားမဝင် ခိုးပို့နေခြင်းဖြစ်သည်။ e – waste အများ ဆုံးထုတ်လုပ်သော အနောက်နိုင်ငံမှ အမှိုက်များက ဆင်းရဲသောနိုင်ငံများ တွင် အဆုံးသတ်ကြသည်။  (ဥပမာ - ကျွန်ုပ်တို့နိုင်ငံအတွင်းသို့ တပတ်ရစ်ပစ္စည်းများ ဝင်ရောက်နေခြင်း။) ယင်း ဆင်းရဲသောနိုင်ငံများတွင် Recycle စနစ်တကျလုပ်ရန် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများ အားနည်းသောကြောင့် ယင်းဒေသများတွင်  ရေ၊မြေ၊လေထုနှင့် သက်ရှိများ အဆိပ်သင့်ကြရသည်။ ကမ္ဘာပေါ်မှာ လူတစ်ဦးလျှင် ပျှမ်းမျှလျှပ်စစ်အမှိုက် ၇ ကီလိုဂရမ် စွန့်ပစ်နေသည်ဟု သိရှိရသည်။

လျှပ်စစ်ပစ္စည်းအမှိုက်များ စွန့်ပစ်မီးရှို့လိုက်လျှင် ခဲပမာဏ တစ်ခုတည်းကတောင် လူနှင့် သတ္တဝါတို့၏ အာရုံကြော၊ သွေး နှင့် ကျောက်ကပ်ကို ဖျက်ဆီးနိုင်ဟု ဆိုသည်။ ခေတ်မီပစ္စည်းများ၏ အသုံးဝင်မှုနှင့်အတူ ထိုပစ္စည်းများ သက်တမ်းကုန်သွားချိန်မှာ ထုတ်လုပ်သူများနှင့် ရောင်းဝယ်အသုံးပြုသူများကပါ တာဝန်ရှိရှိ စနစ်တကျစွန့်ပစ်ရန် လိုသည်။ ဤပြဿနာများကို ထည့်သွင်းစဉ်းစားပြီး အသိရှိကြရန် အရေးတကြီး လိုအပ်နေသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် ပလပ်စတစ်နှင့် ထုပ်ပိုးထားသော ချဉ်ထုပ်၊ မုန့်ပဲသရေစာများစားပြီး အိတ်ခွံများကို နေအိမ်၊ လမ်းပေါ်၊ အဆောက်အဦးတို့၌ လွယ်လင့်တကူ လွှင့်ပစ်သောအကျင့်၊ ဘုရားပွဲလမ်းသဘင် အခမ်းအနားများ၌ လွှင့်ပစ်ထားသောအကျင့်များ မပြုလုပ်ကြရန် အထူးလိုအပ်လာသည်။

ကျွန်ုပ်တို့သည် ပတ်ဝန်းကျင် သန့်ရှင်းရန်အလို့ငှာ ပလပ်စတစ်နှင့် e – waste လျှပ်စစ်ပစ္စည်းအမှိုက်များ၏ ဆိုးကျိုးများကို အသိတရားကိုယ်စီဖြင့် တဦးချင်းစီက Reuse ပြန်လည်အသုံးပြုခြင်း၊ Recycle ပြန်လည်ပြုလုပ် အသုံးပြုခြင်း၊ Reduce အသုံးပြုသော်လည်း တတ်နိုင်သလောက် လျော့ချခြင်း၊ Reject လုံးဝအသုံးမပြုပဲ ငြင်းပယ်ခြင်း၊  Replace အခြားပစ္စည်းတစ်မျိုးကို အစားထိုးအသုံးပြုခြင်းဖြင့် ကျွနု်ပ်တို့ကို အသက်ရှင်ခွင့်ပေးသော ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြရပါမည်။ ယနေ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းခြင်း၊ သန့်ရှင်းအောင်ဆောင်ရွက်ခြင်းသည် အနာဂတ်ကမ္ဘာကို တည်ဆောက်ပေးနေခြင်းပင်ဖြစ်သည်ဟု ယုံကြည်မိကြောင်း ရေးသားလိုက်ရပါသည်။

(ယခုဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ထုတ်  Development News Journal ၏ အမှတ် (၈၃) တွင်လည်း ဖတ်ရှုနိုင်သည်။)

ဗီဒီယိုများ