မောင်စိန်၏ စံရဖွေရှာပုံတော်

စံရဖွေအများအပြားသည် ရခိုင်တွင် (အထူးသဖြင့်) စစ်တွေတွင်ရှိနေဆဲ၊ မင်းတို့လိုက်ရှာကြဟုပြောခဲ့၏။ အဖိုး၏အမှာစကားကို တခါတရံမေ့မေ့လျော့လျော့ရှိ သော်ငြား ပေါ့ပေါ့မထားသော မောင်စိန်သည် ပညာတတ်ဟုဆိုသော တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်လာစတွင် စံရဖွေအကြွင်းအကျန်များ တွေ့လိုတွေ့ငြား စစ်တွေတွင်ရှာဖွေ၏။

By ကိုစိမ် 14 May 2018

ကိုစိမ် ရေးသားသည်

မောင်စိန်သည် ှSatire ခေါ် သရော်စာ အရေးသားကို ဝါသနာထုံ၏။ သို့နှင့် Development  ဂျာနယ်တွင် သရော်စာငယ်လေးတစ်ပုဒ်ရေး ကြည့်ရန် စိတ်ကူးရကားအထက်ဖော်ပြပါခေါင်းစီးဖြင့် စာတစ်ပုဒ်ရေးကြည့် လိုက်ပါ၏ ဖတ်ရှုအကဲဖြတ်တော်မူကြပါကုန်လော့ ...။

 ရခိုင်သမိုင်းတွင် နာမည်ကြီး ဗီလိန်နှစ်ဦးရှိပါ၏ ငသံဒွေနှင့် စံရဖွေ ပါတည်း။ ငသံဒွေကြီးမှာ သာမန်ညောင် ည မဟုတ် မြောက်ဦးခေတ်နှောင်းတွင် ရာမောင်ကျွန်းစားကြီးဖြစ်၏ မြောက်ဦးဘုရင်ကို မကျေနပ်သော အဆိုပါ လူကြီးမင်းသည် အရှေ့ဖက်မှ ဘာသာတူလူမျိုးခြားပထွေးတော်ကြီးအား ဖိတ်ခေါ်ခဲ့ရာ၊ အဆိုပါ အရှေ့ပြည်သားများရောက်ရှိလာကြ၏ ရခိုင်ကိုသိမ်းပိုက်လိုက်ကြ၏။ ယင်းနောက်တွင်ကား ရခိုင်ပြည်ကြီးသည် ဗမာပဒေသရာဇ်၏ ကျွန်နိုင်ငံဖြစ်သွားခဲ့ရှာ၏။ အလွန်တော်ရှာသော ရခိုင်ဗီလိန်ကြီးပါတကား။ 

 ရခိုင်သမိုင်းတွင် အမျိုးသားသစ္စာဖောက်ကြီးစာရင်းသို့ အောင်မြင်စွာဝင်ရောက်ခဲ့လေသတည်း။ သူ့မျိုး ဆက်အတွက် အနည်းငယ်ဖြေသိမ့်စရာကား သားတော်မောင်ချင်းပြန်သည် ဗမာမြို့ဝန်တို့ပေးထားသော စိုင်းတင်မြို့စားဘဝမှ ခံစားချက်ပြောင်းကာ ဗမာပဒေသရာဇ်တပ်အား တော်လှန်ရေးကို ဦးဆောင်ခဲ့ခြင်းပါပေ။ ငသံဒွေခမျာ ဘဝကူးခါနီးတွင် သား၏အသိစိတ်ကြောင့် အနည်းငယ်အသေဖြောင့်ကောင်း ဖြောင့်ခဲ့လိမ့်မည် ထင်ပါ၏ ။

 ဒုတိယဗီလိန်ကြီးမှာစံရဖွေ ဖြစ်ပါ၏။ သူသည်လည်း ငသံဒွေကဲ့သို့ ရာမောင်ကျွန်းမှဖြစ်ပါ၏ (အင်း- မင်း ပြားနယ်သားတို့က ဤနှစ်ဦးအတွက် စိတ်ခုကောင်းခုနေကြမည်လားမသိ) သူသည်လည်း သာမန်ပုဂ်္ဂ်္ဂိုလ်မဟုတ်။ ၁၈၂၄ တွင် ရခိုင်ပြည်သို့ စစ်ချီလာသော အင်္ဂလိပ်တို့အတွက် စကားပြန်အဖြစ် လိုက်ပါ လာသူဟုဆိုထားရာ စာတတ်ပေတတ် ပညာတတ်ဖြစ်ပုံပေါ်၏။ အင်္ဂလိပ်ခေတ်ဦးတွင် နယ်ချဲ့များကို တော်လှန်တိုက်ခိုက်ရန်ခေါင်းဆောင်စီစဉ်ကြသည့် ခေါင်းဆောင် (၁၆) ဦးထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည် ဆိုရကား အစပိုင်းတွင် အဖရခိုင်ပြည်ဟု ကြွေးကြော်နေခဲ့မည့်သူဖြစ်ကြောင်းဆိုလျှင် မှားမည်မထင်ပါ။ တော်လှန်ရေးစခါနီးဆဲဆဲမှာ အဆိုပါဗီလိန်ကြီးသည် ရဲဘော်ရဲဘက်များကို သစ္စာဖောက်ကာ အင်္ဂလိပ်နယ်ချဲ့၏ ရင်ခွင်အတွင်းသို့ ခိုလှုံသွားခဲ့၏။ အလွန် လိမ္မာသောစံရဖွေကြီးပါသည်။ အသိအမြင်ရှိသူဖြစ်ကာ တိုင်ပြည်အတွက် ကြွေးကြော်သံဖြင့် နယ်ချဲ့တို့အား တော်လှန်တိုက်ခိုက်လျှင် အသက်သေမည်။ သို့မဟုတ် ထောင်သွင်းအကျဉ်းခံရမည်။ ရဲဘော်ရဲဘက်များအား သစ္စာဖောက်၍ နယ်ချဲ့များနှင့်လက်တွဲလိုက် လျှင် သူ့ဘဝကောင်းစားမည်ကို သဘောပေါက်၏ အေးအေးဆေးဆေး သစ္စာဖောက်သွား၏။ မင်းသားကြီးရွှေဗန်း အပါအဝင် တော်လှန်ရေးခေါင်းဆောင်များသည် ဖမ်းဆီးထောင်ကျသေကြခဲ့ရ၏။ ရခိုင်ကိုလိုနီနယ်ချဲ့တော်လှန်ရေး ဦးကျိူးသွားအောင် ကြိုးပမ်းခဲ့ရှာသော စံရဖွေကြီးပါတကား။

           သည်အကြောင်းကို မောင်စိန်၏ အဘိုးသည် အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိ၏။ တစ်ခါတစ်လေ တက် သီးခေါက်၊ လက်သီးလက်မောင်းတန်းပြောပြ၏။ သို့သော် အဘိုးမှာသွားများ ကျိူးကုန်ပြီးဖြစ်သဖြင့် တက်ခေါက်သံမပီ။ အသက်ကြီးသဖြင့် လက်ပျဉ်းများကျနေပြီးဖြစ်သဖြင့် ပျော့တွဲတွဲ။ သို့သော် အဖိုးပြောသည့်အထဲမှာ ထူးထူးခြားခြားတစ်ခုပါ၏။ စံရဖွေအများအပြားသည် ရခိုင်တွင် (အထူးသဖြင့်) စစ်တွေတွင်ရှိနေဆဲ၊ မင်းတို့လိုက်ရှာကြဟုပြောခဲ့၏။ အဖိုး၏အမှာစကားကို တခါတရံမေ့မေ့လျော့လျော့ရှိ သော်ငြား ပေါ့ပေါ့မထားသော မောင်စိန်သည် ပညာတတ်ဟုဆိုသော တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်လာစတွင် စံရဖွေအကြွင်းအကျန်များ တွေ့လိုတွေ့ငြား စစ်တွေတွင်ရှာဖွေ၏။ အစတွင် မောင်စိန် စိတ်ညစ်သွား၏ အဘယ်ကြောင့်မူ စစ်တွေရှိနေရာအများအပြား၊ ပွဲတော်အများအပြားတွင် အားလုံးနီးပါးပြောနေ တတ်ကြသည်မှာ အဖရခိုင်ပြည်အတွက်ဟူသော စကားမှလွဲ၍ တပြားမျှမလျော့ဟုဆိုသူသာများ၏။ သို့သော်လည်း မောင်စိန်စိတ်မပျက်။ အောက်ခြေဆင်းရဲသား ပြည်သူများထဲတွင် ခိုအောင်း၍များရှိမလား။ ဆင်းရဲသည်။ စားစရာမရှိ။ ငွေရဖို့ စံရဖွေလမ်းကိုလျှောက်ကောင်း လျှောက်နိုင်သည်ဟုယူဆ၍ဖြစ်၏။ ဆင်းရဲနွမ်းပါးသူများခမျာ နေ့ဖို့ညစာ အတွက်လုံးပမ်းနေရသဖြင့် စံရဖွေလမ်းကို စဉ်းစားဖို့တောင် မအားသော ခပ် ရိုးရိုးများ၊ ကံစီမံရာအတိုင်း လျှောက်ကြသူများအဖြစ်သာတွေ့ရ၏။

           ယင်းကတစ်ဆင့်တက်၍ အလယ်အလတ်စားနိုင်သောက်နိုင်သူများ ဝန်းကျင်ကိုလေ့လာ၏။ သူတို့က စံရဖွေကိုသိကြ၏ နှာခေါင်းရှုံ့ကြ၏။ ကိုယ်တနိုင်တစ်ပိုင်လမ်းကို လျှောက်နေကြ၏။ မောင်စိန် စံရဖွေကို ရှာမ တွေ့သေး။ ခေတ်က တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီ။ ဒီမိုကရေစီခေတ်ရောက်လာပြီ မောင်စိန် စံရဖွေကိုရှာမတွေ့သေး။  ဘဝတွင်လူးလိမ့်ရင်း တစ်ဦးတည်းသော သားကလေးတောင်မှ အိမ်ထောင်ကျခဲ့ပြီ။ မောင်စိန် စံရဖွေကိုရှာမတွေ့သေး။ အသက် (၆၀) ကျော်ခဲ့ပြီ။ မောင်စိန်စံရဖွေကို ရှာမတွေ့သေး။ အဖိုးစကားကို နားမထောင်သော မြေးမိုက်ဖြစ်ခဲ့ရရှာပြီ။ မောင်စိန်သည် မိမိကိုယ်ကို မကျေနပ်ဖြစ်မိ၏။ နံရံကိုလက်သီးဖြင့် (လက်အိပ်စွပ်၍)ထိုးမိ၏။ သည်နောက် ဗလာစာအုပ်ထဲတွင် စီမံချက်တစ်ခုဆွဲ၏။ စံရဖွေကို ရှာဖွေရမည့်နယ်မြေများကိုချရေး၏။ အဆိုပါနေရာများတွင် မောင်စိန်မရှာဖြစ်သေးသော တိုက်အိမ်ကြီးပိုင်ရှင် ခေတ်ပေါ်သူဌေးကြီးများအစု၊ အစိုးရအဖွဲ့အစည်းကြီးတွင် ပါဝင်သူအများစု ခရိုနီကြီး ဆိုသူများအစု၊ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများအစု၊ လူမှုအဖွဲ့အစည်းဆိုသူများစု၊ နိုင်ငံရေးပါတီမှ ဆိုသူများအစု စသည့်တို့ဖြစ်၏။ မိမိ၏စီမံချက်ကိုကြည့်ကာ မောင်စိန်ဝမ်းသာသွား၏။ အဘိုးပြောခဲ့သောစကားနားထောင်ဖြစ်တော့မည်။ မောင်စိန် စံရဖွေကိုစစ်တွေဝန်းကျင်တွင် ဆက်လက်ရှာဖွေ တော့မည်။ ဟေး ... စံရဖွေများ မောင်စိမ်လာပြီ။ ထမင်း ၀၀ စား ထားကြပေလော့ ... လေ ၀၀  ရှုထားကြပေလော့ ...။

ဗီဒီယိုများ