စစ်တွေ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ALP ပြော

စောမြရာဇာလင်ဦးဆောင်သည့် ALP စည်းရုံးရေးဌာနမှ ခိုင်အောင်နိုင်က “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန” Facebook Page မှတစ်ဆင့် ငြင်းဆိုလာခြင်း ဖြစ်သည်။

By Admin 03 Jun 2024

ALP သည် NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်လျက်ရှိသည်။
ALP သည် NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်လျက်ရှိသည်။

DMG ၊ ဇွန် ၃ 

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် ALP တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိသည်ဟု ပြောဆိုရေးသားမှုများမှာ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)က ယနေ့ထုတ်ပြန်သည်။ 

စောမြရာဇာလင်ဦးဆောင်သည့် ALP စည်းရုံးရေးဌာနမှ ခိုင်အောင်နိုင်က “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန” Facebook Page မှတစ်ဆင့် ငြင်းဆိုလာခြင်း ဖြစ်သည်။

“ဗျိုင်းဖြူရွာကိစ္စမှာ ကျနော်တို့ပါတီကို မတရားဆွဲသွင်းထားပြီးတော့ သတင်းတုတွေကို ကြောက်မက်ဖွယ်ရာ ဖန်တီးထားကြတာကို တွေ့ရပါတယ်။ ဒီအချက်အလက်တွေဟာ ကျနော်တို့ပါတီနဲ့ လူထုကို ခွဲတိုက်နေတာ ဖြစ်တယ်။ Lucky ဆိုတဲ့ လူတစ်ယောက်ဖန်တီးထားတဲ့ သတင်းတုနဲ့ ခိုင်သုခက နိရဉ္စရာသတင်းဌာနအင်တာဗျူးမှာ ကျနော်တို့ပါတီအပေါ် မတရားဆွဲသွင်းမှုတွေကို ကျနော်တို့ ပါတီအနေနဲ့ လုံးဝရှုတ်ချတယ်” ဟု ခိုင်အောင်နိုင်က ပြောသည်။ 

ယင်းအပြင် သတင်းဌာနများနှင့် AA လော်ဘီများကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ထပ်ပိုင်းခေါင်းဆောင်များကို မတတရားအမည်ဖျက်ကာ မဟုတ်အမှန်သတင်းများ ဖန်တီးနေသည်ဟု ဆိုသည်။ 

ဗျိုင်းဖြူရွာလူသတ်မှုဖြစ်စဉ်တွင် ALP တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း၊ ပါဝင်ခဲ့သူများရှိပါက သက်သေပြရန်နှင့် ထိုကျူးလွန်ခဲ့သူကို ပါတီ၏ဉပဒေအတိုင်း ထိရောက်စွာ အရေးယူသွားမည်ဟု ခိုင်အောင်နိုင်က ဆက်ပြောသည်။

“ကျနော်တို့က ဘာအကျိုးအမြတ်ကြောင့် ဗျိုင်းဖြူရွာကလူတွေကို သတ်ရမှာလဲ။ ကျနော်တို့က ရခိုင်သား မဟုတ်ဘူးလား။ ကျနော်တို့က ဒီနေ့အထိ ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူလူထုအတွက် အလုပ်လုပ်နေတာဖြစ်တယ်။ ဗျိုင်းဖြူရွာက လူတွေကို ALP သတ်တယ်ဆိုတာ အသိမရှိတဲ့လူတွေကို ပြောရင် ယုံကြလိမ့်မယ်။ အထူးသဖြင့် လော်ဘီတွေ ယုံကြလိမ့်မယ်။ လူကြီးလူကောင်းတွေဆိုရင် မယုံဘူး” ဟု သူက ပြောသည်။

ဗျိုင်းဖြူရွာမှ အမျိုးသား၊ အမျိုးသမီး (၅၃) ဦးကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခဲ့ခြင်း၊ အဓမ္မပြုကျင့်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း AA က ဇွန်လ (၂) ရက်တွင် ထုတ်ပြန်သည်။

ဗျိုင်းဖြူရွာမှ အမျိုးသား၊ အမျိုးသမီး (၅၃) ဦးကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခဲ့ခြင်း၊ အဓမ္မပြုကျင့်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း AA က ဇွန်လ (၂) ရက်တွင် ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှအင်အားများ၊ စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)မှ တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်အပါအဝင် အင်အား (၁၇၀) ကျော်သည် မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူရွာထဲဝင်ရောက်ပြီး ကလေး၊ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တစ်ရွာလုံးကို ဖမ်းဆီးခဲ့သည်။ 

ယင်းနောက် လက်ပြန်ကြိုးတုပ်ပြီး နေပူလှန်းထားခြင်း၊ အစာရေစာမကျွေးဘဲထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို အဆင့်ဆင့် ရက်စက်စွာပြုလုပ်ခဲ့ပြီး အပြစ်မဲ့အရပ်သား ၅၃ ဦးကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း AA နှင့် ဒေသခံများက ပြောသည်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့သူများအားလုံးကို လက်စားချေ တုံ့ပြန်သွားမည်ဟု အာရက္ခတပ်တော် (AA) က သတိပေးထားသည်။

(ပြင်ဆင်ချက် - AA ၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရသူ (၇၆) ဦးထိရှိကြောင်း သိရသည်။)

ဗီဒီယိုများ