တောင်ကုတ် ရခိုင်လူငယ်ညီလာခံ၊ ကျွန်တော် တွေ့ကြုံခဲ့ရသမျှ

           ရခိုင်လူငယ်ညီလာခံမှာ ခေါင်းစဉ်လေးခုကို အဓိကထားဆွေးနွေးခဲ့ကြတယ်။ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်ပညာရေး နှင့် လူငယ်နှင့်မူယစ်ဆေးဝါးဆိုတဲ့ ကဏ္ဍတွေပါ။ ရခိုင်ပြည်ရဲ့ လက်ရှိအနေအထားကိုကြည့်ရင် ဒီကဏ္ဍလေးခုဟာ ရခိုင်လူငယ်တွေ အတွက်သာမကဘဲ ရခိုင်ပြည်သူတစ်ရပ်လုံးအတွက်ပါ အလွန်အရေးကြီးတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒေသ (၂၆) ခုက လူငယ်ကိုယ်စားလှယ်တွေ တင်သွင်းခဲ့ကြတဲ့စာတမ်းတွေကို ကြည့်ရင်လည်း ဒီပြဿနာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဒေသအသီးသီးက ရခိုင်လူငယ်တွေအပေါ် သက် ရောက်မှုများစွာ ရှိနေတယ်ဆိုတာတွေ့ရပါတယ်။

By အေးသိန်း 21 May 2018

တောင်ကုတ်မြို့၌ ကျင်းပခဲ့သည့် ရခိုင်လူငယ်ညီလာခံသို့ ၁၇ မြို့နယ်က လူငယ်ကိုယ်စားလှယိ ၄၀၀ ကျော်တက်ရောက်ခဲ့ကြစဉ်။ဓာတ်ပုံ-ကောင်းကောင်း

အေးသိန်း ရေးသားသည်

မေလ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်လူငယ်ညီလာခံမှာ ထူးခြားတဲ့အချက်တွေ အများကြီးရှိပါတယ်။ မှတ်တမ်းတွေအရ ဒီညီ လာခံဟာ နှစ်ပေါင်း (၇၀) ကျော်ကာလမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ရခိုင်လူငယ်ညီလာခံ ဖြစ်ပါတယ်။ ကိုယ်စားပြုမှုအပိုင်းကိုပြောရင်လည်း ရခိုင်ပြည်ထဲက လူငယ်တွေသာမကဘဲ ရခိုင် ပြည် ပြင်ပရောက်နေကြတဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ဖားကန့်ဒေသတွေက ရခိုင်လူငယ် ကိုယ်စားလှယ်တွေလည်း အင်နဲ့အားနဲ့တက်ရောက်ခဲ့ကြပါတယ်။ ညီလာခံစီစဉ်သူတွေရဲ့ ပြော ဆိုချက်အရ အခက်အခဲပေါင်းများစွာကြားက ကျင်းပနိုင်ခဲ့တာဖြစ်တဲ့အတွက် ပွဲဖြစ်မြောက် ရေးအတွက် တာဝန်ရှိသူတွေအားလုံရဲ့  အင်အားစိုက်ထုတ်မှု၊ တက်ညီလက်ညီရှိမှုနဲ့ ကိုယ်ပိုင်အချိန်တွေဖဲ့ပြီး လုပ်အားပေးမှုတွေကို အသိအမှတ်ပြုရပါမယ်။

           ရခိုင်လူငယ်ညီလာခံမှာ ခေါင်းစဉ်လေးခုကို အဓိကထားဆွေးနွေးခဲ့ကြတယ်။ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်ပညာရေး နှင့် လူငယ်နှင့်မူယစ်ဆေးဝါးဆိုတဲ့ ကဏ္ဍတွေပါ။ ရခိုင်ပြည်ရဲ့ လက်ရှိအနေအထားကိုကြည့်ရင် ဒီကဏ္ဍလေးခုဟာ ရခိုင်လူငယ်တွေ အတွက်သာမကဘဲ ရခိုင်ပြည်သူတစ်ရပ်လုံးအတွက်ပါ အလွန်အရေးကြီးတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒေသ (၂၆) ခုက လူငယ်ကိုယ်စားလှယ်တွေ တင်သွင်းခဲ့ကြတဲ့စာတမ်းတွေကို ကြည့်ရင်လည်း ဒီပြဿနာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဒေသအသီးသီးက ရခိုင်လူငယ်တွေအပေါ် သက် ရောက်မှုများစွာ ရှိနေတယ်ဆိုတာတွေ့ရပါတယ်။

           ယခုဆောင်းပါးမှာ ကျွန်တော်တွေ့ခဲ့တာတွေ၊ ဒါတွေအပေါ် ကျွန်တော့်အမြင်တွေကို အပိုင်းသုံးပိုင်းခွဲပြီးတော့ တင်ပြသွားပါမယ်။ ပထမအပိုင်းမှာ လူငယ်နှင့် နိုင်ငံရေးအကြောင်းကို ပြောပါမယ်။ ကဏ္ဍလေးခုလုံးအရေးကြီးပေမယ့် ကျွန်တော်က ဒီတစ်ခုတည်းကိုပဲ အချိန်ပေးပြီး လေ့လာခွင့်ရခဲ့တဲ့အတွက်ပါ။ နောက်တစ်ချက်က နိုင်ငံရေးကကဏ္ဍအားလုံးအပေါ် အုပ်မိုး နေတယ်လို့  ညီလာခံတက်ရောက်သူတစ်ချို့နဲ့ အမြင်တူလို့ ဖြစ်ပါတယ်။ ဒုတိယအပိုင်းမှာ  ညီလာခံဖြစ်စဉ်တစ်ခုလုံးကို ကျောထောက်နောက်ခံဖြစ်စေခဲ့တဲ့စံများ၊ တန်ဖိုးများနှင့် ရခိုင့်နိုင်ငံရေး ယဉ်ကျေးမှုအကြောင်းကို သုံသပ်ဆွေးနွေးပါမယ်။ နောက်ဆုံးအပိုင်းမှာ ပွဲစီစဉ်မှု၊ ပွဲကျင်းပမှု အကြောင်းကို အနည်းငယ်ဝေဖန်ဆွေးနွေးပါမယ်။ လူငယ်နှင့်နိုင်ငံရေး ခေါင်းစဉ်အောက်မှာ အခြားခေါင်းစဉ်ခွဲတွေ အများကြီးပါပါတယ်။ ဆောင်းပါးအလွန်တရာရှည်မသွားစေဖို့ ဒီအထဲကမှ ကျွန်တော် ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့တဲ့ လူငယ်နှင့်နိုင်ငံရေးပါဝင်မှု အကြောင်းကို အသားပေး ဆွေးနွေးချင်ပါတယ်။

 (၁) လူငယ်နှင့် နိုင်ငံရေး

           ရခိုင့်နိုင်ငံရေးမှာ လူငယ်ပါဝင်မှု အလွန်နည်းတယ်ဆိုပြီးတော့ တက်ရောက်လာကြတဲ့ လူငယ်တွေ ထောက်ပြကြခဲ့ကြတယ်။ သို့သော် ဒီနေရာမှာသတိပြုသင့်တာက တစ်ကမ္ဘာလုံး အတိုင်းအရနဲ့ ပြောရင် လူငယ်တွေရဲ့ နိုင်ငံရေးပါဝင်မှုဟာ လူကြီးတွေနဲ့သိပ်မကွာ ပါဘူး။ ၂၀၁၅ မှာ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့လူငယ်များ အစီအရင်ခံစာမှာ နိုင်ငံရေးမှာ လူငယ်ပါဝင်မှု ၃.၂ ရာခိုင်နှုန်းရှိပြီးတော့ လူကြီးတွေက ၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ဆို ထားပါတယ်။ နိုင်ငံရေးပါဝင်မှုလို့ ဆိုရာမှာ ရွေးကောက်ပွဲတွေမှာ မဲပေးတာ၊ နိုင်ငံရေးပါတီတွေမှာ အသင်းဝင်တာစတဲ့ အချက်တွေကို အဓိကအညွှန်းကိန်း အဖြစ်ထည့်ပြီး တွက်ထားတာဖြစ်ပါ တယ်။ နိုင်ငံရေးပါဝင်မှုမှာ လူငယ်တွေ အတွက် ပိုကြီးမားတဲ့ ပြဿနာကတော့ လွှတ်တော်မှာ နိုင်ငံရေးအရကိုယ်စားပြုမှုဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လူငယ်ကိုယ်စားပြုမှုနည်းရင် လူငယ်တွေအတွက် အရေးကြီးတဲ့ကိစ္စတွေ ရှေ့ရောက်ဖို့အခွင့်အလမ်းပိုနည်း ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စတွေအတွက်၊ ကိုယ့်ဘဝအပေါ်မှာ သက်ရောက်မှုရှိမယ့်၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ ကိုယ် တိုင်ပါဝင်ခွင့်ရတာ အကောင်းဆုံးပါပဲ။  ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသားရေး ပါတီဝင်ဖြစ်တဲ့အပြင် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ကိုအောင်ကျော်ထွီးက သူအပါအဝင် ပြည်နယ်လွှတ်တော်မှာ အသက် (၄၀) အောက် သုံးယောက်ပဲ ရှိတယ်လို့ ထောက်ပြခဲ့တယ်။ ဒါတောင် ရခိုင်ပေတံနဲ့ တိုင်းလို့သာဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလိုနိုင်ငံ တကာစံတွေနဲ့တိုင်းရင် ပြည်နယ်လွှတ်တော်မှာ လူငယ်ဆိုတာ တစ်ယောက်မှ မပါဘူးလို့ပြောနိုင်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ လွှတ်တော်ထဲလူငယ်တွေ ပါဝင်မှုနည်းခြင်းဟာ ရခိုင်တစ်ပြည်နယ်တည်း၊  မြန်မာတစ်နိုင်ငံတည်းမှာသာကြုံရတဲ့ ပြဿနာတော့ မဟုတ်ပါ ဘူး။ တစ်ကမ္ဘာလုံးမှာ ကြုံရတဲ့ပြဿနာပါ။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းကဏန်းတွေက တစ်ကမ္ဘာလုံးအတိုင်းအတာအရ အသက် (၂၀) နဲ့ (၂၉) နှစ်အကြားရှိတဲ့ လွှတ်တော်အမတ်အရေအတွက်ဟာ လွှတ်တော်အမတ်အားလုံးရဲ့  (၂) ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ လွှတ်တော်အမတ်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် (၅၀) ဝန်းကျင် ဖြစ်ပါတယ်။

           ဒီထက်ပိုဆိုးတာက ရခိုင်ပြည်နယ်လွှတ်တော်မှာ အမျိုးသမီးဆိုရင် အမျိုးသမီးလူငယ်ရော အမျိုးသမီးလူကြီးတွေပါ လုံးဝပျောက်နေတဲ့ကိစ္စဖြစ်ပါတယ်။ ကျား၊မ တန်းတူရေးအမြင်က ကြည့်ရင် အခုလို လွှတ်တော်မှာ အမျိုးသမီးကိုယ်စားပြုမှု ပျောက်နေတာဟာ လက်မခံနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ ၂၀၁၆ ရွေးကောက်ပွဲအပြီး လွှတ်တော်မှာ အမျိုးသမီးကိုယ်စားပြုမှု တိုးလာ သော်လည်း အမျိုးသမီးလွှတ်တော် အမတ်အရေအတွက်ဟာ ရွေးကောက်ခံရပြီး တက်လာတဲ့ လွှတ်တော်အမတ် အားလုံးရဲ့ ၁၄ ရာခိုင်နှုန်းအောက်ပဲ ရှိပါသေးတယ်။ ဒါဟာ အမျိုးသမီးရာခိုင်နှုန်း (၅၂) ကျော်ရှိတဲ့ ရခိုင်ပြည်နယ်အတွက် လက်ခံနိုင်ဖွယ်ရာ မဟုတ်ပါ။ ရခိုင်လူငယ်ညီလာခံက အမျိုးသမီးကိုယ်စားလှယ်အရေအတွက်ကို ၃၀% မူ ချမှတ်ထားတယ်လို့ သိရပါတယ်။ သို့သော် လူငယ်နဲ့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲအတွက် တက်ရောက်လာသူ (၇၀) ကျော်မှာ အမျိုးသမီးလူငယ် (၁၅) ယောက်သာပါတာကို တွေ့ရပါတယ်။ ကျွန်တော်ရထားတဲ့ အချက်အလက်တွေအရ ဒီ ၃၀% မူကိုတောင် မပြည့်တဲ့မြို့နယ်တွေအများကြီး ရှိနေပါတယ်။ ညီလာခံတက်လာတဲ့သူတွေထဲက တစ်ချို့က သူတို့အနေနဲ့ အမျိုးသမီးတွေကို ဖိတ်ခေါ်တယ်၊ နေရာပေးခဲ့တယ်၊ သို့သော် အမျိုးသမီးတွေ ကိုယ်၌က မဝင်ပါတာဖြစ်တဲ့အတွက် အခုလို အမျိုးသမီးပါဝင်မှုှုနှုန်းနည်းသွား တယ်တာဆိုပြီး ထောက်ပြတာတွေရှိခဲ့ပါတယ်။ ဒီအချက်ဟာ မှန်သင့်သလောက်မှန်ပေမယ့် လူအဖွဲ့အစည်း စနစ်ကြီးတစ်ခုလုံးက အမျိုးသမီးတွေအပေါ် ဖြစ်စေတဲ့အဟန့်အတားတွေကို ထည့်သွင်းစဉ်းစားခြင်း မရှိပါဘူး။ ဒီအခြေအနေရဲ့  နောက်ကအကြောင်းအရင်းတွေကို အပိုင်း (၂)မှာ ဆက်ပြီးတော့ ဆွေးနွေးသွားပါမယ်။

 (၂) စံများ၊ တန်ဖိုးများနှင့် ရခိုင့်နိုင်ငံရေးယဉ်ကျေးမှု

           လူငယ်တွေ ဆွေးနွေးတင်ပြမှုအရ လူငယ်တွေ အထူးသဖြင့် ရခိုင်လူငယ်အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုနည်းခြင်းရဲ့  နောက်ကွယ်မှာ အကြောင်းအရင်းတွေများစွာ ရှိပါတယ်။ အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲနိုင်မယ်ထင်ပါတယ်။ ဒီအကြောင်းအရင်း နှစ်မျိုးဟာ သူ့ဟာနဲ့သူ သီးခြားဖြစ်နေတာ မဟုတ်ဘဲ အပြန်အလှန် ပူးတွဲချိတ်ဆက်နေပါတယ်။ ဆိုလိုချင်တာက လူတစ်ယောက်ဟာ ယဉ်ကျေးမှု၊ လူမှုစီးပွားရေးအခြေနေတွေကို ဘေးဖယ်ထားပြီး တော့ ယောင်္ကျားဖြစ်တယ်၊ မိန်းမဖြစ်တယ်ဆိုတဲ့ အချက်အပေါ်မှာလိုက်ပြီးတော့ နိုင်ငံရေးမှာ ပါဝင်တယ်၊ မပါဝင် ဆိုပြီးပြောဖို့ ခက်ပါတယ်။ ကျွန်တော့်ဆီမှာ ခိုင်မာတဲ့အချက်အလက်တွေ မရှိတဲ့အတွက် ဒီအကြောင်းကို များများစားစား ပြောစရာမရှိပါဘူး။ သို့သော် စနစ်လုံးဆိုင်ရာအချက်တွေက အမျိုးသမီးတွေ၊ လူငယ်တွေ နိုင်ငံရေးပါဝင်မှုမှာ အားနည်းမှုကိုဖြစ်စေတယ်လို့ လေ့လာချက်တွေ၊ စစ်တမ်းတွေမှာ တွေ့ရပါတယ်။ 

           စနစ်လုံးဆိုင်ရာအချက်တွေလို့ဆိုရာမှာ လူမှုစီးပွားရေးအခြေအနေတစ်ရပ်လုံး၊ နိုင်ငံရေး ယဉ်ကျေးမှု တစ်ခုလုံးနဲ့ဆိုင်တဲ့အချက်တွေကို ဆိုလိုပါတယ်။ အမေရိကန်နိုင်ငံမှာကောက်ယူခဲ့တဲ့ နိုင်ငံသားများ၏ နိုင်ငံရေး၊ ရပ်ရေးရွာရေးမှာ ပါဝင်လှုပ်ရှားမှုကို တိုင်းတာတဲ့ စစ်တမ်းတစ်ခုက လူတွေရဲ့ ပါဝင်လှုပ်ရှားမှုကို အဓိကအဟန့်အတားဖြစ်စေတဲ့အရာက သူတို့ရဲ့ လူမှုစီးပွားရေး အခြေအနေနဲ့ သက်ဆိုင်တယ်လို့ဆိုပါတယ်။ တနည်းပြောရင် အလုပ်အကိုင်ကောင်းကောင်း ရှိတဲ့သူ၊ ဝင်ငွေများတဲ့သူ၊ ပညာအရည်အချင်းများတဲ့သူတွေက အခြားသူတွေထက် နိုင်ငံရေး၊ ရပ်ရေးရွာရေးမှာ ပါဝင်မှုပိုများတယ်ပေါ့။

           နောက်တစ်ချက်က တစ်ချို့လူ့အဖွဲ့အစည်းတွေမှာ လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေ လူထုရှေ့ထွက်ပြီး နိုင်ငံရေး၊ ရပ်ရေးရွာရေးတွေမှာ အပြင်ထွက်တာ မသင့်တော်ဘူးဆိုပြီးတော့ ကန့်သတ်တဲ့ လူမှုတန်ဖိုးတွေ ရှိတတ်ပါတယ်။ ရခိုင်လူငယ်အမျိုးသမီးတစ်ချို့ တင်ပြချက်တွေနဲ့ ဒီအချက် တိုက်ဆိုင်နေပါတယ်။ ဥပမာ အမျိုးသမီးတွေ ယောင်္ကျားတွေနဲ့ ရောက်ယှက်ပြီး မနေသင့်ဘူး၊ ဝေးလံတဲ့နေရာတွေကို မိတ်ဆွေ၊ ဆွေမျိုးအသိအကျွမ်းတွေမပါဘဲ ခရီးသွားတာ မသင့်တော်ဘူး၊ “ ကြက်မ တွန်လို့ မိုးမလင်း” စသည်ဖြင့် ခေါက်ရိုးကျိုးနေတဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေကို ရခိုင်လူထုကြားထဲမှာလည်း တွေ့ရပါတယ်။ ညီလာခံတက်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးက “ ရခိုင်အသိုင်းအဝိုင်းမှာ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင် ပါဝင်မှုအပိုင်းကို ထည့်သွင်းစဉ်းစားတာ အားနည်းနေဆဲဖြစ်တယ်၊ ရခိုင်အသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ယုံကြည်မှုနည်းသေးတယ်လို့ မြင်တယ်”  ဆိုပြီး စာရေးသူကို ပြောပြပါတယ်။

           နောက်တစ်ချက်က အိမ်အလုပ်တွေကို အမျိုးသမီးတွေ ဒိုင်ခံပြီးလုပ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအချက်ကလည်း ရခိုင်က လူမှုတန်ဖိုးတွေနဲ့ဆိုင်ပါတယ်။ သားသမီးတွေရှိတဲ့ အမျိုးသ မီးတွေဆိုရင် အိမ်အလုပ်တွေနဲ့ သားသမီးနဲ့ လင်ရဲ့ကိစ္စအ၀၀ကို အမျိုးသမီးက လုပ်ပေးရတာတွေပဲ များပါတယ်။ ပြောချင်တာက အိမ်အလုပ်တွေကို အမျိုးသမီးတွေချည်း သိမ်းကြုံးလုပ်ရတဲ့ လူမှုဓလေ့ဟာ အမျိုးသမီးတွေကို အိမ်မှာပဲထားပြီး အိမ်အပြင်ထွက်ရတဲ့ နိုင်ငံရေးအလုပ်တွေ အတွက် အချိန်ချန်မပေးတော့ပါဘူး။ ကလေးမွေးတဲ့ကိစ္စကို သဘာဝအရ အမျိုးသမီးတွေကသာ လုပ်နိုင်ပေမယ့် အမျိုးသားတွေအနေနဲ့ ကလေးထိန်းခြင်းနဲ့ အိမ်အလုပ်ရဲ့ တာဝန်ကို အမျိုးသမီးတွေနဲ့အတူ ကူထမ်းလို့ ရပါတယ်။

           ဆွီဒင်လိုနိုင်ငံတွေမှာ အဖေတွေက မွေးဖွားခွင့်ယူပြီးတော့ ကလေးထိန်းလို့ရပါတယ်။ မိဘတွေဟာ ကလေးမွေးတဲ့အတွက် လစာနဲ့ခွင့် (၄၈၀) ရက်အထိ ယူခွင့်ရှိပါတယ်။ ဒီအထဲက အနည်းဆုံး ရက် (၉၀) ကို အဖေရော၊ အမေပါ ယူရပါတယ်။ အဖေကချည်းပဲ သို့မဟုတ် အမေကချည်းပဲ ယူလို့ မရပါဘူး။ ဒီလိုလုပ်တာကို ဆွီဒင်လူ့အဖွဲ့အစည်းကလည်း ယဉ်ကျေးမှုအရလက်ခံကြတယ်။ ဒီအခြေအနေက ဘာကိုထောက်ပြသလဲဆိုရင် လူမှုအစဉ်အလာ၊ အလေ့အထတစ်ခုကို အစိုးရမူဝါ ဒကနေ ဖော်ဆောင်လို့ရတယ်၊ ဒီမူဝါဒကို ရှိရင်းစွဲလူမှုတန်ဖိုးတွေက ထောက်ခံသလို၊ မူဝါဒတွေ ဥပဒေတွေကလည်း တန်ဖိုးအဟောင်းတွေကိုကို ဖယ်ထုတ်ပြီး၊ တန်ဖိုးအသစ်တွေအတွက် နေရာ လုပ်ပေးတယ်ဆိုတဲ့ အချက်ပါ။

 အခုလိုပြောတဲ့အတွက် ရခိုင်တွေရဲ့ မိရိုးဖလာစံနှုန်းတွေ၊ အလေ့အထတွေ အားလုံးကို ဖျက်စီးတော်လှန်ပစ်ရမယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒီနေရာမှာ အမျိုးသမီးတွေက ကာယကံရှင်တွေဖြစ်ကြတဲ့အတွက် ဒီအကြောင်းကိုပြောတဲ့အခါ အမျိုးသမီးတွေ၊ လူငယ်အ မျိုးသမီးတွေရဲ့အသံတွေ ရှေ့ရောက်နေဖို့ပါပဲ။ တစ်ချို့က စောဒကတက် ကောင်းတက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ၊ နိုင်ငံရေးပါတီတွေမှာ အမျိုးသမီးမပါဝင်ရ ဆိုပြီးတော့ ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းမရှိဘူး၊ သူတို့ဖာသာမပါချင်လို့ မပါတာဆိုပြီးတော့။ ကျွန်တော်ကတော့ ဒီအမြင်နဲ့ သဘောမတူပါဘူး။ အမျိုးသမီးတွေဟာ အစဉ်အလာ၊ မိရိုးဖလာတန်ဖိုးတွေကြောင့် နိုင်ငံရေးမှာမပါတာများပါတယ်။ ဒါတွေကို တွန်းလှန်ဖို့အတွက် ဥပေဒတွေပြဌာန်းပေးပြီး၊ အမျိုးသမီးတွေပါဝင်မှုကို အားပေးတဲ့ လူမှုတန်ဖိုးတွေကို တည်ဆောက်ဖို့ဖြစ်ပါတယ်။  ကျား၊မ တန်းတူရေးကို ဥပဒေအရ အလေးထားဆောင်ရွက်တဲ့ နိုင်ငံတစ်ချို့မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေ နဲ့ ရင်ဘောင်တန်းပြီး နိုင်ငံရေးမှာပါ နေတာကိုတွေ့ရပါတယ်။ ဒီအနေရာမှာ ကျား၊မ တန်းတူရေး၊ နိုင်ငံရေးမှာ လူငယ်များပါဝင်နိုင်ရေးကို ရှုထောင့်နှစ်မျိုးက ပြောချင်ပါတယ်။ ပထမအမြင်က နိုင်ငံရေးမှာပါဝင်ခွင့် (နိုင်ငံရေးပါဝင်မှုကို အကျယ်နားလည်ခြင်း) ဆိုတာ အရွယ်ရောက်ပြီးသူ နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးပါ။ တန်းတူညီမျှရေးမူအရပြောရင် လူငယ်တွေဟာ အ ရေအတွက်နဲ့အညီ သို့မဟုတ် အနီးစပ်ဆုံးနိုင်ငံရေးအရ ပါဝင်နိုင်သင့်ပါတယ်၊ နိုင်ငံရေးကိုယ်စားပြုမှု ရှိသင့်ပါတယ်။ အမျိုးသမီးတွေအတွက်လည်း ဒီအတိုင်း ဖြစ်သင့်ပါတယ်။ ဒုတိယက အကျိုးရလာဒ်အခြေပြုအမြင်ကနေ ကြည့်တာပါ။ လူဆိုတာ ကိုယ့်လိုအပ်ချက်၊ ကိုယ့် ဆန္ဒတွေကို ကိုယ်အသိဆုံးပါ။ ကိုယ့်အပေါ်သက်ရောက်မှုရှိလာမယ့် ဆုံးဖြတ်ချက်တွေကို ချတဲ့အခါ ကိုယ်ကိုယ်တိုင်ပါဝင်ရင် အကောင်းဆုံးပါပဲ။ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လူငယ်တွေမပါဘဲ၊ အမျိုးသမီးငယ်တွေမပါဘဲ ဆုံးဖြတ်ချက်ချရင် အားလုံးကို ကိုယ်စားမပြုသလို အားလုံးအတွက် ကောင်းမယ်လို့လည်း အာမမခံနိုင်ပါဘူး။

           နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်က နိုင်ငံရေးအစဉ်အလာ၊ နိုင်ငံရေးအလေ့အကျင့်နဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေဖြစ်ပါတယ်။ လူငယ်တွေပြောပြခဲ့သလို မြန်မာနိုင်ငံက အခြားနေရာ တွေမှာလိုပဲ ရခိုင်ပြည်မှာလည်း စစ်အာဏာရှင်စနစ်ရဲ့ အရိပ်မည်းတွေ၊ အမွေဆိုးတွေက ကျန်နေဆဲပါပဲ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် နိုင်ငံရေးအရ ဖိနှိပ်လာခဲ့တဲ့အတွက် နိုင်ငံရေး ဆိုတာ သရဲစီးတဲ့ စကားလုံးဖြစ်နေခဲ့၊ ဖြစ်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင် လက်အောက်မှာ နိုင်ငံရေးဆိုတဲ့ စကားဟာ လူငယ်ရောလူကြီးကိုပါ၊ အမျိုးသားရော အမျိုးသမီးတွေကိုပါ  တက် ကြွလှုပ်ရှားနိုင်ငံသားဖြစ်အောင် မလှုံ့ဆော်ဘဲ အကြောက်တရားသာဖြစ်စေပြီး အိမ်တွင်းပုန်း နိုင်ငံသားတွေ ဖြစ်စေခဲ့ပါတယ်။ လူငယ်တစ်ချို့  ဒီအကြောက်တရားဟာ အခုအချိန်ထိ ရခိုင် ပြည်မှာ ကြီးစိုးနေဆဲလို့ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ ထုတ်ပြန်ချက်အရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေ၊ မြေယာအခွင့်အရေးလှုပ် ရှားတဲ့သူတွေ၊ သတင်းသမားတွေ၊ စသည်ဖြင့် နိုင်ငံရေးအကျဉ်းသားမျိုးစုံ မြန်မာနိုင်ငံမှာ အကျဉ်းချ ခံနေရဆဲ၊ အစိုးရရဲ့ဖိနှိပ်မှုကို ခံနေရဆဲဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံဟာ လူထုအတွက် နိုင်ငံရေးပါဝင်မှုကဲတဲ့ နိုင်ငံရေးစနစ်နဲ့ ဆယ်စုနှစ်များစွာ ကင်းကွာနေခဲ့ပါတယ်။ နိုင်ငံရေးပါဝင်မှုဆိုတာ စာအုပ်မှာသင်လို့ တတ်တာမဟုတ်ပါဘူး၊ လုပ်ရင်းနဲ့ သင်ရတဲ့ ဒီမိုကရေစီပညာရေးဖြစ်ပါတယ်။ နိုင်ငံရေးပါဝင်ခွင့်မရှိရင် နိုင်ငံရေးမှာပါဝင်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု၊ ယုံကြည်မှုတွေ ရှိလာဖို့ ခက်ခဲပါတယ်။

           ရခိုင်လူ့အဖွဲ့အစည်းကြားမှာ အပြောများတဲ့စကားတစ်ခွန်းက “ ဝါဂျီး တိ လူငယ်တိကို နိုင်ငံရေးမှာ နိန်ရာ မပီး” ဆိုတာပါ။ လူကြီးတွေနဲ့စကားပြောကြည့်ပြီး၊ ပါတီနိုင်ငံရေးအခြေအနေ၊ အထူးသဖြင့် မြန်မာနိုင်ငံက ပါတီနိုင်ငံရေးအခြေအနေကို ကြည့်ပြီးပြောရရင် ဒီစကားက သိပ်ပြီးမမှန်ပါဘူး။ ပထမဆုံးအနေနဲ့ နိုင်ငံရေးမှာ လူငယ်ပါဝင်မှုနည်းတယ်ဆိုတာ ပါတီနိုင်ငံရေးအတွက်ပဲ မှန်မယ်ထင်ပါတယ်။ ရခိုင်သယံဇာတလမ်းလျှောက်ဆန္ဒပြပွဲနဲ့ အခြားသော “ နိုင်ငံရေး” လှုပ်ရှားမှုတွေမှာ လူငယ်တွေ အရေအတွက်မနည်းမနော ပါဝင်တာတွေ့ရပါတယ်။ အစောပိုင်း ရခိုင်နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေထဲမှာလည်း လူငယ်လို့ခေါ်နိုင်တဲ့သူတွေများမယ် ထင်ပါတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံရပ်ခြားတွေမှာ ပညာတော်သင်ပြီးတော့ ပြန်လာကြတဲ့ ရခိုင်လူငယ်တွေ အန်ဂျီအိုလုပ်ငန်းထဲ ဝင်သွားတာများတယ်။ အသက် (၃၀) ဝန်းကျင် မိသားစု စပြီးထူထောင်ကြတဲ့ အချိန်ကာလမှာ အန်ဂျီအိုကရတဲ့ ဒေါ်လာကသေချာမှု၊ လူတန်းစေ့ နေနိုင်မှုကို အာမခံတယ်။ အခြားတဘက်မှာ နိုင်ငံရေးမှာ သေချာတာက သေချာမှုမရှိခြင်းပါပဲ။ စစ်အာရှင်စနစ်တုန်းကဆိုရင် သေချာမှုမရှိခြင်းထဲမှာ ဘဝတက္ကသိုလ်ထဲကို နှစ်ရှည်လများ သွားနေရတာတွေလည်းပါတယ်။ တနည်းအားဖြင့်ပြောရင် နိုင်ငံခြားပြန်ပညာတတ် ရခိုင်လူငယ်တွေအတွက် နိုင်ငံရေးမှာပါဖို့အတွက် မက်လုံးတွေသိပ်မရှိပါဘူး။ နောက်တစ်ချက်က နိုင်ငံခြားမှာ တစ်နှစ်၊ နှစ်နှစ် ကျောင်းသွားတက်တယ်ဆိုရုံနဲ့ပဲ လူငယ်တွေ နိုင်ငံရေးပါးဝပြီးတော့ နိုင်ငံရေးသမားကြီးတွေ ဖြစ်လာမယ်လို့ပြောလို့မရဘူး။ အပေါ်မှာပြောခဲ့သလို နိုင်ငံရေးဆိုတာ လုပ်ရင်းနဲ့ သင်ရတာဖြစ်တဲ့အတွက် နိုင်ငံရေးဝါရင့်နေတဲ့လူကြီးတွေရဲ့ သမ္ဘာကို လူငယ်တွေ အမီလိုက်နိုင်ဖို့ဆိုတာ သိပ်မလွယ်လှဘူး။ နောက်တစ်ချက်က လူငယ်တွေမှာ နိုင်ငံရေးမှာ ဝင်ပါဖို့ အတွက်အချိန်၊ လူမှုစီးပွားရေးအခြေအနေတွေ ကောင်းမကောင်းစဉ်းစားစရာရှိပါတယ်။ ဒီတော့ လူကြီးတွေက လူငယ်တွေ နိုင်ငံရေးမှာမပါဝင်နိုင်အောင် နေရာမဖယ်ပေးဘူးဆိုတာထက် စနစ် ကြီးတစ်ခုလုံးနဲ့ဆိုင်တဲ့ အဟန့်အတားတွေကသာ နိုင်ငံရေးမှာလူငယ်တွေပါဝင်မှုကို အဓိက အဟန့်အတားဖြစ်စေတယ်ဆိုရင် ပိုပြီးအမှန်တကယ်အကြောင်းအရင်းနဲ့ နီးစပ်မယ်ထင်တယ်။

ရခိုင်ပြည်ကို လူကြီးလူငယ်၊ နို့သောက်၊ တုတ်ထောက်တွေအားလုံး လက်တွဲပြီး ထုဆစ်ရမှာပါ။ ရခိုင်လူငယ်ညီလာခံကလည်း ဒီအချက်ကို ထင်ဟပ်ပါတယ်။ နယ်ပယ်အသီးသီးက ရခိုင်လူ ကြီးတွေ ညီလာခံကို ထောက်ခံကြိုဆိုကြတယ်၊ ငွေးကြေးအရ၊ အကြံအဉာဏ်အရ ထောက်ပံ့ပေးခဲ့ကြတယ်။ ညီလာခံဖြစ်မြောက်ရေးမှာ အခရာကျတဲ့ တောင်ကုတ်လူထုထဲမှာလည်း လူကြီးတွေ အများကြီးပါပါတယ်။ ရခိုင်ညီလာခံက လူကြီး၊ လူငယ် စီးချင်းမဟုတ်ပါဘူး၊ လူကြီးလူငယ် ပါတနာရှစ်ပါ။ လူမျိုးတစ်မျိုးကို ဘက်ပေါင်းစုံက တည်ဆောက်ခြင်းဆိုတဲ့ ဧရာမ လုပ်ငန်းကြီးကို လူငယ်အားတစ်ခုတည်းနဲ့ တည်ဆောက်လို့မရသလို လူကြီးအားနဲ့တည်ဆောက် လို့လည်း ရမယ်မထင်ပါဘူး။ ဒီကြားထဲမှာ တစ်သီးပုဂ္ဂလခံစားချက်ကို ရှေ့တန်းတင်ချင်တဲ့ တစ်ချို့ ပွဲဖျက်တွေကလည်း အဖျက်အလုပ်တွေ လုပ်တတ်တော့ လူကြီးလူငယ်၊ ပါတီစုံ၊ အဖွဲ့အစည်းစုံ ရင်ကြားစေ့ရေးကို ပိုပြီးတောင်သတိထားပြီး၊ ပိုပြီးအားစိုက်ထုတ်ပြီး လုပ်ဖို့လိုပါတယ်။

           နောက်ဆုံးအနေနဲ့ ရခိုင်မျိုးနွယ်စုထဲက တစ်စုဖြစ်တဲ့ ကမန်ကိုယ်စားလှယ်တွေ ညီလာခံတက်ရောက်နိုင်ခြင်းမရှိတာကလည်း သမိုင်းမှာ အမည်းစက်ထင်ကျန်နေခဲ့မယ်။ ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားဖြစ်သူတွေကို တစ်နိုင်ငံလုံးလွတ်လပ်စွာ သွားလာနေထိုင်ခွင့် တောင်းဆိုနေတဲ့ ရခိုင်တွေဟာ မြန်မာနိုင်ငံအစိုးရက တိုင်းရင်းသားအဖြစ် တရားဝင် သတ်မှတ်ထားတဲ့ ကမန်တွေ ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် မရသေးတာကို ဒီအတိုင်းကြည့်နေကြတော့မှာလား၊ အပြောကိုအလုပ်နဲ့ ဘယ်လို သက်သေပြကြမလဲဆိုတာ ကမန်လူမျိုးတွေ မေးချင်၊ အဖြေသိချင်နေတဲ့ မေးခွန်းတွေဖြစ်မှာပါ။ ရခိုင်လူ့အဖွဲ့အစည်းတစ်ခုလုံး အနေနဲ့ စဉ်းစားရမယ့် ကိစ္စလို့ထင်ပါတယ်။

 (၃) ညီလာခံ စီစဉ်ကျင်းပခြင်း

          ပထမဆုံးပြောချင်တာက တောင်ကုတ်လူငယ်ညီလာခံဟာ အဆိုးသဘောထက် အဆပေါင်းများစွာ အပြုသဘောဆန်ပါတယ်။ လူပေါင်း (၄၀၀) ကျော်တက်ရောက်တဲ့ ရခိုင်လူငယ်ညီလာခံကို ရခိုင်ပြည်နယ်လို လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့၊ အခြေခံအဆောက်အဦးတွေအားနည်းတဲ့ နေရာတစ်နေရာမှာ စီစဉ်ကျင်းပရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော့်အနေနဲ့ ပွဲစီစဉ်တဲ့ အကြောင်းကို အသေးစိပ် ဝေဖန်သုံးသပ်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ ညီလာခံကို (၃) ရက်ပဲ တက်ခဲ့ပါတယ်။ ပြီးရင် ညီလာခံစီစဉ်တဲ့ ဖြစ်စဉ်တစ်ခု လုံးမှာ ပါဝင်တာလည်း မရှိပါဘူး။ ညီ လာခံကျင်းပတာမှာ ထဲထဲဝင်ဝင်ပါဝင် ခဲ့သူတွေအထဲက သုံးယောက်ကို ညီလာ ခံကျင်းပတာနဲ့ပတ်သက်တဲ့ အခက်အ ခဲတွေကို မှတ်ချက်ပေးဖို့ ပြောခဲ့ပေ မယ် သုံးယောက်လုံးက မှတ်ချက်ပေး ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီတော့ ကျွန် တော်မြင်ခဲ့တဲ့ အရာတစ်ချို့ ကိုပဲ ပြော ရပါတော့မယ်။ ကျွန်တော့်အတွက် ထင်သာမြင်သာရှိတဲ့ ကိစ္စတွေကိုသာ ပြောနိုင်ပါတော့မယ်။ မတော်မတရား ဝေဖန်မိရင် ခွင့်လွှတ်ကြဖို့ ပွဲစီစဉ်သူ တွေကို ဒီနေရာက တောင်းပန်ချင်ပါ တယ်။

           ပထမတစ်ချက်က ပွဲစဉ်အ ကြောင်း၊ အချိန်ဇယားတွေကို အချိန်မီ မထုတ်ပြန်နိုင်ဘူး။ နောက်ဆုံးအချိန်အထိ၊ ပြောရရင် ကျွန်တော်ပါဝင်ဆွေးနွေးတဲ့ အစီအစဉ်မှာဆိုရင် ဆွေးနွေးပွဲ စတင်ပြီးအချိန်မှာတောင် အပြောင်းအလဲတွေဖြစ်တယ်။ တက်ရောက်လာတဲ့သူတွေ အပြောင်းအလဲဖြစ်တယ်။ သုံးရမယ့် projecter စသည်ဖြင့် အထောက်အကူပြုပစ္စည်းတွေ ပျောက်ခြင်းမလှ ပျောက်နေတယ်။ ဒီလိုနောက်ဆုံးမိနစ် အပြောင်းအလဲကိုလိုက်ပြီး ညှိဖို့က တော်တော်ခက်ပါတယ်။ နောက်တစ်ချက်က တတိယနေ့အထိဖြစ်စဉ်ကို ကြည့်ရရင် ပွဲစီစဉ်သူတွေဟာ အခြအနေတွေကို ကြိုတင်စီစဉ်ပြီး ဖြေရှင်းထားတာထက်၊ အခြေအနေတစ်ခု ပေါ် ပေါက်လာတော့မှ ရှောင်တခင် လိုက်ပြီးတော့ တုန့်ပြန်တာမျိုးတွေ တွေ့ရတယ်။ ညီလာခံတက်ရောက်သူအနေနဲ့ ပွဲစဉ်တွေ ကမောက်မက ဖြစ်နေတာတွေကို ကြည့်ပြီး ဒီညီလာခံဟာ ၂ နှစ် ကာလအချိန်ပေးပြီး စီစဉ်ခဲ့တယ်ဆိုတာ နည်းနည်းယုံရခက်ပါတယ်။ အောက်ခြေက ပါဝင်လုပ်အားပေးတဲ့ သူတွေအားလုံးက အိပ်ရေးတွေပျက်ပြီး စိတ်ပန်းကိုယ်ပန်း ဖြစ်နေကြတယ်။ ညီလာခံစီစဉ်တဲ့သူတွေက စေတနာများ၊ လုပ်ချင်ဇောသာများပြီး ပွဲစီစဉ်တဲ့ အတွေ့အကြုံတွေနည်းတာကြောင့်ထင်တယ်။ ပွဲအစကနေအဆုံးအထိ ဒိုင်ခံပြီး လုပ်အားပေးနေကြတဲ့ အညတရ ပေးဆပ်သူတွေအများကြီး တွေ့ခဲ့ရတယ်။ သို့သော် တစ်ယောက် ချင်းစီ အလွန်အကျွံ အလုပ်များပြီးတော့ စုပေါင်းရလာဒ်က ကောင်းသင့်သလောက် မကောင်းဘူးလို့ ပြောရမယ်။ ထွက်လာတဲ့ ရလာဒ်တွေကို ကြည့်ရင် “ လူများအလုပ်မတွင်”  လို့ပဲ မှတ်ချက်ချချင်တယ်။ တက်ရောက်သူတွေဘက်ကလည်း အချိန်ကပ်တော့မှ လူတွေကို အပြောင်းအလဲလုပ်ရတာတွေ၊ ဖတ်ရမယ့်စာတန်းတွေက ကမန်းကတန်း ရေးလာရတဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ စာတန်းကိစ္စကိုပြောရရင် တာဝန်ရှိသူတွေက စာ တမ်းအကြောင်း ရှင်းလင်းတဲ့ညွှန်ကြားချက်တွေ အချိန်မီထုတ်ပြန်ခဲ့တာ ရှိသလား၊ တကယ်လို့ လုံလောက်တဲ့အချိန်တစ်ခုပေးခဲ့ရင် စာတန်းတင်မယ့် သူတွေဘက်ကလည်း ကြိုတင်ပြင်ဆင်မှု အပိုင်းတွေ၊ အလုပ်တာဝန်ခွဲဝေမှု အပိုင်းတွေမှာ အားနည်းခဲ့သလားစဉ်းစားစရာ။

ညီလာခံအစီအစဉ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဖြစ်စဉ်အကြောင်းကိုလည်း ကျွန်တော် လေ့လာဖို့ အခွင့်အရေးရသလောက် နည်းနည်းဆွေးနွေးချင်ပါတယ်။ ပထမဆုံး လက်ခံရမှာက ညီ လာခံဖြစ်မြောက်ရေး ကော်မတီတစ်ခုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် ယင်းအဖွဲ့အစည်းဟာ ပုံမှန်အဖွဲ့အစည်းတစ်ခုလို တည်ငြိမ်မှုတော့ ရှိမှာမဟုတ်။ လူတွေအဝင်အထွက်ရှိမယ်၊ အထွက်လူတွေနဲ့ အဝင်လူတွေအကြား imformation sharing က ၁၀၀% အောင်မြင်တယ် ဆိုရင်တောင် လူဝင်/လူထွက် ကိစ္စက အဖွဲ့ရဲ့စွမ်းဆောင်ရည်ကို အနည်းအများ ထိခိုက်မှာပဲ။ ဒီအခြေအနေက အခြားခြားသောဆုံးဖြတ်ချက်တွေအပေါ်မှာ သက်ရောက်မှုရှိမယ့် စနစ်လုံးဆိုင်ရာ အဟန့်အတား (structural constraint လို့ခေါ်ရမလား။) ဖြစ်တယ်။ နောက်တစ်ချက် ဦးဆောင် ကော်မတီတွေ ဆုံးဖြတ်ချက်ချတဲ့အခါ ကိစ္စအသေးအမွှားလေးတွေကအစ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူဆုံးဖြတ်တာမဟုတ်ဘဲ အုပ်စုလိုက် consensual decision-making နည်းလမ်းအတိုင်းသွားတော့ အသေးအမွှားကိစ္စတွေမှာ ပိတ်မိနေပြီး မလိုလား အပ်ဘဲ အချိန်ကုန်၊ လူပန်းဖြစ်တယ်။ တနည်းပြောရရင် ကော်မတီတွေ အလုပ်လုပ်တာ ဒီမိုကရေစီ ဆန်လွန်းအားကြီးတော့ ထိရောက်မှုပိုင်း၊ အလုပ်ပြီးမြောက်မှုအပိုင်းမှာ အားနည်းသွားတယ်လို့ ဆိုရမလားမပြောတတ်ဘူး။ နောက်တစ်ချက်က တစ်ဦးချင်းစီက ကိုယ်တာဝန်ခံထားတဲ့ အလုပ်တွေအတွက် တာဝန်ယူမှုအပိုင်း။ အားလုံးက စေတနာ့ဝန်ထမ်းတွေဆိုတော့ အလုပ်မတွင်သူ၊ ကိုယ့်တာဝန်ယူထားတဲ့ အပိုင်းအတွက် ပြီးစီး။မပြီးစီး တင်ပြဖို့အတွက် အချင်း ချင်း တွန်းအားပေးဖို့ အားနာကြတာလည်း ပါမယ်ထင်တယ်။

           အခြားတစ်ဘက်မှာ ရန်ပုံငွေအကန့်အသတ်၊ အချိန်အကန့်အသတ်၊ နိုင်ငံရေးနောက်ခံ အခြေအနေ၊ ရခိုင်တပြည်လုံးက လူထုထင်မြင်ချက်တွေ၊ လိုအပ်တဲ့ အခြေခံအဆောက်အဦး တွေမရှိတာတွေစသည်ဖြင့် များမြောင်လှတဲ့ အခက်အခဲတွေကြားထဲက     လူ (၄၀၀) တက်ရောက်တဲ့ ပွဲတစ်ပွဲဖြစ်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေရဲ့ စေတ နာဝန်ထမ်း စိတ်ဓာတ်၊ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအပေါ်ထားတဲ့ စေတနာ၊ ရခိုင်မျိုးချစ်စိတ်ဓာတ်ကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့ ကျွန်တော်ကြားဖူးတဲ့ စကားတစ်ခွန်းကို ဝေမျှချင်ပါတယ်။ “ Don’t get mad, get organized” အင်တိုက်အားတိုက် အလုပ်မလုပ်ခင်၊ ပထမစုစည်းပါ၊ စည်းလုံးပါ လို့ ဘာသာပြန်ရင် ရမယ်ထင်တယ်။ တောင်ကုတ် ရခိုင်လူငယ်ညီလာခံက ရခိုင်ပြည်တွင်းနဲ့ ရခိုင်ပြည်ပြင်ပက  လူငယ်တွေကို စုစည်းပေးနိုင်ခဲ့တယ်ဆိုတာတော့ ကျွန်တော်လုံးဝသံသယမရှိပါဘူး။

           အချုပ်ဆိုရရင် (၂) နှစ်ကြာ စီစဉ်တည်ဆောက်ခဲ့ရတဲ့ ရခိုင်လူငယ်ညီလာခံ အထမြောက်သွားတာ ဂုဏ်ယူရမယ့်၊ ကြိုဆိုဝမ်းမြောက်ရမယ့်ကိစ္စဖြစ်ပါတယ်။ ညီလာခံမှာ အဓိကထားဆွေးနွေးခဲ့တဲ့ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့် မူယစ်ဆေးဝါး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် ပညာရေး ဆိုတဲ့ကဏ္ဍလေးခုက ရခိုင်ပြည်ကလူငယ်တွေ ရင်ဆိုင်နေရတဲ့၊ အချိန်မဆွဲဘဲ ဖြေရှင်းဖို့ လိုနေတဲ့ ပြဿနာအကျပ်အတည်းတွေကို မီးမောင်းထိုးပြနိုင်ခဲ့တယ်။ ညီလာခံကျင်းပခြင်း နောက်ကွယ်က အခင်းအကျင်း၊ ညီလာခံကနေဆွဲထုတ်နိုင်တဲ့ ရခိုင်လူမှုတန်ဖိုး၊ နိုင်ငံရေး နောက်ခံအခြေအနေ စတာတွေဟာလည်း ပွဲပြီးမီးသေမဖြစ်ဘဲ ရခိုင်အမျိုးသားစကားဝိုင်းအတွက် အရေးကြီးတဲ့ ကုန်ကြမ်းတွေပေးနိုင်မယ်လို့ မျှော်လင့်ပါကြောင်း တင်ပြအပ်ပါတယ်။  ။

 

ဗီဒီယိုများ