ဒေါက်တာအေးမောင် ဘယ်လမ်းလျှောက်မှာလဲ

၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှာ ဒေါက်တာအေးမောင်ဟာ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အမျိုးသားလွှတ်တော်မှာ ဘင်္ဂလီအရေးများနှင့်ပတ်သက်ပြီး အစွမ်းပြနိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ထင်ရှားကျော်ကြားခဲ့တယ်။

26 Dec 2017

 ဖဒူ ထွန်းအောင် ရေးသားသည်။

၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှာ ဒေါက်တာအေးမောင်ဟာ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အမျိုးသားလွှတ်တော်မှာ ဘင်္ဂလီအရေးများနှင့်ပတ်သက်ပြီး အစွမ်းပြနိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ထင်ရှားကျော်ကြားခဲ့တယ်။

 

ရခိုင်ပြည်သူတွေဟာ ပြည်နယ်တွင်းရှိနေတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) နဲ့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ကို ပူးပေါင်းဖို့လိုလားကြတယ်။ ရခိုင်ပြည်သူတွေရဲ့ အနာဂတ်ကို ပိုပြီးတော့လုပ်ဆောင်နိုင်မယ့် အမျိုးသားအကျိုးစီးပွားအပေါ်မှာအခြေခံတဲ့ ပါတီကြီး တစ်ရပ်ပေါ်ပေါက်လာလိမ့်မယ်လို့ ပြည်သူတွေက မျှော်လင့်ခဲ့ကြတယ်။ ဒါကြောင့် ပါတီနှစ်ခုပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) ဆိုပြီး ဖြစ်လာပါတယ်။ အဲဒီပါတီမှာလည်း ဒေါက်တာအေးမောင်ဟာ ဥက္ကဋ္ဌတာဝန်ယူရပါတယ်။ 

 

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သယံဇာတကို ရခိုင်ပြည်သူတွေ စီမံခွင့်ရရှိရေးနဲ့ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးများ ပြန်လည်အုပ်ချုပ်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး စကားလုံးအလှအပတွေကြောင့် ရခိုင်လူထု အများစုရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ 

 

ဒီလို အခြေအနေတွေကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင်အနိုင်ရရှိလိမ့်မယ်လို့ ပြည်သူအများစုက မျှော်လင့်ထားခဲ့ကြပေမယ့် မာန်အောင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်းမှာ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ 

 

နေရာအများဆုံး အနိုင်ရရှိခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်အစိုးရအဖွဲ့နိုင်ရေး ပင်မမျှော်မှန်းချက်ကား ပျောက်ကွယ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းခွင့် မရရင် အတိုက်အခံံအဖြစ် ရပ်တည်မယ်လို့ ကြေငြာခဲ့တယ်။ အဲဒီနောက်ပိုင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်အခြမ်း နဲ့ ရခိုင်အမျိုးသားပါတီအကြား သဘောကွဲလွဲမှုတွေပေါ်ပေါက်ပြီး ALD ဘက်က ပါတီဝင်တွေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဆက်လက်ပြီး  ALD ဘက်က ဒေါ်ထုမေတို့လည်း ပါတီက နုတ်ထွက်ခဲ့ပါတယ်။ 

 

ဒီလိုရခိုင်အမျိုးသားပါတီ အကွဲအပြဲပေါ်ပေါက်နေချိန်မှာ ရုတ်တရက်ဆိုသလို  ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပါတီမှနုတ်ထွက်ခွင့်စာတင်လိုက်တယ်။ သူရဲ့ နုတ်ထွက်ခွင့် အကြောင်းပြချက်တွေကတော့ ရခိုင်အမျိုးသားပါတီအတွင်း ခေါင်းဆောင်တွေအချင်းချင်းကြား ညီညွှတ်မှုမရှိတဲ့အပြင် အစည်းအဝေးမှာရော၊ အစည်းအဝေးပြင်ပမှာပါ ခေါင်းဆောင်တွေရဲ့ တပည့်တွေက နည်းမျိုးစုံနဲ့ တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

 

ဒေါက်တာအေးမောင်ရဲ့ နုတ်ထွက်စာထဲမှာ ပါတီဆိုတာ အတွေးအခေါ်အယူအဆ ခံယူချက်တူသူတွေအချင်းချင်း အမျိုးသားရေးရည်မှန်းချက်အတွက် အတူလက်တွဲကြတဲ့ ရဲဘော်တွေဖြစ်ပြီး (၇) နှစ်ခန့်ဖြတ်သန်းခဲ့ပြီးဖြစ်ပေမယ့် အချင်းချင်းမိတ်ဘက်မဖြစ်ဘဲ ရန်ဘက်အသွင်သာ ရန်စောင်နေကြဆဲဖြစ်တာကို ဝမ်းနည်းဖွယ်တွေ့ရတယ်လို့ ဆိုထားပါတယ်။ 

 

ပြီးတော့ ပါတီမှ နုတ်ထွက်ပြီးနောက် မပြီးဆုံးသေးတဲ့ ရခိုင်အမျိုးသားရေးတာဝန်တွေကိုမူ အမျိုးသားရေးဝါဒီ တစ်ဦးပီပီ မိမိရဲ့ မိတ်ဆွေတွေနဲ့အတူ လက်တွဲပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အသက်ထက်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်လို့ သံဓိဌာန်ချမှတ်ထားကြောင်း နုတ်ထွက်စာထဲမှာ ဖော်ပြထားပါတယ်။ 

 

ရခိုင်ပြည်နယ်ဟာ ဘင်္ဂလီအရေး၊ ဒေသဖွံ့ဖြိုးရေး၊ သယံဇာတဆိုင်ရာကိစ္စရပ်တွေနဲ့ အဓိက စိန်ခေါ်မှုဖြစ်နေတဲ့  ပြည်နယ်တစ်ခုပါ။ ဘင်္ဂလီအရေးနဲ့ပတ်သက်လို့လည်း နိုင်ငံတကာကပင် စောင့်ကြည့်တာခံနေရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ 

 

ဒေါက်တာအေးမောင်ဟာ ပါတီတွင်းပြဿနာတွေနဲ့ ပါတီစည်းလုံးညီညွှတ်ရေးတည်ဆောက်ရေးကိစ္စတွေကို မဆောင်ရွက်နိုင်ခဲ့ဘူး။ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း  ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့အချိန်က ဒေါက်တာအေးမောင်အနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ဖြေရှင်းခဲ့သလဲဆိုတာ ပြည်သူတွေရဲ့ မေးခွန်း တစ်ခုပါ။ ရခိုင်ပြည်နယ်တွင်းမှာ အင်အားကြီးပါတီတစ်ခုအဖြစ်ရပ်တည်နေသလို ပြည်နယ်လွှတ်တော်ကိုလည်း ထိန်းချုပ်ထားနိုင်တဲ့အတွက် အစိုးရကဲ့သို့ပင် ပါတီအနေနဲ့လည်း ဒေသအတွက် လုပ်ကိုင်နိုင်ရမယ်လို့ မြင်ကြပါတယ်။

 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ဒေါက်တာအေးမောင်ဟာ လက်ရှိရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ဖြေရှင်းနေရတဲ့ ဘင်္ဂလီအရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးတွေနဲ့ပတ်သတ်လို့ စွမ်းဆောင်နိုင်မှုမရှိခဲ့ ဘူးလို့ ရခိုင်ပြည်နယ်လွှတ်တော်မှ အမည်မလိုတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

 

" အမ်းမြို့နယ်က သူ့ကိုရွေးကောက်တင်မြှောက်လိုက်ကြတယ်။ ဒါပေမယ့် သူရဲ့ရခိုင်ပြည်နဲ့ အမ်းအတွက် လုပ်ဆောင်ချက်ကတော့ ဒီနေ့အထိ မတွေ့သေးဘူး။ သူရဲ့ လုပ်ဆောင်ချက်တွေက ပျောက်နေသေးတယ် "လို့ ၎င်းက ပြောပါတယ်။ 

 

ဒေါက်တာအေးမောင်ကတော့ သူရဲ့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်အတွင်း လုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီလပထမပတ်ပြုလုပ်မယ့် ပါတီနှစ်ပတ်လည်အစည်းအဝေးပြီးဆုံးမှ ဖြေဆိုမယ်လို့ ပြောခဲ့ပါတယ်။ 

 

ဒေါက်တာအေးမောင်ရဲ့နုတ်ထွက်စာမှာပါတဲ့ “ မပြီးဆုံးတဲ့ ရခိုင်အမျိုးသားရေးတာဝန်တွေအတွက် မိတ်ဆွေတွေနဲ့အတူ လက်တွဲပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အသက်ထက်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်လို့ သံဓိဌာန်ချမှတ်ထားတယ် ” လို့ဆိုထားတာဟာလည်း ရခိုင်လူထုကြား စိတ်ဝင်စားခံရတဲ့ စာပိုဒ်တစ်ခုဖြစ်ပါတယ်။ မပြီးဆုံးတဲ့ အမျိုးသားရေးတာဝန်တွေကို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့စာပိုဒ်ကို အဓိပ္ပာယ်မျိုးမျိုး ဖွင့်ဆိုနေကြတယ်။ 

 

လတ်တလောမှာ ဒေါက်တာအေးမောင်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ပါတီသစ်ထောင်မယ်လို့ ပြောဆိုရေးသားနေတာတွေ ပျံ့နှံ့နေပါတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်ကတော့ ပါတီသစ်ကိစ္စရပ်နဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီနှစ်ပတ်လည်အစည်းအဝေးပြီးဆုံးမှ အဖြေတစ်ခုကို ထုတ်ဖော်ပြောကြားနိုင်လိမ့်မယ်လို့ ပြောပါတယ်။ 

 

၂၀၂၀ တွင် ရခိုင်အမျိုးသားပါတီ(ANP)ဟာ နိုင်မယ်၊ မနိုင်ဘူးဆိုတာ ပါတီဦးဆောင်သူတွေအပေါ် မူတည်ပြီး အနာဂတ်မှာ ယင်းပါတီထက် ကျစ်လစ်ခိုင်မာတဲ့ ပါတီသစ်တစ်ရပ် မပေါ်ပေါက်လာနိုင်ဘူးလို့လည်း မပြောနိုင်ဘူးလို့လည်း ဒေါက်တာအေးမောင်က RFA နဲ့မေးမြန်းခန်းတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ 

 

အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီအနေနဲ့ အမ်းကို အနိုင်ရရှိရင် ၂၀၂၀ ခုနှစ်မှာ ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်အောင်ကြိုးစားမယ်လို့ ၂၀၂၀ အိပ်မက်ကို အမိအရဆုပ်ကိုင်ပြီး ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ရခိုင်အမျိုးသားပါတီရဲ့ အရှိန်ကိုရယူပြီး ပြောကြားခဲ့ခြင်းပါ။

 

သူရဲ့ ပါတီသစ်(သို့မဟုတ်)တသီးပုဂ္ဂလအနေဖြင့် သွားမယ့်ခရီးဟာ ရခိုင်အမျိုးသားပါတီမှာရှိနေစဉ်တုန်းက ပြောခဲ့တဲ့စကားတွေအတွက် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာနဲ့ ဒေါက်တာအေးမောင်အနေနဲ့ ရခိုင်နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ဘယ်လိုလျှောက်မလဲဆိုတာကို ပြည်သူတွေက စောင့်ကြည့်နေပါတယ်။ 

 

ဖဒူ ထွန်းအောင်

(၁၈. ၁၂. ၂၀၁၇)

 

 

ဗီဒီယိုများ