ကောင်းကောင်း ကန်းကန်း

  သက်ဆိုင်ရာ နယ်ပယ်အလိုက် မိမိပါဝင်နီးစပ်၊ ထိစပ်တဲ့၊ ပါဝင်လုပ်ကိုင်တဲ့နယ်ပယ်မှာ ချွပ်ယွင်းတိမ်းပါးမှု၊ ပရမ်းပတာဖြစ်မှု၊ ယုံစားမိမှုတွေ၊ ဖေါက်ဖျက်မှု၊ မလျှော်ကန်မသင့်မြတ်မှုတွေ ကြုံတွေ့ကြားသိ၊ ရင်ဆိုင်မိရတဲ့အခါ ကောင်းကောင်း ကန်းကန်းလုပ်လို့ ယုံမိ၊ ကြုံမိ၊ ပါဝင်မိတယ်တယ်လို့ ပြောကြပါလိမ့်မယ်။ ပြစ်တင်မိပါလိမ့်မယ်။ ဖေါက်သည်ချမိပါလိမ့်မယ်။

By ခင်မောင်နိုင်(ဝေဒ) 09 Jun 2018

ခင်မောင်နိုင်(ဝေဒ) ရေးသားသည်

တလောကနားနားနေနေ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ဂျာနယ်ရောင်းသူတစ်ဦးကို မိတ်ဆွေ နှစ်ယောက်က ပြောလိုက်တာကိုကြားလိုက်မိပါတယ်။ မင်းတို့ဂျာနယ်တွေကလည်း တစ်ခါလာလည်း ဒီအကြောင်း အားလုံးဆင်တူတွေပဲ။ ဆောင်းပါးဖတ်ကြည့်တော့လည်း ခေတ်နောက်ဆွဲကောင်းကောင်း ကန်းကန်းလုပ်လို့ဖတ်မိပါတယ်။ ပိုက်ဆံကုန်၊ အချိန်ကုန်တာပဲအဖတ်တင်တယ်..လို့ ပြောလိုက်တဲ့ စကားကို ကြားလိုက်မိပါတယ်။

          ဂျာနယ်တစ်စောင်ရဲ့ အပြင်အဆင်တွေပါဝင်တဲ့ အချက်အလက်တွေ ခေတ်မီတာတန်းမဝင်တာ ဆိုတာတွေထက် မိတ်ဆွေနှစ်ဦးပြောလိုက်တဲ့ ကောင်းကောင်းကန်းကန်းဆိုတဲ့စကားကို အာရုံပြုစွဲထင်သွားလို့ တွေးမိပါတယ်။

          ကောင်း ဆိုတာ နာမဝိသေသနဖြစ်ပြီး နှစ်သက်ဖွယ်ဖြစ်သော၊ မွန်မြတ်သော၊ သန့်စင်သော သင့်လျှော်သောဆိုတဲ့ ဖြစ်နိုင်ဖွယ်ရှိသည်ဆိုသည့် အနက်ဖြစ်ပြီး သင့်လျှော်သည်ဟူသော ကြိယာကို ထောက်ပံ့ပေးတဲ့ စကားလုံးဖြစ်တယ်။

          ကန်း ဆိုတာက ကြိယာဖြစ်ပြီး မျက်စိကွယ်သည်၊ ကောသည်၊ ပပျောက်သည်လို့ အဓိပ္ပါယ်ရပါတယ်။ ဝေါဟာရနှစ်ခုကိုပေါင်းလိုက်ရင် နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ်၊ မွန်မြတ်မှုတွေ၊ သန့်စင်မှုတွေ၊ ကွယ်ပျောက်သွား တယ် မရှိဘူးလို့ သက်ရောက်သွားပါတယ်။

          ယခုရောက်နေတဲ့ ခေတ်ဖေါ်ဆောင်နေတဲ့ အကြောင်းတရား၊ လိုက်နာနေတဲ့ ရည်ရွယ်ချက်က လွတ်လပ်စွာဖြင့် ဥပဒေစည်းကမ်း၊ နည်းလမ်းတွေနှင့်အညီ ရေးသားပြောဆိုနိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီခေတ်၊ ဆည်းပူးအပ်သောပညာအသိ (knowledge) ပိုင်းခြားဆင်ခြင်အပ်သော အသိ ဉာဏ် (Wisdom)တွေ ဦးဆောင်တဲ့ခေတ်၊ အိုင်တီခေတ်ဖြစ်နေတော့ လူတွေအားလုံးဟာ မည်သည့်နေရာ မည်သည့်နယ်ပယ်မဆို အားလုံးမသိမိ၊ မရိပ်စားမိတောင်တီးမိ၊ ခေါက်မိတော့ရှိကြပါတယ်။ ပညာရှာနိုင်တဲ့ အခွင့်အလန်းတွေလည်း များစွာရှိပါတယ်။ ဘာမဆို အလွယ်တကူနားလည်နိုင်၊ သိနိုင်တဲ့ခေတ်ဖြစ်ပါတယ်။

          သက်ဆိုင်ရာ နယ်ပယ်အလိုက် မိမိပါဝင်နီးစပ်၊ ထိစပ်တဲ့၊ ပါဝင်လုပ်ကိုင်တဲ့နယ်ပယ်မှာ ချွပ်ယွင်းတိမ်းပါးမှု၊ ပရမ်းပတာဖြစ်မှု၊ ယုံစားမိမှုတွေ၊ ဖေါက်ဖျက်မှု၊ မလျှော်ကန်မသင့်မြတ်မှုတွေ ကြုံတွေ့ကြားသိ၊ ရင်ဆိုင်မိရတဲ့အခါ ကောင်းကောင်း ကန်းကန်းလုပ်လို့ ယုံမိ၊ ကြုံမိ၊ ပါဝင်မိတယ်တယ်လို့ ပြောကြပါလိမ့်မယ်။ ပြစ်တင်မိပါလိမ့်မယ်။ ဖေါက်သည်ချမိပါလိမ့်မယ်။

          စီးပွားရေးနယ်ပယ်မှာ လောဘဇောတက်မှုတွေကြောင့်ဖြစ်ဖြစ် အကြောင်းအကျိုး မညီညွတ်တော့တဲ့အခါမှာတော့ ထုတ်ကုန်ကအစ၊ သုံးစွဲကုန်အဆုံး အများကအစ၊ တစ်ဦးချင်းအလိုက် သုံးစွဲပြီးလို့ အကျိုးထက်အပျက်ကိုမြင်တွေ့၊ ကြုံတွေ့ခံစားရပြီးနောက်ပိုင်းမှာ ကောင်းကောင်း ကန်းကန်းလုပ်လို့ သုံးမိ၊ယုံမိပါတယ်လို့ ပြစ်တင်မဲ့ရွှဲ့ ပြောကြပါလိမ့်မယ်။

          လူမှုရေးနယ်ပယ်မှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေအပေါင်းအသင်းပေါက်ဖေါ် ရောင်းရင်းတွေ ညီမျှ၊ တူစွ၊ ပေါင်းသင်းလာကြပြီး သေးငယ်သောအကြောင်းနှင့်ဖြစ်ဖြစ်၊ ကြီးကျယ်တဲ့အကြောင်းနှင့်ဖြစ်ဖြစ်၊ ပါတီစွဲ၊ ဝါဒစွဲကြောင့်၊ လူမျိုးရေးကြောင့်ပဲဖြစ်ဖြစ် ခွဲခွာနှုတ်ဆက်အမုန်းသံယောဇဉ် ပဋိဃဖြစ်ကြတဲ့အခါ တစ်ဦးကို တစ်ဦး ပြစ်တင်ကဲ့ရဲ့ပြောဆိုကြတဲ့အခါ ကောင်းကောင်းကန်း ကန်းလုပ်လို့ ပေါင်းမိပါတယ်၊ ယုံမိပါတယ်လို့ ပြောဆိုကြပါလိမ့်မယ်။

          နိုင်ငံရေးနယ်ပယ်မှာ ခေတ်တွေရဲ့ တိုက်စားတိုးတက်မှုကြောင့် ဆင့်ကဲပြောင်းလဲမှုကြောင့် တစ်ရွှေ့ရွှေ့ပြောင်းလဲသွားမှု၊ တဟုန်ထိုးပြောင်းလဲသွားမှုတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပြည်သူတွေ ခံစားပြီး ဆိုးကျိုး၊ကောင်းကျိုးပြစ်တွေကို နားလည်ရင်ဆိုင်ခံစားပြီးတဲ့နောက်ပိုင်းမှာ ပါတီ နှင့် နယ်ပယ်အသီးသီးတွေ၊ အသင်းအဖွဲ့တွေရဲ့ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမူတွေကို ကြုံရ၊ ဆုံရ၊ ကြားသိမြင်တွေ့ခံစားလိုက် ရတဲ့အခိုက်မှာ ဒီလူတွေကိုများ၊ ဒီပါတီကိုများ၊ ဒီအသင်းအဖွဲ့ကိုများ၊ ဒီနိုင်ငံရေးသမားတွေကိုများ ကောင်း ကောင်းကန်းကန်းလုပ်လို့ ယုံမိ၊ ဝင်မိ၊ ထောက်ခံမိတယ်လို့ ပြောကြပါလိမ့်မယ်။ ယူကြုံးမရ ပြစ်တင်ကဲ့ရဲ့ မဲ့ရွှဲ့နေကြပါလိမ့်မယ်။

          တကယ်တော့ ကောင်း၏ဆိုတဲ့ နာမဝိသေသနနှင့် ကန်းဆိုတဲ့ ကြိယာဟာတွဲထားသင့်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဗန်းစကားအဖြစ်နဲ့သာ သုံးစွဲပြောဆိုနေကြတာဖြစ်ပါတယ်။ အခုတော့ ဒီစကား ဝေါဟာရကြောင့်၊ ဒီစကားလုံးအနက်ကြောင့်၊ နယ်ပယ်အသီးသီးမှာ အကောင်းတွေကန်းသွားကြပြီလား၊ နှစ်သက်မြတ်နိုးစရာ ယဉ်ကျေးမှုဓလေ့ကောင်းခြင်းတွေ ကန်းသွားကြပြီလား၊ ကောသွားကြပြီလား၊ ပပျောက်သွားကြပြီလား၊ အသုံးမတည့်တော့ပြီးလား၊ ဆောက်တည်ရမဲ့ မွန်မြတ်သန့်စင်တဲ့ လောကပါလ တရားတွေ။ သုစရိုတ်တရားတွေ၊ ဗြမ္ဒာစိုရ်တရားတွေ ကန်းသွားကြပြီလား၊ အကောင်းတွေ ကန်းသွားကြ ပြီလားလို့ တွေးမိပါတော့တယ်။

          မကောင်းခြင်းများ ကန်းသွား၍ ကောင်းခြင်းများ ရှင်သန်ကြပါစေ။

ဗီဒီယိုများ