အမ်းမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းတစ်ခုကို AA သိမ်းပိုက်

စွေ့ချောင်းဗျူဟာကုန်းကို AA က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တစ်လကျော်ကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

By Admin 30 Apr 2024

ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 
ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဧပြီ ၃၀

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကောင်စီ၏ ဗျူဟာကုန်း၊ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။ 

အဆိုပါဗျူဟာကုန်းကို မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တစ်လကျော်ကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက “စွေ့ချောင်းဗျူဟာကုန်းကို ဧပြီ ၂၆ ရက်ကတည်းက ရရှိထားတယ်လို့ သိရတယ်။ စစ်ကောင်စီဖက်ကတော့ အကျအဆုံးများတယ်လို့ ကြားတယ်။ စစ်ကောင်စီတပ်သားတချို့ တခြားစခန်းတွေကို ထွက်ပြေးသွားတာလည်းရှိတယ်” ဟု ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင် အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းအထဲမှ စွေ့ချောင်းဗျူဟာကုန်းကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

စွေ့ချောင်းဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ရှိပြီး အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အရေးပါသော ဗျူဟာစခန်းကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

“တိုက်ပွဲတွေက နေ့စဉ်ဆိုသလိုဖြစ်နေတယ်။ ဒီနေ့မှာလည်း မင်းဘူး-အမ်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေကြတယ်။ စစ်ကောင်စီဖက်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်” အမ်းဒေသခံတစ်ဦးက‌ ပြောသည်။

အမ်းတွင် တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးသွားလာခွင့်ကိုပိတ်ဆို့ပြီး မြို့အဝင်/အထွက်ကို တင်းကြပ်ထားမှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ