စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား

စစ်လက်နက်နှင့် စားနပ်ရိက္ခာများ တင်ဆောင်လာသော ကုန်ကားများကို အမ်း-ပဒါန်း ကားလမ်းတစ်နေရာတွင် ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းက စစ်ဆေးနေခြင်းဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

By Admin 01 May 2024

မင်းပြားတွင် AA က စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော စစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ 
မင်းပြားတွင် AA က စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော စစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ 

DMG ၊ မေ ၁ 

စစ်ကောင်စီတပ်အတွက် လက်နက်နှင့်ရိက္ခာများ တင်ဆောင်ပြီး မကွေးတိုင်းမှ ရခိုင်ပြည်သို့ မောင်းနှင်လာသည့် ကုန်တင်ကား ၂၆ စီးကို အာရက္ခတပ်တော်က တားဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

စစ်လက်နက်နှင့် စားနပ်ရိက္ခာများ တင်ဆောင်လာသော ကုန်ကားများကို အမ်း-ပဒါန်း ကားလမ်းတစ်နေရာတွင် ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းက စစ်ဆေးနေခြင်းဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“လက်နက်ကြီး၊ RPG၊ လက်နက်ငယ်တွေ ပါတယ်။ တခြားရိက္ခာတွေနဲ့ ရောယူလာတာ။ ကားမောင်းသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ပါတယ်။ ကားသမားတွေကလည်း သူတို့ကို စစ်ကောင်စီက အတင်းခေါ်လာတာလို့ ဖြေကြတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အမ်း - ပဒါန်းကားလမ်းသည် မကွေးတိုင်းနှင့် ရခိုင်ပြည်ကို ဆက်သွယ်ထားသောလမ်းဖြစ်ပြီး စစ်ကောင်စီက စစ်ရေးအရအသုံးချနေသဖြင့် ပြီးခဲ့သည့် ဧပြီလ ၂ ရက်မှစ၍ AA က အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။  

အဆိုပါကုန်ကားများမှာ တိုက်ပွဲပြင်းထန်နေသည့် နေရာများနှင့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) သို့ ထောက်ပို့လာခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။ 

ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က နပခနှင့် အမ်း - ပဒါန်းကားလမ်းရှိ AA စစ်ဆေးရေးဂိတ်ကြားတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

“ကားတွေက နပခကို ရိက္ခာတွေ လာပေးတာ။ ကားထဲမှာ လူအင်အားတော့ မပါဘူး။ ရိက္ခာတွေပဲ ပါတယ်။ အဲဒီကားတွေ အမ်းဘက်ကို ဝင်လာတဲ့အချိန်မှာ စစ်လေယာဉ်တွေ အပေါ်ကဝဲပြီး လိုက်လာတာရှိတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်အား သိမ်းပိုက်ရရှိရေးအတွက် AA က စစ်ကောင်စီအသုံးပြုသည့် လမ်းကြောင်းများအား ပိတ်ဆို့ကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီကလည်း နည်းမျိုးစုံဖြင့် ပစ်ကူ၊ ထောက်ပို့များ ပေးနေလိမ့်မည်ဟု ရခိုင်နိုင်ငံရေးသမားများက သုံးသပ်ကြသည်။ 

“ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းက အရေးကြီးလာတယ်။ အဲဒါကြောင့် တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်မကျစေဖို့ ရတဲ့နည်းနဲ့စစ်ကူပေးနေတယ်လို့ မြင်တယ်။ အဲဒီလိုသာ မလုပ်ပေးခဲ့ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ငတ်ပြတ်ပြီးတော့ အလိုအလျောက် အလင်းဝင်သွားကြမယ့် အခြေအနေရှိတယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်း၊ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာကုန်းကို AA က အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်နေကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံလျက်ရှိသည်။ 

ဗီဒီယိုများ