ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်အတွက်လော၊ တရုတ်အတွက်လော

နွမ်းပါးတဲ့ ရခိုင်လူမျိုးတွေကို ဆင်းရဲတွင်းထဲက လွတ်အောင် ဆွဲတင်ဖို့ စက်မှုဇုန်တွေ တည်ထောင်ပေး ရမယ်လို့ ဘယ်သူဘယ်ဝါက အတွေးဖောက်ပေးလိုက်သလဲတော့ မသိ။ ကျွန်တော်တို့ရဲ့ လေ့လာမှုအရတော့ ကျောက်ဖြူမြို့မှာ တည်ဆောက်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (သို့တည်းမဟုတ်) စက်မှုဇုန်ကတော့ ကျောက်ဖြူဒေသခံတွေကို အကျိုးထူးပေးမယ့် လက္ခဏာတော့ မမြင်မိချေ။

By အောင်မျိုးဦး 14 Jan 2018

ကျောက်ဖြူမြို့မြင်ကွင်း။ ဓါတ်ပုံ - ခိုင်မင်း (ကျောက်ဖြူ)

ရေးသားသူ - အောင်မျိုးဦး

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။    ။   နွမ်းပါးတဲ့ ရခိုင်လူမျိုးတွေကို ဆင်းရဲတွင်းထဲက လွတ်အောင် ဆွဲတင်ဖို့ စက်မှုဇုန်တွေ တည်ထောင်ပေး ရမယ်လို့ ဘယ်သူဘယ်ဝါက အတွေးဖောက်ပေးလိုက်သလဲတော့ မသိ။ ကျွန်တော်တို့ရဲ့ လေ့လာမှုအရတော့ ကျောက်ဖြူမြို့မှာ တည်ဆောက်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (သို့တည်းမဟုတ်) စက်မှုဇုန်ကတော့ ကျောက်ဖြူဒေသခံတွေကို အကျိုးထူးပေးမယ့် လက္ခဏာတော့ မမြင်မိချေ။

ရခိုင်ပြည်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးပြည်နယ် ဖြစ်နေတာ ဘာကြေင့်လဲ ဆိုတဲ့ အကြောင်းရင်းခံကို တိတိပပ လေ့လာမှုမပြုဘဲ အတွေးစိတ်ကူးနဲ့ လမ်းကြောင်းတွေ ဖောက်နေခြင်းက အနာတခြား ဆေးတခြား ဖြစ်ဖို့ တာစူနေတယ်။ ကျွန်တော်တို့ရဲ့ ရခိုင်မြေဟာ မြေဆီသြဇာထူးတယ်။ ပင်လယ်ထွက်ပေါက်ရှိတယ်။ ကမ်းလွန်ဒေသမှာ ဂတ်စ်တွေထွက်တယ်။ မီးခိုးတိတ် လုပ်ငန်းဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖော်ဆောင်ဖို့ များပြားလှတဲ့ ကမ်းခြေသောင်ကမ်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်နေရာတွေ ရှိနေတယ်။

သဘာဝက ပေးတဲ့ ဒီလို ကြွယ်ဝမှုကို ရခိုင်တွေ မရသေးဘူး။ ဒီမြေမှာနေပြီး ဒီမြေရဲ့ အဆီအနှစ်တွေကို မခံစားရဘူး။ အခုတစ်ခေါက် ကျောက်ဖြူမှာ စက်မှုဇုန်၊ စီးပွားရေးဇုန် ဆောက်မယ်လို့ သတင်းတွေထွက်တော့ အတွေးနဲ့ ပျော်ကြတာ။ စက်မှုလုပ်ငန်းဆောက်တော့ အလုပ်အကိုင်အခွင့်အလမ်းရမယ်ပေါ့လေ။

ပြဿနာက အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်တို့ရဲ့ အနှစ်သာရသဘောတရားကိုတောင် ဒေသခံတွေကို အသိမပေးသေးဘူး။ ကျောက်ဖြူဒေသက လူတွေက စက်မှုဇုန်ရယ်လို့ပဲ အလွယ်ခေါ်နေကြတယ်။ တကယ့်တကယ်တော့ ဒီရင်းနှီးမြှပ်နှံမှုမှာ အဓိကအပိုင်းက ရေနက်ဆိပ်ကမ်းသာ ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုပြုမယ့် တရုတ်ကုမ္မဏီက ရေနက်ဆိပ်ကမ်းမှာ ငွေလုံးငွေရင်း ထည့်မှာ ဖြစ်တယ်။ ဒီဆိပ်ကမ်းက တရုတ်ပြည်ကိုပို့မယ့် ကုန်စည်တွေကို ကမ္ဘာ့အနောက်ခြမ်းကနေ ယူလာမယ်။ ကျောက်ဖြူဆိပ်ကမ်းမှာ လာစုမယ်။ ပြီးရင် ဒီကုန်တွေကို မြန်မာနိုင်ငံရဲ့ ခါးလယ်ဖြတ်လမ်းမကြီးကတဆင့် တရုတ်ပြည်ကူမင်းကို ပို့မယ်။ ဒါအဓိက ရည်ရွယ်ချက်ပဲ။

စက်မှုလုပ်ငန်းတွေတော့ ဆောက်မယ်လို့ ဆိုတယ်။ ဒါပေမယ့် ဘာလုပ်ငန်းတွေလဲ။ ဘယ်သူမှ တိတိပပ မသိရဘူး။ အထူးစီးပွားရေးဇုန်ကို ဘယ်လိုဒီဇိုင်းထုတ်ထားသလဲ။ မေးခွန်းမေးစရာတွေ အများကြီး။

အထူးစီးပွားရေးဇုန်ကြီးဆောက်မယ်ဆိုတော့ မြေနေရာက လိုလာပြီ။ လိုတဲ့မြေကို ရွာသားတွေနေတဲ့ နေရာက လယ်တွေကို သိမ်းယူလိမ့်မယ်။ လျော်ကြေးပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ရွာသားတွေတောင်းတဲ့ ငွေပမာဏကို ပေးမှာလား။ ညှိမှာလား။ ရွာတွေ ပြောင်းပေးရရင် ဘယ်နှယ့်လုပ်မလဲ။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ဘယ်ပုံဘယ်နည်း စီစဉ်ထားသလဲ။ ဒီမေးခွန်းတွေကို အခုထက်ထိ မဖြေပေးသေးဘူး။

ကဲ…မြေသိမ်း၊ ယာသိမ်း ကိစ္စတွေ ဖြစ်လာပြီဆိုပါတော့။ လယ်သမားတွေ နစ်နာစရာတွေ ရှိနေတယ်။ ကျောက်ဖြူမှာ လယ်သမားတော်တော်များများက လယ်ဧက ၃ ဧကကနေ ၅ ဧက လောက်ပဲ ပိုင်ကြတာ ဖြစ်တယ်။ ထွက်တဲ့စပါးကို ဝမ်းစာအတွက် သုံးတယ်။ နွေရာသီမှာ ငါးဖမ်းကြတယ်။ ဂဏန်းရှာကြတယ်။ ဟင်းစားလိုရင် တောထဲတောင်ထဲက သွားခူးတယ်။ လယ်နားကပ်ရပ် တောင်ကုန်းတောင်တန်းတွေက လယ်သမားတွေအတွက် နွားစားကျက်တွေ ဖြစ်နေတယ်။ အစိုးရက ဒီမြေတွေဟာ မြေလွတ်မြေရိုင်းလို့ပဲ သမုတ်တယ်။ လယ်သမားက ရိုးရာပိုင်မြေလို့ ယူဆတယ်။ ဒီမှာတင် အငြင်းပွားစရာ ဖြစ်ပြီ။ မြေလျှော်ကြေးပေးရင် လယ်မြေ (ပုံစံ ၇) ရှိတဲ့ မြေတွေကို ပေးလိမ့်မယ်။ စားကျက်မြေကို မပေးဘူး။ အဲ…တချို့သော အစိုးရအရာရှိမင်းများက စားကျက်မြေကိုလည်း လျှော်ကြေးပေးပါမယ် ဆိုပြီး ပြောထားတာလဲ ရှိပါသတဲ့။

လယ်သမားတွေက ဘယ်သူ့စကား ယုံရမလဲ ဖြစ်နေတယ်။

(ကျောက်ဖြူအထူးစီးပွားရေးဇုန်အား တည်ဆောက်မည့် နမူနာများ။ ဓါတ်ပုံ - SEZ)

ပိုစိုးရိမ်စရာ ရှိတာက တာဝန်ခံမှု တာဝန်ယူမှု မပီပြင်တာ ဖြစ်တယ်။ ပြဿနာတစ်ခုခု ဖြစ်လာရင် လယ်သမားတွေမှာ ဘယ်သူ့ကို သွားတိုင်ရမှန်းကို မသိဘူး။ ပြဿနာတွေကို ကြီးကြပ်ဖြေရှင်းပေးမယ့် အဖွဲ့၊ ဌာနတွေ ရှိဖို့လိုမယ်။ နစ်နာမှုတွေကို ကြားနာပေးမယ့် အာဏာပိုင်မျိုး ဖြစ်ဖို့လိုမယ်။

ပြဌာန်းထားတဲ့ အထူးစီးပွားရေးဇုန်ဥပဒေမှာ ရင်းနှီးမြှုပ်နှံသူတွေကို အစိုးရက မြေငှားမည့် ကိစ္စတွေ ရေးထားတယ်။ ဒါပေမယ့် ၎င်းဥပဒေဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြောင့် ခံစားရမယ့် ဒေသခံတွေကို ဘယ်လိုနေရာချပေးရမယ်လို့ အစီအစဉ်တွေ ထည့်သွင်း မရေးထားဘူး။ ပြီးတော့ အစိုးရနဲ့ ရင်းနီးမြှုပ်နှံမှုလုပ်မယ့် ကုမ္မဏီအကြား တာဝန်ဝတ္တရား၊ လုပ်ငန်းဆောင်တာ အထူးသဖြင့် တာဝန်ယူမှု တာဝန်ခံမှုကိစ္စ ရှင်းလင်းပြတ်သားစွာ ရေးထားတာကို မတွေ့ရဘူး။

အထူးစီးပွားရေးဇုန်ဥပဒေမှာ မြေသိမ်းရင် ဘယ်ဥပဒေနဲ့ သိမ်းရမယ်လို့ ရှင်းလင်းပြတ်သား မရေးထားဘူး။ မြေလျှော်ကြေးနဲ့ ပြန်လည်နေရာချထားရေးကို ဘယ်ဥပဒေနဲ့ ဆောင်ရွက်ရမယ် မပြောထားဘူး။ လက်တွေ့ မြေပြင်မှာ မြေသိမ်းနေတဲ့ အချိန်မှာတော့ နယ်ချဲ့ကိုလိုနီတွေ သုံးခဲ့တဲ့ မြေသိမ်းဥပဒေကို သုံးပြီး သိမ်းနေတာကို တွေ့ရတယ်။

ဥပဒေပိုင်းတွေကို ခဏထားပြီး လက်တွေ့မှာ ဖြစ်လာမယ့် အခြေအနေတွေကို ကြည့်ပြန်ရင်လည်း ရင်လေးစရာတွေ တွေ့တယ်။ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ထွက်လာတဲ့ သတင်းတွေထဲမှာ စက်မှုဇုန်ဖြစ်ရင် အလုပ်အကိုင် (၂) သိန်းလောက် ဖြစ်လာမယ်လို့ ဆိုထားတယ်။ ကျောက်ဖြူတစ်မြို့လုံးပေါင်းမှ လူဦးရေက (၁) သိန်း (၆) သောင်းကျော်ပဲ ရှိတယ်။ အဲဒီတော့ စက်မှုဇုန်ဖြစ်လာရင် ကျောက်ဖြူမြို့ထဲကို လူဦးရေ (၂) သိန်း (၃) သိန်းလောက် ဝင်လာလိမ့်မယ်။ ဒီလူတွေ ဘယ်ကလာမလဲ မသိရဘူး။ သေချာတာကတော့ ကျောက်ဖြူမြို့ကို လူသစ်တွေ သိန်းချီ ရောက်လာမယ်။ ဒေသခံတွေအတွက် စိုးရိမ်စရာက ဒီလူတွေ ဘယ်လိုစရိုက်တွေ ယူလာမလဲ။ လူဆိုးသူခိုးတွေ ပါလာမလား။ ဒေသစရိုက်နဲ့ ကိုက်ပါ့မလား။ ဒေသယဉ်ကျေးမှုဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွားလိမ့်မယ်။ လူမျိုးခြားတွေ ပါလာရင် လူမျိုးရေး ပဋိပက္ခတွေ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူအာမခံမလဲ။ ဒါတွေအဖြစ်ခင် ကြိုတင်ကာကွယ်ရေး အစီအမံတွေက ဘာတွေလုပ်ပြီးပြီလဲ။ ချပြဖို့ လိုပါမယ်။

ကဲပါ။ အလုပ်အကိုင်အခွင့်အလမ်းကိစ္စ ဆက်ကြည့်ရင်လည်း ဒေသခံတွေ အကျိုးများစေမယ့် လက္ခဏာမပေါ်ဘူး။ ရခိုင်မှာ ရွှေ့ပြောင်းသွားလာမှုကြောင့် တောရွာတွေမှာ လူငယ်လူရွယ်တွေ နည်းကုန်ပြီ။ ဘယ်သူ့ကို အလုပ်ခန့်မှာလဲ။ လူငယ်တွေ ပြန်လာပြီး ကိုယ့်ဒေသမှာ အလုပ်ရပြီ ထားအုံး။ အလုပ်လုပ်နိုင်တဲ့ သက်ဆိုင်ရာ စွမ်းရည်မြင့်သင်တန်းတွေ မတက်ထားရင် အုတ်သယ်၊ ကျောက်ပြောင်း အနိမ့်စား အလုပ်သမားဘဝပဲ ရလိမ့်မယ်။ လယ်သမားတွေ စိုးရိမ်နေတယ်။ ကိုယ့်မြေ ကိုယ့်ရေကို သူများကို ပေးပြစ်ရပြီး မြေသိမ်းသွားတဲ့သူတွေဆီမှာပဲ ကျွန်ခံသလို မဝရေစာနဲ့ အလုပ်လုပ်နေရမယ့် အဖြစ်ကို ရောက်မှာ သူတို့ ကြောက်နေကြတယ်။

ဒီအကြောက်တရားဟာ သာမည မဟုတ်ဘူး။ ဘဝတွေ တစ်ဆစ်ချိုး ပြောင်းလဲခံရပြီးမှ စံစားရမယ့် အခြေအနေကို မရောက်ဘဲ ခံစားရမယ့် ဝေဒနာသည်တွေ ဖြစ်သွားမှာ ဘယ်သူမှတော့ လိုလားမှာ မဟုတ်ဘူး။ အစိုးရမင်းများအနေနဲ့ ဒီအခြေအနေတွေကို ကြိုတင်တွေးဆ ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ဖို့ လိုပါမယ်။ ဒါမှသာ စီမံကိန်းတစ်ခုကြောင့် ဒေသခံတွေ အကျိုးရမှာ ဖြစ်တယ်။ နို့မို့ရင် ကိုယ့်လူတွေ ခံရပြီး တိုင်းခြားသားတွေ စံရမယ့် အခြေအနေဆိုရင် တိုင်းပြည်လည်း တိုးတက်တော့မှာ မဟုတ်ဘူး။

တိုင်းပြည်တစ်ပြည် တိုးတက်တယ်ဆိုတာ တိုင်းသူပြည်သားတွေ ချမ်းသာမှ ဖြစ်တာပါ။ ဆင်းရဲချမ်းသာကွာဟမှုကြီးမားပြီး တချို့က ဘီလီယံနာ တချို့က ဂီလာနတွေ ဖြစ်ကုန်ရင် တိုင်းပြည်မှာ လူတန်းစားမညီမျှမှုကြောင့် အခက်အခဲတွေ ဖြစ်နေဦးမှာပါပဲ။ အဲဒီတော့ နွမ်းပါးတဲ့လူတွေကို ဆင်းရဲတွင်းထဲက ဆွဲတင်မယ်ဆိုရင် လူဆင်းရဲနင်းပြား လယ်သမားများကို ငဲ့ကွက်ဖို့လိုပါမယ်။ ဒါမှမဟုတ် နိုင်ငံတကာအခင်းအကျင်းမှာ တိုင်းပြည်တစ်ပြည်အတွက် မိမိမြေတွေစတေးရတာ၊ မိမိလူတွေ စတေးရတာ ဆိုရင်တော့ ဒီစက်မှုဇုန်ဟာ သာယာမှုအပြည့်နဲ့ ရှေ့ဆက်သွားနိုင်မှာ မဟုတ်ပါဘူး။

ရေးသားသူ - အောင်မျိုးဦး

(ကျောက်ဖြူအထူးစီးပွားရေးဇုန်အား တည်ဆောက်မည့် နမူနာများ။ ဓါတ်ပုံ - SEZ)

ဗီဒီယိုများ