ရခိုင်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားမှု အားနည်းနေဆဲ

စစ်အာဏာသိမ်းမှု၏ အကျိုးဆက်နှင့် တကျော့ပြန်တိုက်ပွဲတို့ကြောင့် စီးပွားရေးကျပ်တည်းကာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဒဏ်ကို ယနေ့အထိ ရင်ဆိုင်နေကြရပြီး အလုပ်သမားများမှာလည်း ရပိုင်ခွင့်အခွင့်အလမ်းများ ဆုံးရှုံးနေရသည်။

By Admin 21 Jan 2023

ရခိုင်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားမှု အားနည်းနေဆဲ

စစ်တွေမြို့ သင်္ဘောဆိပ်၌ ကုန်တင်ကုန်ချ အလုပ်သမားများကို တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး အလုပ်သမားရေးရာ ကူညီပံ့ပိုးရေးစင်တာသို့ တိုင်ကြားလာသည့်အမှုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ၄၃ မှုသာ ရှိခဲ့ကြောင်း သိရသည်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားလာခြင်းမှာ ရခိုင်ပြည်ရှိ လူဦးရေနှင့် နှိုင်းယှဉ်ပါက အလွန်နည်းသော တိုင်ကြားမှုပမာဏဖြစ်သည်ဟု အလုပ်သမားရေးရာ ကူညီပံ့ပိုးရေးစင်တာ ရခိုင်ပြည်မြောက်ပိုင်း တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကပြောသည်။

ထိုသို့ တိုင်ကြားလာသည့် အမှုများထဲတွင် အလုပ်သမား လျော်ကြေးငွေတောင်းခံမှု၊ လုပ်အားခ ရလိုမှု၊ အလုပ်ချိန်နှင့်ပတ်သက်၍ ဥပဒေအကြံဉာဏ်တောင်းခံမှုနှင့် အလုပ်သမားများ၏ ခွင့်ရက်ရလိုမှုတို့ ပါဝင်ကြောင်း သိရသည်။

“ရခိုင်ပြည်မှာ အလုပ်အကိုင်တွေ ရှားပါးလာတယ်။ အဲဒါကြောင့် အလုပ်သမားအခွင့်အရေးတွေလည်း ချိုးဖောက်ခံရမှုတွေ ရှိလာတာဖြစ်တယ်။ ပြီးတော့ လူကုန်ကူးခံရတာတွေလည်း ရှိနေတယ်။ ပြည်ပကိုသွားပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြတဲ့အခါမှာလည်း မိဘတွေနဲ့ အဆက်အသွယ်မရတာမျိုးတွေလည်း ရှိကြတယ်”ဟု ဒေါ်မြသူဇာက DMG သို့ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း တိုင်ကြားလာသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ၄၃ မှုထဲတွင် လူကိုယ်တိုင် တိုင်ကြားမှု ၄၁ မှုရှိခဲ့ပြီး ကျန်အမှုမှာ ဖုန်းဖြင့် အကြံဉာဏ်တောင်းခံခဲ့ခြင်းဖြစ်သည်။ လူကိုယ်တိုင် တိုင်ကြားမှု ၄၁ မှုထဲမှ ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းခံလာမှု ၁၁ မှုနှင့် လုပ်အားခရလိုမှု ၁ မှုကို ကြားခံညှိနှိုင်းပေးခြင်း၊ တရားစွဲအရေးယူခြင်း စသည့်နည်လမ်းများဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း အလုပ်သမားရေးရာ ကူညီပံ့ပိုးရေးစင်တာမှ သိရသည်။

စစ်အာဏာသိမ်းမှု၏ အကျိုးဆက်နှင့် တကျော့ပြန်တိုက်ပွဲတို့ကြောင့် ရခိုင်ဒေသအတွင်း စီးပွားရေးကျပ်တည်းကာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဒဏ်ကို ယနေ့အထိ ရင်ဆိုင်နေကြရပြီး အလုပ်သမားများမှာလည်း ရပိုင်ခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း ဒေသခံများကပြောသည်။

ပုဂ္ဂိလိက ချေးငွေလုပ်ငန်း ဝန်ထမ်းတစ်ဦးက “အရင်ကဆိုရင် အလုပ်အကိုင်တွေလည်း အဆင်ပြေတယ်။ အခုက ကိုဗစ်တွေ၊ စစ်ပွဲတွေ ဖြစ်တာကြောင့် ငွေချေးတဲ့လူတွေအနေနဲ့လည်း မဆပ်နိုင်ကြဘူး။ ချေးငွေ ပြန်မဆပ်နိုင်ကြတော့ ကုမ္ပဏီအနေနဲ့ လည်ပတ်နိုင်ဖို့ မနည်းရုန်းကန်နေရတယ်။ အဲဒီတော့ ကျမတို့ဝန်ထမ်းတွေ အနေနဲ့လည်း လစာတိုးတောင်းဖို့ အခက်အခဲဖြစ်သွားတယ်”ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး အလုပ်အကိုင်ရှာဖွေသူများ နေ့စဉ်တိုးလာနေသည်။

ရခိုင်ဝါရင့် စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက “ဝင်ငွေမရှိတော့ ဝန်ထမ်းတွေကို လစာပေးဖို့အတွက် မရှိမဖြစ် ဝန်ထမ်းတွေလောက်ပဲထားပြီး ကျန်တဲ့ဝန်ထမ်းတွေကို အလုပ်အကိုင်နားခိုင်းလိုက်ရတယ်။ သူတို့ကို သင့်တော်တဲ့ ထောက်ပံ့ကြေးလောက်ပေးပြီး နားခိုင်းလိုက်ရတယ်”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ကိုဗစ်နှင့် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ခွဲကျော်ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးမှု အများဆုံး ရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းခွင်အတွင်း အလုပ်ရရှိမှု ၁ ဒသမ ၁ သန်း နည်းပါးသွားကြောင်း သိရသည်။

၂၀၂၂ ခု နှစ်လည်ပိုင်းမှစ၍ အလုပ်အကိုင်အခြေအနေမှာ အနည်းငယ် ကောင်းမွန်လာသော်လည်း ၂၀၂၀ အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေသေးကြောင်းနှင့် ထိုကာလအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများမှာ အလုပ်လက်မဲ့အဖြစ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ILO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#I001

ဗီဒီယိုများ