အဟောင်းများမှ ရုန်းထွက်ခြင်း - မဖြူ၊ ကဗျာတစ်အုပ်နှင့် စိန်ခေါ်သံများ

မဖြူသည် လိင်စော်ကားခံရသူတော့ မဟုတ်ပါ။ သို့သော် မိမိအလိုကို ဆန့်ကျင်လျက်  အိမ်ထောင်ချပေးခြင်းကြောင့် လိင်စော်ကားခံရသူနဲ့ မခြားသာ ဖြစ်လေမည်။ ပထမအိမ်ထောင်တွင် လင့်အလိုကို မိုက်ရူးရဲဆန်စွာ ဆန့်ကျင်ခဲ့သည်။ မဖြူ၏ စိတ်နှင့်ခန္ဓာကို လင်က မည်သို့ မည်ပုံ နာကျင်ခံစားစေရသလဲ ဆိုတာတော့ ရေးမပြ၊ အိပ်ခန်းထဲကကိစ္စဟု မိဘများက သတ်မှတ်သဖြင့် ပြောဆို၍ မရ။ ကျွန်တော်ကဖြင့် မဖြူ မျက်ရည်များကို ဘာသာပြန်၍ရလျှင် ပြန်ချင်စမ်းပါဘိ။ အခုခေတ်စကားနဲ့ ဆိုရင်တော့ “အိမ်တွင်းအကြမ်းဖက်မှု” ဟု ခေါင်းစဉ်တပ်၍ ရကောင်းရနိုင်မည်။

By လင်းငယ် 07 Jan 2019

Written by လင်းငယ် | DMG 

ဒေသတွင်းမှာ ထုတ်ဝေထားသည့် စာနှစ်အုပ် ဖတ်ရသည်။ မဖြူဆိုသည့် ဝတ္ထုတစ်ပုဒ်နှင့် အကျွန်စွာ မမာ့တစ်ယောက် ကဗျာစာအုပ် ဖြစ်သည်။ နှစ်အုပ်စလုံးက ရခိုင်အသုံးအနှုန်းများဖြင့် ရေးသားဖန်တီးထားသည်။ ထိုစာအုပ်နှစ်အုပ်ကို ရှေ့ဆင့်နောက်ဆင့် ဖတ်မိပြီး ဆက်တွေးမိသည်တို့ကို ဝေမျှခြင်းဖြစ်သည်။ စာဖတ်သူများကိုလည်း ဆက်တွေးစေချင်ပါသည်။ ပြန်လည် ငြင်းခုံစေလိုပါသည်။ တွေးမိသည့် အတ္တနောမတိများ ဖြစ်သည့်အတွက် ငါ့အမြင်သာမှန်သည်ဟု မစွဲယူထားပါ။

ပထမတစ်အုပ်က မဖြူဆိုသည့် မူရင်း အင်္ဂလိပ်ဘာသာမှ ပြန်ဆိုထားသည့် စာအုပ် ဖြစ်သည်။ မူရင်းစာအုပ်ကို ထုတ်ဝေခဲ့သည့် အချိန်က ၁၈၉၈ ခု နှစ်ဖြစ်ရာ ယခုဆို နှစ်ပေါင်း ၁၂၀ ရှိပြီ ဖြစ်သည်။ တကယ့် ဝတ္ထုဇာတ်ကြောင်းကတော့ ၁၈၈၀ ပြည့် နောက်ပိုင်းကာလအတွင်းက မဖြူဆိုသည့် ရခိုင်ပျိုဖြူ တစ်ယောက်၏ ဘဝကို အချစ်ဇာတ်လမ်းအဖြစ် သရုပ်ဖော်ထားသည်။ ဝတ္ထုအမည်သည်ပင်  အမျိုးသမီးငယ် တစ်ယောက်၏ နာမည်ဖြစ်နေခြင်းက ထိုခေတ်ကာလ ပတ်ဝန်းကျင်အတွက် အထူးအဆန်း ဖြစ်ကောင်းဖြစ်နိုင်သည်။

စာပေ

ယဉ်ကျေးမှုမြင့်တဲ့ လူ့အသိုက်အဝန်းမှာ စာပေသည် အရေးကြီးသည့် အခန်းကဏ္ဍမှာ ရှိသည်ဟု ယုံကြည်ပါသည်။ စာပေကဖန်တီးတဲ့ အတွေးအမြင်နဲ့ ငြင်းခုံခြင်းများကတဆင့် အစဉ်အလာဟောင်းများကို ဖြိုချပြီး ပိုမိုတောက်ပြောင်တဲ့ ယဉ်ကျေးမှု မှတ်တိုင်တွေဆီ တက်လှမ်းနိုင်အောင် ကူညီသည်။ စာပေတန်ဖိုးအားဖြင့် မဖြူသည် အလွန်မှ ကျေးဇူးကြီးပါသည်။ မူရင်းက တန်ဖိုးကြီးသလို တိုင်းရင်းဘာသာဖြင့် ပြန်ဆိုခြင်းသည် နှစ်လိုဖွယ်ရာ၊ ကြိုဆိုဖွယ်ရာ ဖြစ်ပါသည်။

သို့သော် ဒီနေရာမှာ အများစုက အသွင်သဏ္ဍာန်ဖြစ်တဲ့ ရေးထုံး၊ ဘာသာစကား အရေးအသားတွေကို ဦးစားပေးတတ်ကြပေမယ့် ကျွန်တော့်တကိုယ်တည်း အမြင်မှာတော့ ဒါတွေက  သယ်ဆောင်ရာ ယာဉ်တွေသာဖြစ်ပြီး ပန်းတိုင်မဟုတ်ပါ။ ကြားခံပေါင်းကူးတံတား တစ်ခုသာဖြစ်ပြီး ရပ်တည်နေရမယ့် အရာမဟုတ်ပါ။ မည်သည့်ကြားခံ(ဘာသာစကား၊ အသွင်သဏ္ဍာန်ကို) သုံးသည်ဖြစ်စေ အရေးကြီးတာက အနှစ်အသားဖြစ်တဲ့  Content ဘာတွေကို ဘယ်လိုပြောဆိုရေးသားကြလဲ ဆိုတာသာဖြစ်သည်။ အကြောင်းအရာပေါင်းစုံကို မတူတဲ့ အမြင်တွေနဲ့ ချဉ်းကပ်ရင်း၊ ငြင်းခုံဆွေးနွေးကြတာကမှသာ တကယ့်အရေးကြီးတဲ့ လိုအပ်ချက်လို့ မြင်မိပါသည်။ ပြောရင်းဆိုရင်းနှင့်ပင် စာဖတ်သူနဲ့ ကျနော် အမြင်မတူ၊ ငြင်းခုံစရာ တစ်ချက်ကို တင်ပြနေမိပါသည်။ သို့သော် ဘာသာစကားလည်း တိုးတက်၊ အကြောင်းအရာလည်း မြင့်မားဆိုရင်တော့ ပိုပြီး နှစ်လိုဖွယ်ရာပါပဲ။ ယခုစာကတော့ အကြောင်းအရာပိုင်းကို ငြင်းခုံခြင်းအား ဦးစားပေးထားပါသည်။

ဇာတ်လမ်း

မဖြူက အင်္ဂလိပ်လက်အောက်၊ စစ်တွေမှာ နေထိုင်သည့် ၁၅ နှစ်ဝန်းကျင် အမျိုးသမီးငယ်  တစ်ယောက်ဖြစ်သည်။ သူ့ခေတ်အခါ  အနေအထားအရ ဒီအသက်အရွယ် သမီးငယ်များသည် လှသွေးကြွယ်ချိန်၊ လင်ပေးစားရန် အကောင်းဆုံးအဖြစ် သတ်မှတ်ကြသည်။ သမီးရှင် မိဘများအနေနဲ့ သမက်ရှာပုံတော်ကို ဖွင့်ရသည်။ မိဘတို့ တွက်ချက်ရှာဖွေထားသော သမက်လောင်းကို သတို့သမီးလောင်းက မြင်ချင်မှ မြင်ဖူးမည်။ သဘောကျချင်မှ သဘောကျမည်။ ထိုအတွက် သတို့သမီးလောင်းမှာ ပြောဆို  ငြင်းပယ်ခွင့် မရှိ။ ငြင်းပယ်ခွင့်ရှိသူသည် မိဘလုပ်သူများသာ ဖြစ်သည်။ မိဘလုပ်သူများသည် သမက်လောင်းကို အလားအလာဖြင့် တွက်သည်။ အလားအလာဆိုရာတွင် ဝင်ငွေအနေအထား၊ အလုပ်အကိုင်၊ ရာထူး၊ အဆင့်အတန်းတို့သည် ထိပ်ဆုံးကပါဝင်သည်။

မဖြူနည်းတူ မောင်အေးသည်လည်း မဖြူကို ချစ်လျက်နှင့် မဖြူကလည်း ပြန်လည်ချစ်လျက်နှင့် မိဘအလိုကို ဆန့်ကျင်ကာ ဖွင့်ဟမပြောရဲ။ ဒါ့ကြောင့် ကိုယ်ချစ်ရသူကို သူ့မိဘတွေက လင်ပေးစားသည်ကို လက်ပိုက်ကြည့်နေရသည်။ မဖြူကတော့ လျာထားသမက် သုံးယောက်လောက်နဲ့ တွက်ကြည့်ပြီးမှ နောက်ဆုံး အိမ်ထောင်ချခံရသည်။ ထို့နောက် အိမ်ထောင်ကွဲသည်။ မဖြူမှာ လင်ကံမကောင်းဟု သတ်မှတ်ခံရသည်။ နောက်ထပ် မုဆိုးဖိုတစ်ယောက်နဲ့ ထပ်ပြီး အိမ်ထောင်ချထားပေးခြင်း ခံရပြန်သည်။ ဒီတခါလည်း မဖြူသည် အစဉ်အလာကို ဒူးထောက် အရှုံးပေးလက်ခံပြီး ဖြစ်သမျှကို လက်ခံလိုက်တော့သည်။ သူတို့နှစ်ယောက်စလုံးကို တုပ်နှောင်ထားသည့် အစဉ်အလာများကြားတွင် ချစ်ရသူများသည် သူတို့ ဘဝကို ပေးဆပ်ခဲ့ကြသည်။ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကို မျိုသိပ်ကာ ခံစားကြရသည်။

မဖြူပြောသော နာကျင်မှု

မဖြူသည် လိင်စော်ကားခံရသူတော့ မဟုတ်ပါ။ သို့သော် မိမိအလိုကို ဆန့်ကျင်လျက်  အိမ်ထောင်ချပေးခြင်းကြောင့် လိင်စော်ကားခံရသူနဲ့ မခြားသာ ဖြစ်လေမည်။ ပထမအိမ်ထောင်တွင် လင့်အလိုကို မိုက်ရူးရဲဆန်စွာ ဆန့်ကျင်ခဲ့သည်။ မဖြူ၏ စိတ်နှင့်ခန္ဓာကို လင်က မည်သို့ မည်ပုံ နာကျင်ခံစားစေရသလဲ ဆိုတာတော့ ရေးမပြ၊ အိပ်ခန်းထဲကကိစ္စဟု မိဘများက သတ်မှတ်သဖြင့် ပြောဆို၍ မရ။ ကျွန်တော်ကဖြင့် မဖြူ မျက်ရည်များကို ဘာသာပြန်၍ရလျှင် ပြန်ချင်စမ်းပါဘိ။ အခုခေတ်စကားနဲ့ ဆိုရင်တော့ “အိမ်တွင်းအကြမ်းဖက်မှု” ဟု ခေါင်းစဉ်တပ်၍ ရကောင်းရနိုင်မည်။

ယခုလို ပြော၍ မိဘများ စီစဉ် အိမ်ထောင်ချပေးသည့် (Arranged marriage) ကို အပြစ်ချည်း မြင်နေခြင်းတော့ မဟုတ်ပါ။ ကောင်းကွက်များလည်း ရှိနိုင်ပါသည်။ အိမ်ထောင်ရေး တည်မြဲနိုင်သည်။ မိသားစုများမှ ထောက်ခံသဖြင့် လူမှုရေး အထောက်အပံ့ကောင်း ရနိုင်သည်။ သို့သော် အမြဲတစေ ကောင်းသည်ဟုတော့ မမှတ်သင့်ဟု ထင်ပါသည်။ Arranged marriage သည် ကာယကံရှင်များ၏ ဆန္ဒကို နောက်တန်းပို့လိုက်သောအခါ အဓမ္မအိမ်ထောင်ပြုစေခြင်း (Force maggiage) အသွင် ပြောင်းသွားပါသည်။ ထိုနှစ်ခုကြားက အလွှာသည် ပါးပါးလေးသာ ဖြစ်ပါသည်။ ထိုအလွှာပါးပါးလေးကို ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာဆိုသည့် အ ရိပ်များဖြင့် ဖုံးလွှမ်းထားပါသည်။

မဖြူဆီက မေးခွန်းများ

မဖြူကို ဖတ်ရင်း မေးမိသည့် မေးခွန်းက လက်ရှိ ပစ္စက္ခအခြေအနေမှာရော မဖြူလို ခေတ်သစ်မဖြူတွေ ဘယ်လောက်ထိ ကျွန်တော်တို့ လူ့အသိုက်အဝန်းမှာ ရှိနေဦးမလဲ ဆိုတာပဲ ဖြစ်သည်။ ဒီလို ထုံးတမ်းစဉ်လာအောက်မှာ အမျိုးသမီးတွေ စတေးခံရတာ လက်ရှိခေတ်မှာရော ဘယ်လောက်ထိ ရှိနေသေးလဲ။ အမျိုးသားလည်း ထိခိုက်ခံစားရပါသည်။ ဒီဇာတ်လမ်းတွင်တော့ မောင်အေးအဖြစ်သည် နာကျင်ခံခက် ဖြစ်ရသည်။ အဝေးကြီးမဟုတ်၊ ကိုယ့်ပတ်ဝန်းကျင်မှာကို မျက်မှန်အသစ်တစ်ခု တပ်ပြီး ကြည့်မယ်ဆိုရင် အများကြီး ကျန်နေသေးသည်ဟု ခြုံငုံပြောပြနိုင်သည်။ လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်နဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ကွာခြား တိုးတက်နေနိုင်သည်။ ဒါပေမယ့် ဘယ်လောက်ထိများ ကွာခြားသွားလဲ။ နှစ်တစ်ရာက အခြေအနေနဲ့ အခုအခြေအနေကို နှိုင်းယှဉ်ကြည့်ပြီး ဒီလောက်ကြာတဲ့ ကာလအတွင်း တိုးတက်မှုဟာ ထိုက်သင့်ရဲလား။ ဒီထက် မတိုးတက်သင့်ဘူးလား မေးခွန်းများစွာ ကျန်ရစ်သည်။

“ယဉ်ကျေးမှုအရ” “ထုံးတမ်းစဉ်လာအရ” ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ မတူညီတဲ့ ပုံစံနဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေကို (ကျား ဖြစ်ခြင်း၊ မ ဖြစ်ခြင်း ကြောင့်) မဖြူလို အခြေအနေမျိုး ဖန်တီးပေးနေတာတွေ မရှိနိုင်ဘူးလား။ အမျိုးသား၊ အမျိုးသမီးများ၏ဘဝကို ရွှေဖြင့်သာ ဆုံးဖြတ်ပြီး အခြားစိတ်နေစိတ်ထား၊ လူ့အရည်အချင်းများကို ချင့်တွက်ခြင်းများ အားနည်းနေလွန်းသလား။ လူသားနှစ်ယောက် စိတ်ရောကိုယ်ပါ ပေါင်းစည်းခြင်းကို စီးပွားရေးဆန်စွာ တွက်ချက်ခြင်းများဖြင့် ပေသီးခေါက်လွန်းနေကြသလား။ အဖြေတို့ လွယ်လွယ်တော့ ရှိချင်မှ ရှိမည်။

မမာ့တယောက်

ဒီလို အစဉ်အလာတွေကို စိန်ခေါ်ဝံ့သူ အမျိုးသမီးတွေကို တွေ့ရပြန် တော့ အားတက်ရပြန်ပါတယ်။

ရခိုင်ဘာသာစကား အသုံးအနှုန်းနဲ့ပဲ “အကျွန်စွာ မမာ့တယောက်” ဆိုတဲ့ ကဗျာစာအုပ်လေးကို ဖတ်ရတော့ အပြောင်းအလဲတွေဟာ လေထဲမှာလို့ အနံ့ခံမိပါသည်။

ဒေသခံအမျိုးသမီး (၆) ယောက် ပူးပေါင်း ရေးသားထားသည့် ကဗျာစာအုပ်သည် ရှေးရိုးဆန်သည်ဟု အပြင်ကလူများ မြင်တတ်သည့် လူမှုဝန်းကျင်အတွက်တော့  စိန်ခေါ်သံတစ်ချက် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ၂၀၁၈ မှာ ရှိနေတဲ့ အမျိုးသမီးများ၏ ထုတ်ဖော်ရေးသားချက်များကတော့ ရဲရင့်လွန်းလှသည်ဟု ချီးကျူးရမည်။ တိုက်ရိုက်ကျလွန်းသည့် အရေးအသားတချို့ကတော့ ကဗျာရနံ့ကို ဒေါသသံ နည်းနည်းသင့်စေသည်ဟု မြင်မိသည်။ သို့တစေ အစဉ်အလာ ဓလေ့တွေကြားက သူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကို မသက်မသာ မြင်ရသည်။ အမျိုးသမီးဖြစ်ခြင်းကြောင့် သီးသန့်ချုပ်ချယ်ခံရမှုကြောင့် ဖြစ်တည်လာသည့် မွမ်းကြပ်မှုများကို ရှူရှိုက်ရသည်။ အစဉ်အလာများကြား ရှင်သန်ရခြင်းက ကျောက်ကြားတွင် ပေါက်ရသည့် ပန်းလိုပင် ဖြစ်နေမည်။

မှားယွင်းနေသည်များကို ထုတ်ဖော်ပြောဆိုသူများသည် အခြားဒေသက လူများက ချီးကျူးခံရသလောက် ကိုယ့်အသိုက်အဝန်း အတွင်းမှာတော့ ရန်အမြင်ဖြင့်   ကြည့်ခြင်းကို ပိုခံရတတ်သည်။ ငါတို့ အသိုက်အဝန်း အကြောင်းကို အတင်းပြောတယ်၊ မကောင်းတာတွေ လူသိအောင်လုပ်ပြီး အရှက်ခွဲတယ် စသည့် အသံများက ထုံးစံလို ဖြစ်နေမည်။ ဒီအတွက် ကဗျာဖန်တီးရှင်များကို အားမလျော့ဖို့ တိုက်တွန်းလိုသည်။ ကဗျာသည် စိတ်ခံစားချက်များကို ထုတ်ဖော်ရန် အကောင်းဆုံး လက်နက်ကိရိယာတစ်ခု ဖြစ်သော်လည်း လူအများကို ရောက်ရှိရန်အတွက်မူ အကန့်အသတ်ရှိသည်။ ထို့ကြောင့် ကဗျာရှင်များ၏ နှလုံးရည်ဖြင့် အခြားသော နည်းလမ်းများသုံးကာ လူအများ ပိုမို သိရှိလာစေဖို့ လှုံ့ဆော်နိုင်ပါစေကြောင်းလည်း ဆန္ဒပြုအပ်ပါသည်။

အဟောင်းအဆွေးတွေ

အစဉ်အလာတွေဟာ ပြောင်းလဲဖို့ ကြာပါသည်။ ကြာတတ်လို့ ငါတို့ ပြောင်းလည်း မထူးဘူးလို့ ထင်ရင်တော့ ဒါက သတ္တိမရှိရာ ကျပါမည်။ ကြာရှည်စွာ တည်လာလို့ အစဉ်အလာတွေဟာ ပြင်စရာမလိုတဲ့ အမှန်တရားတွေလို့လည်း အမြင်မှားတတ်သည်။ နောက်မျိုးဆက်အတွက်၊ နောင်နှစ်တစ်ရာအတွက် စဉ်းစားတွေးတောကာ ဒီနေ့ဒီနေရာကနေ အစဉ်အလာ အဟောင်းအဆွေးတွေကို စိန်ခေါ်ကြရအောင်ပါ။ အဟောင်းအဆွေးတွေကို ဖယ်ထုတ်လိုက်ရင် အနှစ်အသားတွေ ကျန်မှာဖြစ်တဲ့အတွက် အစဉ်အလာတွေ ပျောက်ကွယ်သွားမှာ ကြောက်စရာ မလိုပါဘူး။ ပိုကောင်းတဲ့ အစဉ်အလာ တစ်ရပ်သာ ရရှိလာမှာ ဖြစ်ပါတယ်။ အကြောက်ကန် ငြင်းနေတဲ့သူတွေကို ကျနော်တို့ ပျော့ပျောင်းညှင်သာစွာ စိန်ခေါ် ကြရအောင်ဟု နှိုးဆောာ်လိုက်ပါရစေ။

အရေးကြီးတဲ့ အချက်အနေနဲ့ ငြင်းခုံဆွေးနွေးမှုတွေမှာ သူတို့ လက်ခံထားသည့် အရှိတရားတစ်ခုကို ပျောက်ကွယ်သွားမှာ စိုးရိမ်နေသည့် လူအုပ်စုကိုလည်း ပါဝင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ အမြင်သစ်တိုင်းဟာ ကောင်းသည်ဟု မဆိုသာသလို အဟောင်းမှန်သမျှ မကောင်းမြင်သည့် အမြင်မှားတတ်မှုကိုတော့ သတိထားသင့်သည်ဟု ထင်ပါသည်။ ထိုသို့သော ငြင်းခုန်မှုများကို ဖြစ်ပေါ်စေရန်တော့ စာပေတွေကတဆင့် ဖန်တီးနိုင်လျှင် ကောင်း၏ဟု တွေးမိပါသည်။

ငြင်းခုံစေသည့် ဆောင်းပါး

ဤဆောင်းပါးကို ရေးဆဲမှာပင် ငြင်းခုန်မှုများကို လှုံ့ဆော်ပေးနိုင်သော ဆောင်းပါးတစ်ခုကို ဖတ်ခွင့်ရသည်။ ထိုဆောင်းပါးအား တုံ့ပြန်သံများကိုလည်း မြင်ရ၊ ကြားရသည်။ စာရေးသူနှစ်ယောက် ရေးသားထားသည့် ထိုဆောင်းပါးတွင် စစ်တွေမြို့၏ လက်ရှိအမျိုးသမီးများအား ထိပါးနှောင့်ယှက်မှု အခြေအနေကို မီးမောင်းထိုးပြကာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဖြေရှင်း၍ရနိုင်သည့် နည်းလမ်းများကို ဆွေးနွေးထားသည်။

စာရေးသူတစ်ယောက်၏ ကိုယ်တွေ့ကို အခြေခံကာ တင်ပြဆွေးနွေးထားခြင်း ဖြစ်သည့်အတွက် အမျိုးသမီးအများစု ကြုံတွေ့နေရသည်ဟု မပြောနိုင်သော်လည်း လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေဆဲ ဆိုသည်ကတော့ ခန့်မှန်းကြည့်နိုင်သည်။ ထိုဆောင်းပါးကို လူမှုကွန်ယက်ပေါ်တွင် မှတ်ချက်ပြု ပြန်လည်တုံ့ပြန်သူများက ဝေဖန်ကြသည်။ ထို့သို့ ဝေဖန်ရာတွင် အကြောင်းအရာ နှစ်မျိုးတွင် အခြေခံသည်။

တစ်ချို့က အထက်မှာ ပြောခဲ့သည့်အတိုင်း “ကာကွယ် ပြောကြားလိုစိတ်” ကဲကာ ငါတို့မြို့မှာ၊ ငါတို့ဒေသမှာ ဒီလောက်ကြီး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ပုံကြီးချဲ့ထားသလို ဖြစ်နေတယ်ဟု ဆိုကာ ပြစ်တင်ကြသည်။ အခြားအုပ်စုကတော့ ကျားမရေးရာများတွင် ဖြစ်နေဆဲ၊ ရှိနေဆဲဖြစ်သည့် “သားကောင်အား အပြစ်တင်ခြင်း (victim blaming)” လုပ်ကာ စာရေးသူအမျိုးသမီးကို အနေအထိုင် မတတ်၍သာ ထိုသို့ ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောဆိုကြသည်။ စစ်တွေမြို့တွင် ထိုသို့ ပါးစပ်သရမ်း လိင်စော်ကားမှုများ မရှိဟု ထောက်ပြသူများကိုယ်တိုင်က လူမှုကွန်ယက်ပေါ်တွင် စာရေးသူ အမျိုးသမီးကို ထိခိုက်အောင် ပြောဆိုနေကြခြင်းက အမျိုးသမီးများအပေါ် ဖိနှိပ်လိုစိတ်များ များပြားနေဆဲ ဆိုတာကို သက်သေပြနေသလိုပင် ရှိသည်။

ထိုဝေဖန် ပြစ်တင်သူများသည်လည်း အစဉ်အလာဟောင်းများကြားတွင် ကြီးပြင်း ရှင်သန်လာသူများဖြစ်ရာ အစဉ်အလာအဟောင်းကို မပြိုလဲအပ်သည့် ယဉ်ကျေးမှုဟုယူဆကာ ခုခံကာကွယ်ကြမည် ဖြစ်သည်။ ထိုအတွက် အတွေးအသစ် အမြင်သစ်ဖြင့်၊ ကမ္ဘာကြည့် ကြည့်တတ်သည့် အားသစ်လူငယ်များ၏ အသံများ ပိုမို ကြားခွင့်ရပါစေကြောင်းသာ မျှော်လင့်မိပါသည်။ ထိုလူငယ်များသည် လူမှုတန်ဖိုးအသစ်များကို ရှာဖွေယူဆောင်လာကြမည်ဟု ထပ်ဆင့် မျှော်လင့်မိပါသည်။

“ညီမကို ထိကေ ဓားကိုကြည့်ဆိုရေ ယောင်္ကျားတိက

 သူများညီမတိကို

 သားပြောမယားပြော စော်ကားပြောဆိုနိန်ရေ

 အသံတိကို ကြားရ မြင်ရရေအခါ

 ငါ အဆင်မပြေ။”

ဆိုင်း (အကျွန်စွာ မမာ့တယောက်)

စာညွှန်း။  ။

၁) မောင်နှင်းခိုင်(ပုဏ္ဏားကျွန်း)၊ “မဖြူ” ရခိုင် အချစ်ဝတ္ထုတစ်ပုဒ်၊ ရခိုင်ညွန့်ဖူးစာ ပေ၊ ၂၀၁၈။

၂) ဆိုင်း၊ အိမ်စည်၊ သင်းန်ဒါရ်၊ မြတ် အေး၊ လေးမြို့သန္တာ၊ ကြည်ဖြူ ၊ “အကျွန်စွာ မမာ့တယောက်” ၊ ချန့်ချန်စာပေ၊ ၂၀၁၈။

၃) အေးသီရိကျော်၊ အေးသိန်း၊ “အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြဿနာ” ၊ Development News Journal, Issue 99, December 15 မှ ဆောင်းပါး။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၀) တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ