စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းမြို့နယ်တွင် အရပ်သားနှစ်ဦး ဒဏ်ရာရ 

အမ်းအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၃)တပ်ရင်းမှ ဧပြီ ၂၈ ရက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ရွာအတွင်းကျရောက်၍ ကိုမောင်မြင့်ဇော် (၁၉ နှစ်)နှင့် ဒေါ်မညွှန့်ဦး (၅၂ နှစ်) တို့ ဒဏ်ရာရရှိသွားပြီး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားခဲ့သည်။ 

By Admin 29 Apr 2024

စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းမြို့နယ်တွင် အရပ်သားနှစ်ဦး ဒဏ်ရာရ 

DMG ၊ ဧပြီ ၂၉

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အမ်းအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၃)တပ်ရင်းမှ ဧပြီ ၂၈ ရက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ရွာအတွင်းကျရောက်၍ ကိုမောင်မြင့်ဇော် (၁၉ နှစ်)နှင့် ဒေါ်မညွှန့်ဦး (၅၂ နှစ်) တို့ ဒဏ်ရာရရှိသွားပြီး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားခဲ့သည်။ 

“လက်နက်ကြီးပစ်သံကြားလို့ သွားပုန်းကြတာမှာ ရွာထဲလက်နက်ကြီးကျလို့ ကျည်စထိမှန်သွားတာ။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ခမရ (၃၇၃)တပ်ရင်းမှ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။ 

ပြီးခဲ့သည့် ဧပြီ ၉ ရက်ကလည်း အဆိုပါတင်းရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမ်းမြို့နယ်၊ ကြောင်ဖြူကွင်းကျေးရွာမှ အသက် (၁၀)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့သည်။ 

“လက်နက်ကြီးပစ်ခတ်မှုက နေ့စဉ်ရှိတော့ မြေပြင်မှာ အရပ်သားထိခိုက်သေဆုံးမှုတွေ အများအပြားရှိနိုင်တယ်။ ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အချိန်နဲ့တပြေးညီ မသိနိုင်တာ” ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား မတ်လ ၂၄ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ 

စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ ကဇုကိုင်းရှိ ပွိင့် ၂၉၉ စခန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းထဲမှ တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက်ထာပြီး ဖြစ်သည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လကျော် ကြာမြင့်လာပြီး စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်၊ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လျက် ရှိသည်။

ဗီဒီယိုများ