အရှေ့လေပြင်းထဲက ကျောက်ဖြူ

“စီမံကိန်းပြီးသွားတာနဲ့ ရေနံတင်သင်္ဘောတွေဝင်ထွက်နေပြီဗျာ။ သင်္ဘောတွေ ဝင်ထွက်တဲ့ လမ်းကြောင်းတွေမှာ ငါးဖမ်းခွင့် မရပါဘူး။ ငါးဖမ်း ခွင့်မရတဲ့အတွက် ကျနော်တို့ရဲ့ စားဝတ်နေရေးအခက်ခဲဖြစ်ပေါ်ပါတယ်။ ” လို့ DMG ကို ပြောဆိုလိုက်တဲ့သူက မဒေးကျွန်းက ရေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မြင့်ဖြစ်ပါတယ်။

By မြနှင်းသူ 28 Jun 2017

 

ရေးသားသူ - မြနှင်းသူ 

 

“စီမံကိန်းပြီးသွားတာနဲ့ ရေနံတင်သင်္ဘောတွေဝင်ထွက်နေပြီဗျာ။ သင်္ဘောတွေ ဝင်ထွက်တဲ့ လမ်းကြောင်းတွေမှာ ငါးဖမ်းခွင့် မရပါဘူး။ ငါးဖမ်း ခွင့်မရတဲ့အတွက် ကျနော်တို့ရဲ့ စားဝတ်နေရေးအခက်ခဲဖြစ်ပေါ်ပါတယ်။ ” လို့ DMG ကို ပြောဆိုလိုက်တဲ့သူက မဒေးကျွန်းက ရေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မြင့်ဖြစ်ပါတယ်။

ငါးဖမ်းဖို့ခက်ခဲနေတဲ့ အခြေနေဟာ ဦးမောင်မြင့်တစ်ဦးတည်းမဟုတ်ပါဘူး။ ရေလုပ်ငန်းကို လုပ်ကိုင်ကြတဲ့တခြားသူတွေလည်း အပါအဝင်ဖြစ်ပါတယ်။  ဒီလိုပြသနာရပ်တွေကြောင့် မေလ ၂၅ ရက်နေ့က  ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေအပါအဝင် ဒေသဖွံဖြိုးရေးကို စိတ်ဝင်စားတဲ့ ပြည်သူ (၅၀၀) လောက်က စက်လှေ(၁၀၀) ကျော်လောက်နဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ရေပြင်ပေါ်မှာပဲ (CNPC) ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။  ပထဝီစာမျက်နှာမှာ အရေးပါလာတဲ့ ကျောက်ဖြူဒေသမှာ စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ အခက်ခဲကြောင့် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေဟာ စီမံကိန်းတွေ စတင်ကတည်းကနေ ဖြစ်ပါတယ်။

ဦးမောင်မြင့်တို့ လက်ရှိကြုံတွေ့နေရတဲ့ အခက်ခဲဟာ မဒေးကျွန်းကို တရုတ်ရေနံတင်သေင်္ဘာတွေ ဝင်ထွက်သွားလာမှု အချိန်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောတွေ ဝင်ထွက်သွားလာမှုပြုတဲ့ အချိန်မှာ ဒေသခံတွေရဲ့ ရေလုပ်ငန်း လုပ်ကိုင်ခြင်းတွေကို တားမြစ်မှု၊ သတ်မှတ်ထားတဲ့ ရေကြောင်းလမ်း အချက်ပြမှုတွေက သူတို့တွေရဲ့ မိရိုးဖလာ သက်မွေးဝမ်းကျောင်းပြုဓလေ့တွေကို ထိခိုက်လာခြင်းပဲ ဖြစ်တယ်လို့ မေ ၂၅ ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်သူလည်းဖြစ်တဲ့ သူက DMG ကို ရှင်းပြပါတယ်။

“ သင်္ဘောတွေက ဒီလမ်းကြောင်းအတိုင်း ဝင်ထွက်သွားလာမှုတွေရှိတယ်ဆိုပြီး ထွေအုပ်က စက်လှေတွေကို ငါးမဖမ်းရ၊ အဝင်အထွက်မလုပ် ရဘူးဆိုပြီး အမိန့်ထုတ်တယ်။ ကျွန်တော်တို့က ဒီမြစ်ကိုမှီခိုပြီးတော့ လုပ်စားနေတာ။ တခြားအလုပ်ပြောင်းလုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး ဒီတော့ ငါးမဖမ်းရဆိုရင် သေရုံပဲရှိတော့တယ်။ ”

တရုတ်ရေနံတင်တဲ့ သင်္ဘောတွေဟာ ယခုနှစ် ဧပြီလ ၁၀  ရက်နောက်ပိုင်းကနေ မဒေးကျွန်းကို ပိုမိုဝင်ရောက်လာကြတာဖြစ်ပြီး  မြန်မာ-တရုတ် နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ သဘာတူစာချုပ်တွေအရ တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့လွှတ်ရမှာ ဖြစ်ပါတယ်။ တန်ချိန် ၂၂ သန်း ပမာဏအတွက် သင်္ဘောကြီးတွေရဲ့ ဝင်ထွက်သွားလာမှုဟာ နောက်ကို ပိုမိုမြင့်မားလာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

CNPC ကုမ္ပဏီဘက်ကတော့ မဒေးကျွန်းဒေသဖွံဖြိုးရေးအတွက် နှစ်စဉ်လုပ်ပေးနေတဲ့ အစီစဉ်တွေလည်းရှိတယ်လို့ ဒေသခံတွေရဲ့ တောင်းဆိုမှုအပေါ် ပြန်လည် ရှင်းလင်းထားတာတွေရှိပါတယ်။

စီမံကိန်းတွေရဲ့ အကျိုးရလဒ်ဟာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်မှုတစ်ခုတည်းကိုပဲ အခက်ခဲဖြစ်ပေါ်စေတာ မဟုတ်ပါဘူး လယ်သာမားတွေရဲ့ လယ်မြေစွန့်ခွာခဲ့ရမှုတွေကြောင့်လည်း ဒေသခံတွေရဲ့ လူနေမှုဘဝကို ပြောင်းလဲမှုတွေဟာ မြန်ဆန်စေပါတယ်။

ပြည်သူ (၅၀၀) လောက်က စက်လှေ(၁၀၀) ကျော်လောက်နဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ရေပြင်ပေါ်မှာပဲ (CNPC) ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

အစပျိုးတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ အရင်အစိုးရလက်ထက်ကတည်းကနေ တရုတ်နှင့်မြန်မာ သဘောတူညီပြီးသား စီမံကိန်းထဲက တစ်ခုဖြစ်ပါတယ်။ NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ ခေါင်းဆောင်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံဘက်က ပါဝင်လုပ်ကိုင်မယ့် ကုမ္ပဏီ ၂၁ ခုကိုလည်း ရွေးချယ်ထားပြီးဖြစ်ပါတယ်။

စီမံကိန်းဧရိယာအဖြစ်  ၄၂၈၉.၃၂ ပါဝင်ရမည်ဖြစ်ပြီး စီမံကိန်းထဲမှာ ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်းတံထားထိုးရေး၊ မဒေးကျွန်းပေါ်မှာပဲ ကုန်တင်ကုန်ချပြုလုပ်မယ့် ဆိပ်ကမ်းတစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ စိုးရိမ်စရာ ကောင်းသည့် အနေထားက အထူးစီးပွားရေးဇုန်ရဲ့ စွမ်းအင် လိုအပ်ချက်ကြောင့် ကျောက်မီးသွေးစက်ရုံကို အကောင်ထည်ဖော်မယ့် အခြေနေဖြစ်ပါတယ်။ အရင် အစိုးရလက်ထက်ကလည်း ကျောက်ဖြူမြို့နယ်မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးဆိုပြီး ဒေသခံတွေနဲ့တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲတွေရှိပါတယ်။ အစည်းဝေး ဆွေးနွေးမှာပဲ ဒေသခံတွေက ကန့်ကွက်ခဲ့တာကြောင့် ကျောက်ဖြူ ကျောက်မီးသွေးစက်ရုံဟာ အကောင်အထည်ဖော်မဖြစ်ခဲ့ပါဘူး။

 

စီမံကိန်းကို စတင်အကောင်ထည်ဖော်တဲ့ မြေယာစီမံကိန်းအဆင့်မှာပဲ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ မြေယာပိုင်ရှင်တွေနဲ့ မြေယာပိုင်ဆိုင် မှုတန်ဖိုး အငြင်းပွားနေရဆဲဖြစ်ပါတယ်။ ပထမဆုံး အကောင်ထည်ဖော်မှာဖြစ်တဲ့ မြေဧက ၂၅၀ မှာပဲ လယ်ပိုင်ရှင်တွေနဲ့ လယ်မြေတန်ဖိုးသတ် မှတ်မှုဟာ မပြီးဆုံးသေးပါ။

ဒီလအတွင်းမှာပဲ ပြုလုပ်ခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာစိုးဝင်းနှင့် တောင်သူတွေ တွေ့ဆုံပွဲမှာ လယ်ယာမြေဈေးတွေဟာ ပိုပြီးမြင့်မားစွာတောင်းဆိုလိုက်ကြပါတယ်။  မဒေးကျွန်းရေနံပိုက်လိုင်း စီမံကိန်းတုန်းက တစ်ဧကကို ၃၅ သိန်းဝန်းကျင်နဲ့ လက်ခံခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ တစ်ဧကကို  ကျပ်သိန်း ၉၀၀ အထိ တောင်းဆိုလိုက်ကြပါတယ်။

ဥယဉ်ခြံမြေတစ်ဧကကို ကျပ်သိန်း ၇၀၀၊ နွားစားကျက်မြေ တစ်ဧက ကို ကျပ်သိန်း ၅၀၀ အထိ တောင်သူတွေက စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုလိုက်ကြတာပါ။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် တိုးတက်ဖွံဖြိုးမှုရလဒ်ကို မသိရှိရသေးပေမယ့် ဖြစ်ပေါ်လာနိုင်တဲ့ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု ပြဿနာတွေအတွက် အသေးစိတ် ဥပဒေတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေကို စနစ်တကျထိန်းချုပ် စောင့်ကြည့်တာမျိုး ကြိုတင်ပြင်ဆင်သင့်ပါတယ်။

ပြည်သူ (၅၀၀) လောက်က စက်လှေ(၁၀၀) ကျော်လောက်နဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ရေပြင်ပေါ်မှာပဲ (CNPC) ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

နဂါးကြီးနှစ်မြုုပ်ပစ်လိုက်မယ့် မြို့

ရခိုင်ရာဇဝင်မှာ ရှိခဲ့ဖူးပါတယ်။ ကျောက်ဖြူမြို့ အနီးမှာရှိတဲ့ ကေတုံကေကရဇ် မြို့ကို နဂါးတွေက နှစ်မြုပ်ပစ်လိုက်ခဲ့တယ်ဆိုပြီး။ ခုလည်း ကျောက်ဖြူမြို့ဟာ ခေတ်သစ်နဂါးကြီးရဲ့ လက်တွင်းထဲကို ကျရောက်လို့နေပါပြီ။

ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံရဲ့ တောင်ဘက်မျှော်မူဝါဒ (Look South Policy)၊ အမျိုးသား စွမ်းအင်လုံခြုံရေးမူဝါဒ (National Energy Strategy) နဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို စီးနင်းနိုင်ရေးအိပ်မက်အပြင် OBOR အတွက်ပါ မရှိမဖြစ်လိုအပ်လာတဲ့ မဟာဗျူဟာမြောက်နိုင်ငံအဖြစ် မြန်မာနိုင်ငံထဲက ဒေသတွေထဲမှာ ကျောက်ဖြူမြို့ဟာ ပထဝီထွက်ပေါက်အရ အရေးပါဆုံးနေရာ ဖြစ်လို့နေပါတယ်။

တရုတ်နိုင်ငံက တရုတ်- မြန်မာ- ထိုင်း သုံးနိုင်ငံလမ်းကြောင်း၊ BCIM လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်- တရုတ်- အိန္ဒိယ- မြန်မာ လမ်းကြောင်း ဒီလို အနေထားတွေမှာ ဘယ်လမ်းကြောင်းကပဲ ချိတ်ဆက်ဆက် ကျောက်ဖြူဟာ တရုပ်နိုင်ငံကနေ စီမံလို့လွယ်ကူတဲ့ လမ်းကြောင့် သင့်တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (One Belt One Road - OBOR) လို့ အမည်ပေးထားပြီး

ဒါပေမယ့် ၂၀၁၂ ရခိုင်အရေးအခင်း၊ မောင်တော ဖြစ်စဉ်တွေအပြီးမှာတော့ ကျောက်ဖြူ-ကူမင် ရထားလမ်း ကြောင်းဟာ မြန်မာနိုင်ငံဘက်က ရပ်တန်ခဲ့ပါတယ်။  တရုတ်နိုင်ငံဘက်ကတော့ လမ်းကြောင်းရဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်နေတာကိုလည်း သိရပါတယ်။ ကျောက်ဖြူဟာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ စီမံကိန်းတွေ ရှိနေပေမယ့် အခွင့်အလမ်းဖြစ်သလို တွေဝေစရာတွေလည်း ရှိနေဆဲပါ။

အရင်အစိုးရလက်ထက်က အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်းတွေကြောင်း လယ်သိမ်း၊ မြေသိမ်းခံ ပြည်သူတွေ၊ နေရပ်စွန့်ခွာရသူတွေ၊ မိရိုးဖလာ ယုံကြည်မှု ထုံးတမ်းစဉ်လာတွေ ပျက်ကွယ်မှုတွေ စတဲ့ ဆုတ်ယုတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကြီးမားတဲ့ စီမံကိန်းတွေကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်လမ်းတွေ ပေါများလာမယ်လို့လည်း ပြောဆိုမှုတွေရှိကြပေမယ့် ယုံကြည်မှုမရှိဘူးလို့လည်း ဒေသခံ ဒေါ်ကြည်ကြည်နှင်းက DMG ဆိုပါတယ်။

“ အစိုးရမှာတော့ အဲလိုပြောမှာပဲ။ နောက်ပြီးတော့ နိုင်ငံတကာစံချိန် စံညွန်းနဲ့ အညီလုပ်တာလို့ ပြောမယ်။ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ ပျက်စီးနေတာကိုတော့ ဘာတစ်ခုမှ လုပ်ပေးတာ မရှိဘူး။ လက်တွေ့မှာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိတာကိုလည်း မတွေ့မိဘူး။ ”

 

ဗီဒီယိုများ