ပြည်သူမှာ တာဝန်ရှိသတဲ့လား

ယနေ့ အစိုးရအဖွဲ့ကို ဦးစီးမောင်းနှင်နေသည့် ဒေါ်အောင်ဆန်းစုကြည် မကြာခဏသုံးစွဲနေသော စကားတစ်ခွန်းရှိပါသည်။ “ ပြည်သူမှာလည်း တာဝန်ရှိတယ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုတယ် ” ဟူ၍ဖြစ်၏။ ထိုစကားကိုပင် သံယောင်လိုက်ကာ အခြားဝန်ကြီး၊ ဝန်ကြီးချုပ်များကပါ လိုက်လံသုံးစွဲလာကြသည်။ အစိုးရအဖွဲ့အတွင်းမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲလျှက်ရှိသည်ဖြစ်ပေရာ ပြဿနာတိုင်းလိုလိုတွင် အသုံးတည့်လှသော ဝေါဟာရတစ်ခု ဖြစ်လျှက်ရှိနေပေသည်။

By ရမ္မာကျော်စော 21 Jul 2018

Written by ရမ္မာကျော်စော

မပြောရဲ၊ မဆိုရဲကြသော ခေတ်ကြီးမှာမှ ကျွန်တော်ပြောကြည့်ချင်သော အကြောင်းအရာ တစ်ခုကလည်း ပေါ်လာပေသည်။ လတ်တလောတွင် ရေပန်းစားနေသော ၆၆(ဃ) ကိုလည်း နည်းနည်းတော့ ကြောက်မိတာ လည်းအမှန်ပဲ။ သို့သော်လည်း ရင်တွင်းခံစားချက်က ပိုပြီးပြင်းထန်လာလေတော့ အရဲစွန့်ပြီး ပြောရပေတော့ မည်။

ယနေ့ အစိုးရအဖွဲ့ကို ဦးစီးမောင်းနှင်နေသည့် ဒေါ်အောင်ဆန်းစုကြည် မကြာခဏသုံးစွဲနေသော စကားတစ်ခွန်း ရှိပါသည်။ “ ပြည်သူမှာလည်း တာဝန်ရှိတယ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုတယ် ” ဟူ၍ဖြစ်၏။ ထိုစကားကိုပင် သံယောင်လိုက်ကာ အခြားဝန်ကြီး၊ ဝန်ကြီးချုပ်များကပါ လိုက်လံသုံးစွဲလာကြသည်။ အစိုးရအဖွဲ့အတွင်းမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲလျှက်ရှိသည်ဖြစ်ပေရာ ပြဿနာတိုင်းလိုလိုတွင် အသုံးတည့်လှသော ဝေါဟာရတစ်ခု ဖြစ်လျှက်ရှိနေပေသည်။ ကျွန်တော်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်သာဖြစ်သည်။ ဘယ်တက္ကသိုလ်၊ ဘယ်ဒီဂရီကောလိပ်ကမှ ဘွဲ့တစ်လုံးမရဖူးခဲ့ပါ။ ဆယ်တန်းအောင်ရုံလောက်သာ ပညာသင်ကြားဖူးပြီး အင်းစိန်နရသိန်တွင်တော့ ၇ နှစ်ကျော်နေခဲ့ဖူးပါသည်။ အပြင်မှာဆိုလျှင် ဆယ်တန်းအောင်ချိန်မှ မာစတာဘွဲ့ရနိုင်လောက်သော အချိန်ကာလတစ်ခုပင်ဖြစ်သည်။

ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေးကြည့်ချင်ပါသည်။ ဘာကြောင့် ပြည်သူမှာတာဝန်ပိုရှိနေရသလဲ၊ အကြောင်းအရာတစ်ခုတိုင်းမှာ ပြည်သူချည်းပဲ ပါဝင်ပတ်သက်နေရမှာလား။ ပညာအရည်အချင်းမယှဉ်ပါ၊ အတွေးအခေါ်ချင်းမယှဉ်ပါ။ သို့သော် ခံစားချက်ချင်းတော့ ယှဉ်ဝံ့ပါသည်။ ဒူးနဲ့မျက်ရည် မသုတ်ရရုံတမယ် ခံစားနေကြရတဲ့ ပြည်သူတွေက ဘာတွေများ ထပ်ပြီးပေးဆပ်ကြရဦးမှာတဲ့လဲ။ အရှုံးအနိုင်ပြိုင်ဆိုင်ကြရတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ပြည်သူကတခဲနက် မဲပေးလိုက်ကြပြီပဲ။ ပြည်သူမှာမျှော်လင့်ချက် တပုံတပင်ကြီးနှင့်။ သို့ပေမယ့် ဘာတွေပြောင်းလဲသွားပြီလဲ၊ တကယ်တော့ အမေရိကန်သမ္မတ(ဟောင်း) အိုဘားမားရဲ့ စကားနှင့်ရွေးကောက်ပွဲ အနိုင်ရသွားတာမဟုတ်လား။ Time For Change တဲ့ အိုဘားမား ပြောခဲ့တဲ့စကား၊ မြန်မာမှုပြုလိုက်တော့ “ ပြောင်းလဲချိန်တန်ပြီ ” ပေါ့။ သို့သော် လူတိုင်းလက်ခံထားတဲ့ တကယ့် အမှန်တရားက သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်စုံတရာ ထူးခြားမလာသေးဘူးဆိုတာပါပဲ။

ဥပဒေ၊ နည်းဥပဒေနှင့် ကြေညာချက်အမျိုးမျိုးအလီလီကို ထုတ်ပြန်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ထင်သလို ဖြစ်မလာခဲ့ကြပါဘူး။ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ ဘယ်သူတွေကများ အမှန်တကယ်ပြောင်းလဲနေပြီဟု ယုံကြည်ကြပါသလဲ မေးသာကြည့်ကြပါတော့။ ဖြူဖြူကျော်သိန်း သီချင်းအလိုက်နှင့် ဟစ်ကြွေးလိုက်ရင်တော့  “လူတိုင်း ... အကြွေးနှင့်မကင်းနိုင် ...”  ဆိုသလို ဖြစ်နေပါဦးမယ်။ မွေးကတည်းက အကြွေးပါလာတဲ့ လူမျိုးဆို၍ ကမ္ဘာမှာမြန်မာတစ်နိုင်ငံသာ ရှိပါလိမ့်မည်။ တစ်ခါ လူထုက စားဝတ်နေရေးကျပ်တည်းကြလို့ ပွက်လောရိုက်နေကြတဲ့ အချိန်မှာရန်ကုန်တိုင်းဝန်ကြီးများက Ford ကားရူး ရူးနေလိုက်ကြသေးသည်။ မဲဆန္ဒရှင်ပြည်သူများကိုလည်း အလေးထားကြပါဦးလို့ သတိပေးပါရစေ။ ယနေ့ မြန်မာနိုင်ငံတွင် မတိုးတက်ဆုံးသော အရပ်ဒေသများမှာ တိုင်းရင်းသားပြည်နယ်များသာဖြစ်သည်။ ရန်ကုန်တိုင်းတွင် ဘတ်စ်ကားမှတ်တိုင်များအတွက်ပင် အမေရိကန်ဒေါ်လာ ၂၃ သန်းသုံးစွဲမည်ဟု ကြားသိရပြန်သည်။ တိုင်းရင်းသားဒေသများတွင် ဆိုင်ကယ်စီးပြီးသွားလာ၍ အဆင်ပြေသောလမ်းပင် ရှားရှားပါးပါးဖြစ်သည်။ ထိုသို့ ဖွံ့ဖြိုးမှုမညီမျှသော အခြေအနေကို အထူးစီးပွားရေးဇုန်များကဲ့သို့ လုပ်ငန်းများကို စာရွက်ပေါ်ကစီမံကိန်းများ အဖြစ်သာမကဘဲ လက်တွေ့ကျကျ ဆောင်ရွက်ပေးရုံမျှနှင့်ပင် တစ်ချို့တစ်ဝက်ကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ တိုင်းရင်းသားဒေသများမှ လူငယ်လူရွယ်များသည် ယခင်အစိုးရအဆက်ဆက်ကတည်းကပင် ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများတွင် တရားမဝင်သွားရောက် ကျွန်ခံနေကြရသည်။ ယခုအစိုးရ လက်ထက်တွင်လည်း ထိုကဲ့သို့သွားရောက် အလုပ်လုပ်နေကြရဆဲဖြစ်သည်။

ပြည်သူလူထုလိုလားတာက ဗျူရိုကရေစီယန္တရားကို နိုင်နင်းစွာမောင်းနှင်၊ ကြပ်မတ်နိုင်မည့် အစိုးရတစ်ရပ် ကိုပါ။ သို့သော် ခေါက်ရိုးကျိုးနေသာ ဗျူရိုကရက်များကို မထိန်းချုပ်နိုင်ရုံသာမက တရားစီရင်ရေးကိုလည်း တည့်မတ်အောင် မဆောင်ရွက်နိုင်ကြသေးပေ။ ဗျူရိုကရက် အရာရှိကြီးများမှာ စစ်ဘက်က ပါဝင်ပတ်သက်နေကြသည်ဆိုလျှင်လည်း တရားစီရင်ရေးကိုတော့ နိုင်နင်းစွာ ကိုင်တွယ်နိုင်ရပါမည်။ အသစ်ပြဌာန်းလိုက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကလည်း ဦးသိန်းစိန်အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် တစ်လင်တစ်မယားဆိုင်ရာ ဥပဒေကဲ့သို့ ကိုယ့်လူကိုယ် ပြန်ထိနေသည်ကိုသာ မြင်တွေ့နေရသည်။ ယခင်အစိုးရ လက်ထက်က ပြဌာန်းခဲ့ပြီးသော တစ်လင်တစ်မယားဆိုင်ရာ ဥပဒေသည် မယားအများအပြားယူသော လူမျိုးခြားများကို နှိပ်ကွပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့သော်လည်း အမှန်တကယ် ထောင်ထဲရောက်သူများမှာ မြန်မာလူမျိုးများသာ ဖြစ်ကြသည်။ ခုတ်ရာတခြား ရှရာတခြား တလွဲဆံပင်ကောင်း ဥပဒေသာဖြစ်သည်။

အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ်အောက်မှာ ယခင်အစိုးရဟောင်း၏ မကွေးတိုင်းမှ စာရင်းဖျောက်ထားပြီးမှ ဗူးပေါ်သလိုပေါ်လာသော ဘီလျံနှင့်ချီသောငွေကြေးများနှင့် ဧရာဝတီတိုင်းက အစိုးရပိုင်ငွေလိုလို ပါတီပိုင်ငွေလိုလို မတင်မကျနှင့်ပမာဏများပြားလှသော ငွေကြေးကိစ္စများလည်း အရေးယူခြင်းမခံရဘဲ ပျောက် ချက်သား ကောင်းသွားကြလေသည်။

ထိုသို့အဖြစ်မျိုးကို လျစ်လျူရှုခဲ့ကြသော်လည်း တိုင်းရင်းသားအရေးကိစ္စများတွင် မလိုအပ်ဘဲ အင်အားသုံးဖြေ ရှင်းတတ်ကြပြီး မြောက်ဦးပဋိပက္ခလို အခြေအနေမျိုးကို အရုပ်ဆိုးသွေးမြေကျအောင် ပြုလုပ်ခဲ့ကြသည်။ KNPP ရဲဘော်များ အသတ်ခံရသည့်ဖြစ်စဉ်ကို အမှုမှန်ပေါ်အောင် ဆန္ဒပြတောင်းဆိုကြသည့် လူငယ်များကို ထောင်ထဲထည့်ခဲ့ကြသည်။ ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်၊ ပြည်သူတွေပါဝင်ပေးကြပါလို့ တစာစာအော်ပြီး တကယ်တမ်း ကျောင်းသားလူငယ်များ စစ်ပွဲများရပ်ဖို့တောင်းဆိုကြသောအခါ ဖမ်းဆီးပြီး ထောင်ထဲထည့်လိုက်ကြပြန်သည်။ တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံရေးအကြောင်းဆွေးနွေးပွဲတွေကိုလည်း ပိတ်ပင်ဖို့ ကြိုးစားလာကြသေးသည်။ တစ်ဖန် အစိုးရအဆင့်ဆင့်ကို ဝေဖန်ကြသော လူတစ်ချို့မှာလည်း  ၆၆(ဃ)၊ ၅၀၅ (ခ) တို့လို ပုဒ်မမျိုးတွေနှင့် တရားရင်ဆိုင်နေကြရသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့နေရသည်။ ထိုမျှအာဏာရှင်ဆန်စရာမလိုဘဲ ဖြေရှင်းနိုင်သည့်နည်းလမ်းတွေ အများအပြားရှိပေသည်။

လက်ရှိ အာဏာရပါတီ NLD တွင်လည်း ပါတီဝင်အချို့က အစိုးရဖြစ်သွားလို့ စိတ်ကြီးဝင် သွားကြလေသည်လားမသိပေ။ မြန်မာ့နိုင်ငံရေး အကူးအပြောင်းဖြစ်သည့် ရွေးကောက်ပွဲစနစ် တစ်ကျော့ပြန်ရောက်လာရန် အတွက် NLD တစ်ဦးတည်း ကြိုးပမ်းခဲ့၍ ယနေ့အခြေအနေကို ရောက်လာခဲ့ခြင်းမဟုတ်ပါ။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ရဟန်းရှင်လူ ပြည်သူအပေါင်းက အသက်သွေးချွေးတို့ကိုရင်းပြီး နှစ်ပေါင်း ၆၀ နီးပါး ရုန်းကန်ကြိုးစားခဲ့ကြ၍သာ ယနေ့အချိန်တွင် ဒီမိုကရေစီရောင်နီဦးကို ရေးရေးမျှမြင်တွေ့နေကြရခြင်းဖြစ်သည်။

သမိုင်းဦးဘုံမြေခေတ်တွင် လူတို့သည် ရေကြည်ရာ၊ မြက်နုရာ ရှာဖွေစားသောက်ရင်း လှည့်လည်သွားလာ နေထိုင်ခဲ့ကြသည်။ နေရာအတည်တကျမရှိဘဲ လှည့်လည်သွားလာနေရင်းက ကြုံတွေ့ရတတ်သော သားရဲတိရိစ္ဆာန်များနှင့် တခြားရန်သူများ၏ အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် စုပေါင်းနေထိုင်ကြသည့်စနစ်သို့ ပြောင်းလဲလာခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ စုပေါင်းနေထိုင်ခြင်းဖြင့် အမဲလိုက်မှုနှင့် အစားအစာရှာ ဖွေရေးတို့တွင် ပို၍လွယ်ကူချောမွေ့ကြောင်းကိုလည်း သဘောပေါက်လာခဲ့ကြသည်။ ထိုမှတဖန် နေရာအတည်တကျ စုပေါင်းနေထိုင်ခြင်းဆီသို့လည်း ကူးပြောင်းလာခဲ့ကြသည်။ ထို့နောက် အမဲလိုက်ခြင်းနှင့် အစားအစာရှာဖွေရေးတွင် ရှားပါးမှုအခက်အခဲနှင့် အချိန်များစွာပေးရခြင်းတို့ကို ရင်ဆိုင်လာကြရသောအခါ စိုက်ပျိုးမွေးမြူရေးစနစ်ကို စမ်းသပ်အကောင်အထည် ဖော်လာခဲ့ကြသည်။ သို့သော် လူအများစုပေါင်း နေထိုင်လာကြသောအခါ အစားအစာနှင့် သားငါးများကို ဝေငှစားသုံးကြသော်လည်း အငြင်းပွားဖွယ်ပြဿနာများ ပေါ်ပေါက်လာလေသည်။

ထိုအခါ ယင်းပြဿနာများကို ဖြေရှင်းရန်အတွက် အဖြေရှာရန်လိုအပ်လာပေသည်။ ထို့ကြောင့် အဖွဲ့အတွင်းမှ ခွန်အားဗလနှင့်ပြည့်စုံပြီး စွမ်းစွမ်းတမံဆောင်ရွက်တတ်သူတစ်ဦးကို ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက် ကြသည်။ ထိုသူ၏ အဆုံးအဖြတ်အတိုင်းခံယူကြရန်လည်း သဘောတူလက်ခံခဲ့ကြသည်။ ထို့အတူ စိုက်ပျိုးမွေးမြူထားသော အသီးအနှံများနှင့် တိရိစ္ဆာန်များကို အခြားအုပ်စုများ၏ တိုက်ခိုက်၊ လုယက်၊ ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန် တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး ခွန်အားဗလရှိသော လူငယ်လူရွယ်များကိုလည်း တာဝန်ပေးအပ်ကြသည်။ ထိုသူတို့အတွက်လည်း စားဝတ်နေရေး အဆင်ပြေစေရန်အလို့ငှာ မိမိတို့၏အသီးအနှံနှင့် အသားငါးများကို ဝေစုခွဲဝေပေးကြရသည်။ ယင်းမှာ ယခုအခါတွင် အခွန်ဆောင်သော သဘောနှင့်တူပေသည်။

ခေါင်းဆောင်လုပ်သူက မိမိ၏လက်အောက်ငယ်သားများနှင့် အုပ်ချုပ်ခံလူသားများ၏ စားဝတ်နေရေး အခြေအနေကို အမြဲတစေ စောင့်ကြည့်ကြပ်မတ်ပေးရသည်။ စိုက်ပျိုးရန်မြေများကို ဖော်ဆောင်ကြရသည်။ ထိုသို့လည်ပတ်နေသော စနစ်တစ်ခုတွင် မည်သူ့မှာတာဝန်ရှိပါမည်နည်း။ ခေါင်းဆောင်လုပ်သူ အကြီးအကဲတွင်သာ တာဝန်ရှိသည်မဟုတ်ပါလား။ ပြည်သူမှာ သူတို့ပေးသွင်းစရာရှိသည်များကို ပေးသွင်းရုံနှင့်ပင် တာဝန်ကျေရာရောက်ပေသည်။

အမှန်တော့ “ ဒီမိုကရေစီ ” (Democracy) ဆိုသော စကားလုံးသည် ဂရိဘာသာစကားဖြစ်သည်။ ဂရိရှေးဟောင်းဘာသာစကား Demos (ပြည်သူလူထု)နှင့် Kratos (အင်အား)မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူများ အာဏာပိုင်စိုးသောစနစ် ဟုခေါ်သည်။ Demos (ပြည်သူလူထု / တိုင်းသူပြည်သား) နှင့် Kratos (အုပ်ချုပ်မှုအာဏာ/ အာဏာပိုင်ဆိုင်မှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟုခေါ်နိုင်သည်။ သို့သော် ပြည်သူတစ်ရပ်လုံးက အုပ်ချုပ်ရေးလုပ်ငန်းများတွင် အချိန်ပြည့်ပါဝင်နိုင်ရန် မဖြစ်နိုင်သောအခါ ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ကြကာ ထိုရွေးကောက်ခံများကသာ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆောင်ရွက်ကြရသည်။ သို့သော် ထိုရွေးကောက်ခံပုဂ္ဂိုလ်များက ပြည်သူကိုတာဝန်ခံရသည်။ ပြည်သူလူထုအကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းကို ကြံဆောင်ကြရသည်။ ပြည်သူများ၏ အသံကိုနားစွင့်ကြရပြီး အခက်အခဲပြဿနာများကို အဆင့်ဆင့် တင်ပြဖြေရှင်းကြရမည်။

သို့သော် ယနေ့မြန်မာနိုင်ငံတွင် ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်ပြည်သူများ၏ သဘောထားကို အလေးထားဆောင်ရွက်မှု အားနည်းသည်ကို တွေ့မြင်နေရ သည်။ ဒီမိုကရေစီစနစ်တွင် အများစု၏ဆန္ဒသဘောထားဖြင့် ဆုံးဖြတ်ကြသည်မှာ မှန်သော်လည်း အနည်းစု၏ သဘောထားကိုလည်း လေးစားရပေမည်။ သို့မဟုတ်ပါက ဒီမိုကရေစီအနိုင်ကျင့်မှုများ ဖြစ်ပေါ်တတ်ကြသည်။ ဥပမာ မွန်ပြည်နယ်၊ ဘီလူးကျွန်း ချောင်းဆုံတံတားကိစ္စတွင် အာဏာရပါတီ၏ ဒီမိုကရေစီအနိုင်ကျင့်မှုကို မြင်တွေ့ခဲ့ကြရသည်။ အကျိုးဆက်အနေနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်တွင် အာဏာရပါတီ ရှုံးနိမ့်ခဲ့သည်။

အများညီလို့သာ “ ဤ ” ကို “ ကျွဲ ” ဟု ဖတ်ကြလျှင် စာမတတ်သူများ အများညီသကဲ့သို့ ဖြစ်ပေလိမ့်မည်။      “ ဤ ” သည် “ ဤ ” သာဖြစ်ပြီး ကျွဲအဖြစ်ဆင့်ကဲပြောင်းလဲလာစရာ အကြောင်းမရှိပေ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြသည်။ သို့သော် တိုင်းရင်းသားများ၏ နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများကိုပင် ကန့်သတ်ချက်အမျိုးမျိုးဖြင့် ပိတ်ပင်ရန်ကြိုးပမ်းလာခဲ့ကြ သည်။ ရှမ်းလူမျိုးအရေး ဆွေးနွေးမည့်ကိစ္စမှာ ဗမာအများစုပါဝင်ဖွဲ့စည်းထားသော အစိုးရက မည်သည့်နေရာတွင်လုပ်၊ မည်သူတွေနှင့်လုပ်ဟု လမ်းပြပေးရန်မလိုအပ်ဟု မြင်ပါသည်။ မွန်နှင့် ရခိုင်တို့တွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သက်ဆိုင်ရာ လူမျိုးများအရေးအနာဂတ် အကြောင်းခြင်းရာများကို ထိုသက်ဆိုင်ရာလူမျိုးစုတို့ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိရပေမည်။ ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုကို ထိုမျှတင်းကျပ်ရန် မလိုအပ်ပေ။

ရခိုင်ပြည်နယ်တွင် မေလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်သော ရခိုင်အမျိုးသားနေ့အခမ်းအနားကို စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်မရခဲ့ပေ။ လုံခြုံရေးအကြောင်းပြချက်များဖြင့်  ခွင့်မပြုသောကြောင့် ဖြစ်သလို ကျင်းပလိုက်ကြရသည်။ လူမျိုးတစ်မျိုး၏ အထွတ်အမြတ်နေ့ထူးနေ့မြတ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့် မပြုခဲ့ကြသော်လည်း ဇွန်လ ၁၉ ရက်နေ့မှာကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်း အနားကိုတော့ လွှတ်တော်ထဲ၌ပင် ကျင်းပခဲ့ကြသည်။ တရားမျှတပါ၏လားဆိုသည်ကို ဝေဖန်ပိုင်းခြား ကြည့်ကြစေလိုပါသည်။ လွှတ်တော်သည် မွေးနေ့ပွဲကျင်းပရာ နေရာတစ်ခုလား။ သို့ဆိုလျှင် ပြည်သူများက လွှတ်တောာ်ရပ်နားထားသော အချိန်များတွင် မင်္ဂလာဆောင်အခမ်းအနားများကို ငှားရမ်းကျင်းပခွင့် ပြုနိုင်ပါမည်လော။

နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အစိုးရကချမှတ်လိုက်သော မူဝါဒရေးရာ သဘောတရားများကို ဗျူရိုကရေစီယန္တရားက အကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အစိုးရသည်လည်း မိမိ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ဗျူရိုကရက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်ရပေမည်။ ထိုသို့မဟုတ်ဘဲ အောက်ခြေကတက်လာသမျှကို လက်မှတ်ထိုးရုံ လောက်နှင့်ကတော့ အမည်ခံဝန်ကြီးများသာ ဖြစ်နေကြပေလိမ့်မည်။ အစိုးရသည် အမိန့်ပေးစရာရှိသည်များကို ပြတ်ပြတ်သားသားပေးရပေလိမ့်မည်။ ထို့အတူ ပြစ်ဒဏ်ပေးထိုက်သူများကိုလည်း ထိထိရောက်ရောက် အရေးယူရပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်မရှိဟူသော ရမယ်ရှာပြီး တောင်ပြော၊ မြောက်ပြော ပြောနေစရာမလိုအပ်ပေ။ ပြင်၍မရမှန်းသိသိနှင့်ပင် ဥပဒေဘောင်အတွင်းက ပြင်၍ရသမျှ ပြင်မည်ဟု ရွေးကောက်ပွဲဝင်ခဲ့ကြသည် မဟုတ်ပါလား။  ပြင်မည်ဆိုလျှင် ပြင်၍ရနိုင်သော အကြောင်းခြင်းရာ အများကြီးရှိနေပေသည်။ နိုင်ငံတော်သမ္မတသည် နိုင်ငံ၏အမြင့်ဆုံးဥသျှောင်ဖြစ်ပေရာ ဥပဒေကဲ့သို့ အာဏာတည်စေနိုင်သော အမိန့်များကိုထုတ်ပြန်နိုင်ခွင့်နှင့် ဝန်ကြီးဌာနများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခွင့် ရှိပေသည်။ ထိုကဲ့သို့ လုပ်ပိုင်ခွင့်မျိုးသည် ပြည်သူအစစ်ထံတွင် ရှိမနေပါ။ ပြည်သူက ရွေးကောက်တင်မြှောက် ထားသော ပြည်သူ(အစိုးရ)ထံတွင်သာ ရှိပေသည်။

ပြဿနာတိုင်းတွင် ဖြေရှင်းလို့ရသည့်အပိုင်းရှိသလို ဖြေရှင်းလို့မရသည့် အပိုင်းလည်း ရှိပေလိမ့်မည်။ ထို့ကြောင့် ပြင်၍ရမည့်အပိုင်းကို အရင်ဆုံးစဉ်းစားရပေမည်။ ဘယ်လိုမှပြင်၍မရသော အပိုင်းကစပြီး စဉ်းစားလုပ်ဆောင်နေလို့ကတော့ ပတ်စာခွာဖျာသိမ်းပြီး ပြန်သွားရချိန်မှာ လက်ဆုပ်လက်ကိုင်ပြစရာ မည်မည်ရရတစ်ခုမျှ ကျန်ခဲ့လိမ့်မည်မဟုတ်ပေ။ ဆိုတော့ တစ်ခါလာလည်း ပြည်သူမှာတာဝန်ရှိတယ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်ရမယ်ဆိုပြီး ထမင်းရည်ပူလျှာလွှဲ ပြည်သူကိုပဲ အားကိုးမနေကြပါနှင့်။ ပြည်သူတွေမှာ စားဝတ်နေရေး ရုန်းကန်ရင်း အလုပ်မအားကြ၍ သူတို့ကိုယ်စားသင်တို့ကို ရွေးကောက်တင် မြှောက်ပေးခဲ့ကြခြင်းဖြစ်သည်။ ရဲရဲလုပ်၊ ရဲရဲဆုံးဖြတ်ကြပါ။ ပြည်သူအချင်းချင်း ရန်တိုက်ပေးပြီး ခေါင်းရှောင်ခဲ့ကြသည့် ယခင်အစိုးရတွေနှင့်တော့ ခြားနားကြပါစေ။ ဘာအတွက်ကြောင့် ပြည်သူမှာ တာဝန်ပိုရှိကြရမှာလဲ။   ။

  • ရမ္မာကျော်စော
  • Development Media Group

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင် (၁၅) ရက်နေ့ထုတ် Development News Journal အမှတ် (၈၉) တွင် ဖတ်ရှုနိုင်သည်။)

ဗီဒီယိုများ