ဗေလုဝနတ်စောင်းသံ လိုအပ်သည်

ဇန်နဝါရီ (၁၆) ရက်နေ့က ဖြစ်ပွားသွားခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အဖြစ်အပျက်သည် ရခိုင် တိုင်းရင်းသားအများစု၏အတွက် အရပ်သားစစ်စစ်အစိုးရ၏ ဒီမိုကရေစီဆန်ခြင်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ ရခိုင်ဘုရင့်နိုင်ငံတော်ကျရှုံးခြင်း အထိမ်းအမှတ်စာပေဟောပြော ပွဲကျင်းပရန်စီစဉ်ခြင်းမှ စတင်ခဲ့သော ထိုဖြစ်စဉ်များထဲတွင် အရပ်သားလူငယ်များသေဆုံးခဲ့ကြရ ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူအများစုက အစိုးရအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြသည်။

By ရက္ခ 14 May 2018

ရက္ခ ရေးသားသည်။

ဗုဒ္ဓဝင်ထဲတွင် ပဉ္စသိင်္ခနတ်သားက ဒုက္ခစရိယာကျင့်နေသော ဘုရားလောင်းအနီးတွင် ဗေလုဝနတ်စောင်းကို ပုံစံသုံးမျိုးဖြင့် တီးခတ်ပြခဲ့ဖူးသော ဥပမာတစ်ခုရှိသည်။ ပထမဦးဆုံး တင်းလွန်းသောစောင်းကြိုးကိုညှိကာ တီးခတ်ပြသည်။ စောင်းသံက မာထန်လွန်းနေ၏။ ဒုတိယအကြိမ် လျော့တိလျော့ရဲ ညှိထားသောစောင်းကြိုးဖြင့် တီးခတ်ပြပြန်သည်။ စောင်းသံကပျော့လွန်းနေသဖြင့် နားဆင်ရသည်မှာ အဆင်မပြေလှ။ တတိယအကြိမ်တွင်တော့ မတင်းလွန်းမလျော့လွန်းသောစောင်း ကြိုးကိုညှိကာ တီးခတ်ပြသည်။ ငြိမ့်ညောင်းသာ ယာသော ဂီတသံထွက်လာသည်။ နားဆင်ရသည်မှာ သာယာနာဖျော်ဖွယ်အတိဖြစ်၏။ တတိယအကြိမ်နားဆင်ရသော ထိုစောင်းသံကြောင့်ပင် ဗုဒ္ဓ အလောင်းအလျှာသည် အလယ်အလတ်လမ်းစဉ်ကိုသိရှိခဲ့ပြီး ဗုဒ္ဓအဖြစ်သို့ရောက်ရှိသွားသည်။ အ လိုရှိရာပန်းတိုင်ဆီသို့ရောက်ရှိခဲ့သည်ဟု ဆိုနိုင်၏။

                                                                        (တစ်)

မြန်မာ့ဒီမိုကရေစီအာရုဏ်ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံကိုကျော်လွန်ကာ ကမ္ဘာသို့တိုင်အောင် ဂယက်ရိုက်ခတ်နိုင်ခဲ့သော အပြောင်းအလဲတစ်ခုဖြစ်သည်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီတံခါးကို စတင်ဖွင့်လှစ်ခဲ့သော ဦးသိန်းစိန်အစိုးရမှရေတွက်လျှင် မြန်မာ့ဒီမိုကရေစီသည် ၈ နှစ်သားအရွယ်ကို ရောက်ရှိခဲ့ပြီဟုဆိုရမည်ဖြစ်၏။ တပ်မတော်သားဘဝမှ ရွေးကောက်ခံ သမ္မတဖြစ်လာခဲ့သော ဦးသိန်းစိန်အစိုးရကို အရပ်သားတစ်ပိုင်း အစိုးရဟုကင်ပွန်းတပ်ခဲ့ကြသော်လည်း မြန်မာ့ဒီမိုကရေစီ အာရုဏ်ဦးသည် ဦးသိန်းစိန်အစိုးရ စတင်ခဲ့သော အပြောင်းအလဲတစ်ခုဟု ဆိုနိုင်သည်။

           လက်ရှိချိန်တွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သော NLD အစိုးရက မြန်မာ့ဒီမိုကရေစီအရွေ့ကို ဆက်လက်မောင်းနှင်နေသည်။ ကမ္ဘာပေါ်တွင် အရပ်သားစစ်စစ်ဒီမိုကရေစီအစိုးရဟု အမည်ပေါက်သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှုများကြားတွင် မြန်မာ့ဒီမိုကရေစီအာရုဏ်ဦးသည် ပိုမိုအရောင်တောက်လာခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ဒီမိုကရေစီသည် အရောင်တောက်ရုံအဆင့်နှင့်သာရပ်တည်နေပြီး ပိုမိုမွှေးပျံ့သောရနံ့နှင့် သိသာထင်ရှားစွာဖွံ့ဖြိုးလာသော အရွယ်အစား မရှိသေးဟုဆိုနိုင်သည်။ အရပ်သားစစ်စစ်အစိုးရ၏ သုံးနှစ်သားအရွယ် ဒီမိုကရေစီသည်လည်း ဗုဒ္ဓဝင်ထဲမှ ဗေလုဝနတ်စောင်းကဲ့သို့ တင်းတစ်ချီ လျှော့တလှည့်နှင့် တီးခတ်စမ်းသပ်နေရဆဲသာ ရှိသေးသည်။

 

(နှစ်)

           

ဇန်နဝါရီ (၁၆) ရက်နေ့က ဖြစ်ပွားသွားခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အဖြစ်အပျက်သည် ရခိုင် တိုင်းရင်းသားအများစု၏အတွက် အရပ်သားစစ်စစ်အစိုးရ၏ ဒီမိုကရေစီဆန်ခြင်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ ရခိုင်ဘုရင့်နိုင်ငံတော်ကျရှုံးခြင်း အထိမ်းအမှတ်စာပေဟောပြော ပွဲကျင်းပရန်စီစဉ်ခြင်းမှ စတင်ခဲ့သော ထိုဖြစ်စဉ်များထဲတွင် အရပ်သားလူငယ်များသေဆုံးခဲ့ကြရ ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူအများစုက အစိုးရအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြသည်။ အစိုးရ ဖက်မှထုတ်ပြန်သောသတင်းများနှင့် ရခိုင်ပြည်အခြေစိုက်သတင်းဌာနများမှ ထုတ်ပြန်သောသတင်းများထဲတွင် မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ မတူညီသောတင်ပြချက်များကိုတွေ့ရသည်။ မည်သည့်ကိစ္စတွင်မဆို နိုင်ငံတော်၏ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဖောက်ဖျက်ကျူးလွန်လာပါက မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်ရသည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်သည်။

           သို့သော် လက်ရှိရခိုင်ပြည်နယ်၏နိုင်ငံရေးနှင့် လူမှုရေးအခင်းအကျင်းများသည် တခြားသော ပြည်နယ်များနှင့်မတူသော အကျပ်အတည်းဖြစ်ကြောင်းကို နားလည်ရန်လိုအပ်သည်ဟုထင်၏။ ရခိုင်ပြည်နယ်ထဲမှ ဘင်္ဂလီအရေးအပါအဝင် ရခိုင်တို့၏အမျိုးသားရေးကိစ္စရပ်များသည် ထိလွယ်ရှလွယ်သော အကြောင်းတရားများဖြစ်သည်။ ထိုအကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းချိန်မျိုးတွင် အစိုးရအနေဖြင့် ဖြစ်လာနိုင်ခြေများကို ရှေ့နောက်အပြန်ပြန်အဖန်ဖန်စဉ်းစားရန် လိုအပ်လှသည်။

                                    (သုံး)

          အာဏာရပါတီ NLD ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ရခိုင်အမျိးသားပါတီတို့သည် ရခိုင်ပြည်တွင်းမှ ပြည်သူလူထုတို့၏ ထောက်ခံခြင်းကို အတိုင်းအတာတစ်ခုအထိ ရယူထားကြသည်။ ရခိုင်ပြည်နယ်ထဲတွင် နိုင်ငံရေးပါတီ များအချင်းချင်း အားပြိုင်မှုများရှိကြသကဲ့သို့  ပြည်သူများအချင်းချင်းသည်လည်း မိမိတို့ယုံကြည်ရာပါတီနှင့်  ပုဂ်္ဂိုလ်တို့အတွက် အားပြိုင်မှုများရှိကြသည်။ ရခိုင်ပြည်နယ်ထဲတွင် အင်အားကြီးကြသောပါတီသုံးခုနှင့်အတူ ထိုပါတီတို့ကို ထောက်ခံအားပေးကြသော ပြည်သူများ၏ထိပ်တိုက်တွေ့မှုသည် တခြားပြည်နယ်များထက် ပိုမိုပြင်းထန်လွန်းသည်ဟု ထင်ရသည်။ ထိလွယ်ရှလွယ် ပိုဆန်သည်ဟုဆိုနိုင်၏။

           ဒီမိုကရေစီ၏အရသာကို ပိုမိုမြည်းစမ်းခွင့်ရလာသော လက်ရှိအစိုးရလက်ထက်တွင် ရခိုငပြည်သူများသည် အရင်ကနှင့်မတူသော လွတ်လပ်ခြင်းများကို ခံစားလိုကြသည်။ ဒီမိုကရေစီ၏အနှစ်သာရကို ငတ်ငတ်မွတ်မွတ် စားသုံးလိုကြသည်။ အပြည့်အဝလက်တွေ့စမ်းချင်ကြသည်ဟု ဆိုနိုင်၏။ ၂၀၁၅ ခုနှစ်နောက်ပိုင်း NLD အစိုးရ တက်လာပြီးသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ဆန္ဒထုတ်ဖော်ခြင်းအများဆုံးပြည်နယ်ဟု ဆိုနိုင်လောက်သည်အထိ ရခိုင်လူထုများသည် ဒီမိုကရေစီ၏လွတ်လပ်ခြင်းကို လက်တွေ့ကျကျအသုံးချခဲ့ကြသည်များက နမူနာပင်ဖြစ်၏။

                                                                        (လေး)

           ရခိုင်လူမျိုးတို့သည် တက်လာသောအစိုးရအပေါ်တွင် မျှော်လင့်ချက်ကြီးမားစွာထားတတ်ကြသည်။ မိမိတို့လူမျိုးနှင့်ပြည်နယ်အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးများကိုရရှိရန် အိပ်မက်ကြသည်။ ရခိုင် ပြည်နယ်တွင် ခေတ်အဆက်ဆက်ကြုံတွေ့လာခဲ့ရသော ဘင်္ဂလီအရေးကိစ္စများကို ထိထိရောက်ရောက်ကိုင် တွယ်ဖြေရှင်းရေးနှင့် ရခိုင်တို့၏ကိုယ်ပိုင်စရိုက်လက္ခဏာများကို လွတ်လပ်စွာဖော်ထုတ်ပြသခွင့် ရရှိရေးတို့သည် ရခိုင်လူထုတို့၏ အစိုးရအပေါ်ထားရှိသော အဓိကမျှော်လင့်ချက်များဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်ထဲတွင် ရခိုင်လူမျိုးအချင်းချင်းအားပြိုင်မှုတို့သည်လည်းကောင်း၊ ပါတီအချင်းချင်း အားပြိုင်မှုတို့သည်လည်းကောင်း ထိုအချက်များအပေါ်တွင် အခြေခံသည်ဟုဆိုနိုင်၏။

           ဇန်နဝါရီ(၁၆)ရက်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်များတွင်လည်း မတူညီသောအသိုင်းအဝိုင်းများကြားမှ မတူ ညီသောအသံများစွာထွက်လာသည်များရှိ၏။ အစိုးရတွင်သော်လည်းကောင်း၊ ပြည်သူများတွင်သော်လည်း ကောင်း နှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန်လိုအပ်သေးကြောင်း နမူနာတစ်ခုပင်ဖြစ်သည်။ လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေသည် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့၏ အားပြိုင်မှုကလည်း ကြီးမားလှသည်။ အစိုးရအဖွဲ့ကိုလွှမ်းမိုးထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးထားနိုင်သော ရခိုင်အမျိုးသားပါတီ (ANP) တို့၏ အားပြိုင်မှုဟုဆိုလျှင်လည်း ရနိုင်မည်ထင်၏။

                                                                        (ငါး)

           မြန်မာ့ဒီမိုကရေစီအာရုဏ်ဦးဟုဆိုနိုင်သော သမ္မတဦးသိန်းစိန်လက်ထက်မှစတင်ကာ Check and Blance ဆို သော စကားရပ်တစ်ခု  မြန်မာပြည်သူများကြားထဲတွင် နားယဉ်ခဲ့သည်ဟုဆိုနိုင်၏။ နိုင်ငံတော်၏ မဏ္ဍိုင်ကြီးလေးရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် သတင်းမီဒီယာအခန်းကဏ္ဍတို့ အချင်းချင်း တစ်ခုနှင့်တစ်ခုအပြန်အလှန်ထိန်းကျောင်း ပဲ့ပြင်သွားကြရန်ရည်ရွယ်သော စကားရပ်ပင်ဖြစ်သည်။ အစိုးရနှင့်လွှတ်တော်အပါအဝင် ပင်မမဏ္ဍိုင်ကြီးလေးရပ်တို့သည် တစ်ခုကိုတစ်ခု အပြန်အလှန်ထိန်းကျောင်း ရင်း နိုင်ငံတော်ကိုအကောင်းဘက်သို့ ဆွဲခေါ်သွားနိုင်ကြရမည်ဖြစ်၏။ သို့သော် ရခိုင်ပြည်နယ်ထဲတွင်တော့ ထိုကဲ့သို့မဟုတ်ပဲ မဏ္ဍိုင်ကြီးလေးရပ်စလုံး တစ်ခုနှင့်တစ်ခု ထိပ်တိုက်ရင်ဆိုင်ကာ တွန်းတိုက်ဖယ်ထုတ် နေကြသည်။ အစိုးရသည်လည်းကောင်း၊ လွှတ်တော်သည်လည်းကောင်း၊ ပြည်သူတို့သည်လည်းကောင်း အချင်းချင်းစာနာနားလည်မှုနှင့် အပြန်အလှန်ယုံကြည်ကြိုးစားမှုတို့ဖြင့် ရခိုင်ပြည်နယ်ကို အကောင်းဘက်သို့ မောင်းနှင်ကြရန်လိုအပ်နေသည်။ ထိုသို့ဖြစ်ရန်မှာလည်း အတ္တစွဲများ၊ အာဏာပါဝါများနှင့် အာဃာတအငြိုးအတေးများကို ဘေးဖယ်ထားကြရန်လိုအပ်သည်။ ရခိုင်ပြည်နယ်အတွက် ဗေလု၀ နတ်စောင်းကို အလယ်အလတ်လမ်းစဉ်ဖြင့် တီးခတ်တတ်ရန်လိုအပ်နေသည်မှာ အမှန်တရား တစ်ခုပင်ဖြစ်သည်။  ။

ဗီဒီယိုများ