တစ်ပတ်အတွင်း ရခိုင်သတင်းများ (ဒီဇင်ဘာ ၁၅ မှ ၂၃ ထိ)

ရသေ့တောင်မြို့နယ်(တောင်ပိုင်း) ကူတောင်နယ်မြေအတွင်းရှိသည့် ကျေးရွာ(၁၉)ရွာမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၁၉)ဦးမှာ စစ်ကောင်စီထံ ရာထူးမှ နုတ်ထွက်စာတင်လိုက်ကြသည်။ စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ကြားတွင် ကျေးရွာအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာ၌ အကျပ်အတည်းများ ဖြစ်လာသည့်အတွက် မိမိသဘောဆန္ဒအလျောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နုတ်ထွက်စာ တင်လိုက်ကြခြင်းဖြစ်သည်။

By Khin Tharaphy Oo 25 Dec 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများ (ဒီဇင်ဘာ ၁၅ မှ ၂၃ ထိ)

 ဒီဇင်ဘာ (၁၅) ရက်

၁) ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုထားကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။

၂) စစ်တွေမြို့တွင် စစ်ကောင်စီက ဦးဆောင်ပြုလုပ်သည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသာ တက်ရောက်ကြပြီး ဒေသခံပြည်သူများ လာရောက်မှု နည်းပါးခဲ့သည်ကို တွေ့ရသည်။

၃) ရခိုင်ပြည်က နာတာရှည်ရောဂါ ခံစားနေရသည့် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်။ စစ်ဘေးရှောင်စခန်းများအတွင်း နာတာရှည်ရောဂါ ခံစားနေရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသောကြောင့် အခမဲ့ဆေးခန်းများတွင် ဆေးသွားရောက်ကုသနေရပြီး ရောဂါသက်သာခြင်း မရှိသူများသည် ဆေးရုံ၊ဆေးခန်းများ၌ ဆေးကုသမှုခံယူနိုင်ရန် အကူအညီလိုအပ်နေခြင်းဖြစ်သည်။

၄) မင်းပြားမြို့မစျေးအနီးရှိ စျေးချောင်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု များပြားလာနေသောကြောင့် ရေစီး၊ရေလာ ပိတ်ဆို့မှုဖြစ်ပေါ်ပြီး ချောင်းတိမ်ကောလာနေကြောင်း စုံစမ်းသိရှိရသည်။ စျေးချောင်းသည် လေးမြို့မြစ်၊ (ဒေသအခေါ်-ရာမောင်မြစ်)မှ ဖြတ်ဝင်နေသည့် ချောင်းတက်တစ်ခုဖြစ်ပြီး ယင်းစျေးအနီးမှ ကင်းဆိပ်ရပ်ကွက်အထိ မြို့ပေါ်ရပ်ကွက်များသို့ ဖြတ်သန်းစီးဝင်နေခြင်းဖြစ်ကာ အရှည်တစ်မိုင်ခန့်နှင့် အကျယ် ပေ ၅၀ ကျော်ရှိသည်။

 ဒီဇင်ဘာ (၁၆) ရက်

၁) ရသေ့တောင်မြို့နယ်(တောင်ပိုင်း) ကူတောင်နယ်မြေအတွင်းရှိသည့် ကျေးရွာ(၁၉)ရွာမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၁၉)ဦးမှာ စစ်ကောင်စီထံ ရာထူးမှ နုတ်ထွက်စာတင်လိုက်ကြသည်။ စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ကြားတွင် ကျေးရွာအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာ၌ အကျပ်အတည်းများ ဖြစ်လာသည့်အတွက် မိမိသဘောဆန္ဒအလျောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နုတ်ထွက်စာ တင်လိုက်ကြခြင်းဖြစ်သည်။

၂) ရခိုင်ပြည်တွင် မကြာခဏဆိုသလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည့်အတွက် ထင်းနှင့်မီးသွေး ရောင်းအားမှာ ယခင်ကထက် ပိုကောင်းလာနေသည်။ ယခင်က လျှပ်စစ်မီးမရရှိသေးသည့် နေရာများကသာ ထင်းနှင့်မီးသွေးကို အများဆုံး ဝယ်ယူအသုံးပြုကြသော်လည်း လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များကပါ ဝယ်ယူသုံးစွဲနေရသည့်အတွက် ရောင်းအားကောင်းလာနေခြင်းဖြစ်သည်။

 ဒီဇင်ဘာ (၁၇) ရက်

၁) မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ UNESCO မှ ပညာရှင်များ လာရောက်ကွင်းဆင်း စစ်ဆေးချိန်တွင် အဆင်သင့်လေ့လာနိုင်စေရန်အတွက် ရှေးဟောင်းအမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းများကို ကြိုတင်စိစစ်မှုများ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ လက်ရှိမှာ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင် ရက္ခိုင့်တပ်တော်တို့ အပစ်ရပ်စဲထားသော်လည်း ရှေးဟောင်းမြောက်ဦးမြို့သို့ ပြည်တွင်းပြည်မမှ လာရာက်လည်ပတ်သူများမှာ အလွန်နည်းပါးလျက်ရှိနေသည်။

၂) စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရခိုင်ပြည်တွင် ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်း စစ်ဆေးသွားမည်ဖြစ်ပြီး ရောင်းချ၍တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။

၃) ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိသည့် ပေါက်တောမြို့နယ်၊ မြေငူကျွန်းမှ သဲခုံကျေးရွာသား များသည် ဆားငံရေကို သောက်သုံးနေရသည့်အတွက် ရွာသား ၃၀ ခန့် ဝမ်းရောဂါဖြစ်ပွားနေကြသည်။ ယခုနှစ် အောက်တိုဘာလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် သဲခုံကျေးရွာကို ပင်လယ်ရေများ ဝင်သွားသည့်အချိန်မှစ၍ ပုံမှန်သုံးစွဲနေကြသည့် ရေတွင်းထဲမှရေများမှာ ဆားငံရေအဖြစ် ပြောင်းလဲသွားပြီး ရေတွင်းအသစ် ထပ်မံတူးဖော်လျှင်လည်း ဆားငံရေများသာ ထွက်နေကြောင်း ရွာသားများကပြောသည်။

 ဒီဇင်ဘာ (၁၈) ရက်

၁) ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်မှုမှာ မရှိသလောက် နည်းပါးနေပြီဖြစ်သော်လည်း အကျဉ်းထောင်အသီးသီးက အကျဉ်းသားများနှင့် အချုပ်သားများသည် မိမိတို့၏ မိသားစုနှင့် ထောင်ဝင်စာ တွေ့ဆုံခွင့် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

၂) ပလက်ဝမြို့နယ်တွင် လယ်သမားတချို့၏ ရိတ်သိမ်းချိန်တန်စပါးများကို လယ်ကြွက်များက စားသောက်ဖျက်ဆီးခဲ့သည့်အတွက် စပါးအထွက်နှုန်း ထပ်မံကျဆင်းရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ယခုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် လယ်ယာစိုက်ခင်းတချို့ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ယခုကဲ့သို့ လယ်ကြွက်များ၏ အန္တရာယ်ကြောင့် ဖြစ်ထွန်းပြီးကျန်ရှိခဲ့သည့် စပါးများမှာ ထပ်မံဆုံးရှုံးရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

၃) ပုဏ္ဏားကျွန်းမြို့နယ်တွင် တာဝန်မှနုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်နေသော်လည်း ဝင်ရောက်လုပ်ကိုင်လိုသူများ မရှိကြောင်းသိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၇၀) ကျော်သည် နိုဝင်ဘာလ(၁၅)ရက်နေ့က မိမိဆန္ဒအရ ရာထူးမှနုတ်ထွက်သွားကြပြီး ဒီဇင်ဘာလ ၁၆ ရက် နေ့ကလည်း ရသေ့တောင်မြို့နယ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်စာတင်ခဲ့ကြသည်။

 ဒီဇင်ဘာ (၁၉) ရက်

၁) ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက်မျက်စိတွင် တိမ်စွဲကပ်နေ၍ ပြင်ပဆေးရုံများတွင် ခွဲစိတ်ကုသခွင့်ရရန် ကာယကံရှင်ကိုယ်တိုင် တောင်းဆိုထားသော်လည်း ဆေးကုသခွင့် မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

၂) မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွှေတောင်(မြို)ကျေးရွာသားနှစ်ဦးမှာ တောထဲသို့ဝါးခုတ်သွားစဉ် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။ ၎င်းတို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျေးရွာမြောက်ဘက် ၆ မိုင်ခန့် ကွာဝေးသည် တောင်တန်းသို့ ဝါးခုတ်သွားခဲ့ပြီး နေအိမ်ကိုပြန်မရောက်ဘဲ ပျောက်ဆုံးနေသောကြောင့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရွာသားများက လိုက်လံရှာဖွေရာ ရုပ်အလောင်းများကို မြေမြှုပ်၍ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၃) ကျောက်တော်မြို့နယ်၊ ကာဒီ(ခ)သဇင်ကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းကို ကြီးလေးသည့် စစ်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၁ ဖြင့် စစ်တွေမြို့နယ်တရားရုံး၌ ထပ်မံတရားစွဲဆိုလိုက်သည်။ ၎င်းအား အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက်တောင်ခြေရင်းရှိ ခမရ ၅၃၉ တပ်ရင်းမှ ဖုန်းဆက်ခေါ်၍ အပေါက်ဝကျေးရွာမှ ကိုမောင်ချေနှင့်အတူ သွားရောက်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်သည်ဟုဆိုကာ ဒီဇင်ဘာလ ၆ ရက်နေ့က မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁)ဖြင့် စစ်တွေတရားရုံး၌ အမှုဖွင့်ခဲ့သည်။

၄) စစ်တွေမြို့အတွင်း လမ်းဘေးစက်သုံးဆီဆိုင်ငယ်များ တဖြည်းဖြည်း များလာနေသည့်အတွက် မီးဘေးအန္တရာယ်ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ စက်သုံးဆီဆိုင်ကြီးများတွင် မကြာခဏ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာပြီးနောက် မြို့အတွင်းက ‌နေရာအနှံ့အပြားမှာ လမ်းဘေးစက်သုံးဆီဆိုင်ငယ်များ အများအပြား ရှိလာနေခြင်းဖြစ်သည်။

 ဒီဇင်ဘာ (၂၀) ရက်

၁) ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်သည့် မဟာမြတ်မုနိဘုရားရင်ပြင်ပေါ်မှ သေနတ်သံ ၆ ချက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့ကြား အပစ်ရပ်စဲထားသော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေ၍ ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြသည်။

၂) ပေါက်တောမြို့နယ်၊ ချောင်းဝကျေးရွာတွင် ဆိုလာစနစ်ဖြင့် အခြောက်ခံကာ ထုတ်လုပ်ရောင်းချနေသော ငါးခြောက်များမှာ ရောင်းအားမကောင်းသည့်အတွက် ပုံမှန်လည်ပတ်ရန် အခက်အခဲဖြစ်နေကြသည်။ ယခုနှစ် အောက်တိုဘာလမှစတင်ကာ အကောင်အထည်ဖော်ဆောင်ခဲ့သည့် ဆိုလာစနစ်ဖြင့် ငါးခြောက်လှန်းလုပ်ငန်းတွင် ကုန်စိမ်းများရှိသော်လည်း ငါးခြောက်များကို ဝယ်ယူသူနည်းပါးသဖြင့် အခက်အခဲများ ရှိနေခြင်းဖြစ်သည်။

၃) ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် ရခိုင်ပြည်အတွင်းမှ မြို့နယ်များတွင် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ကာ အိမ်တိုင်ရာရောက် (အိမ်ထောင်စု)လူဦးရေစာရင်း ကောက်သွားမည် ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

၄) ဘူးသီးတောင်မြို့နယ်၊ င/ကျည်တောက်ကျေးရွာနှင့် အောင်လံပြင်ကျေးရွာအကြားတွင် တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးနေသည့် မွတ်ဆလင်နှစ်ဦး၏အလောင်းကို ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၉ နာရီကျော်ခန့်တွင် ဒေသခံများက တွေ့ရှိခဲ့ကြသည်။

 ဒီဇင်ဘာ (၂၁) ရက်

၁) ရခိုင့်တော်လှန်ရေးခေါင်းဆောင်ကြီးများ၏ သမိုင်းမှတ်တမ်း ဓာတ်ပုံပြပွဲတစ်ခုကို စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဦးဆောင်ပြုလုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ ၃၄ နှစ်တာကာလအတွင်း ရခိုင့်တော်လှန်ရေးခေါင်းဆောင်များ၏ ရှားပါးဓာတ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။

၂) ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးဘုရားအနီးရှိ မြို့အဝင်/အထွက်ဂိတ်တွင် ကျန်းမာရေးကိစ္စနှင့် သွားလာရသည့် အရေးပေါ်လူနာများကို မြန်မာစစ်တပ်က အချိန်ကြာမြင့်စွာ စစ်ဆေးမှုများပြုလုပ်နေသဖြင့် ဒေသခံများမှာ အခက်အခဲနှင့်ကြုံတွေ့နေရသည်။ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်ကို အရေးပေါ် ကျန်းမာရေးကိစ္စမှလွဲ၍ ကျန်အချိန်များတွင် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ ဖြတ်သန်းသွားလာခွင့် ပြုထားသည်။

၃) မြေပုံမြို့နယ်ရှိ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း၌ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် (၁၇၉)ဦးမှာ မြေကြီးပေါ်တွင် တာပေါ်လင်စခင်းကာ နေထိုင်အိပ်စက်နေကြရသည်။ အလှူရှင်များနည်းပါးသဖြင့် တဲအိမ်များဖြင့် နေရာချပေးနိုင်ခြင်း မရှိသေးသည့်အတွက် တာပေါ်လင်စတို့ကို အသုံးပြု၍ နေထိုင်ရန် စီစဉ်ပေးထားရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

 ဒီဇင်ဘာ (၂၂) ရက်

၁) ရခိုင့်အနုပညာလောကတွင် ထင်ရှားသည့် တေးရေးဆရာတစ်ဦးဖြစ်သူ ဂီတစာဆို ကိုဒိုးမောင် (၇၇ နှစ်) မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်က ကွယ်လွန်သွားခဲ့သည်။ ကိုဒိုးမောင်သည် “သာသနာ့အမွီခံ၊ ငယ်ပေါင်း၊ တောင်စိုင်ရွာမိုး၊ ကျွန်းသားမှာလေ့ အသည်းနဲ့ပါ၊ ချစ်ကံကောင်း”စသည့် ကျော်ကြားသော တေးသီချင်းပေါင်းများစွာကို ရေးစပ်သီကုံးခဲ့သူဖြစ်သည်။

၂) မာန်အောင်မြို့တွင် အုန်းသီးမှ ကုန်ချောပစ္စည်းထုတ်လုပ်မည့် စက်ရုံမှာ ကုန်ကြမ်းအလုံအလောက် မရရှိသည့်အတွက် ပုံမှန်မလည်ပတ်နိုင်သေးကြောင်း မာန်အောင်ရတနာကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။ မာန်အောင်၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့်မြို့နယ်တို့မှထွက်ရှိသော အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်သည်များက ဈေးကောင်းပေးပြီး ဝယ်ယူမှုရှိနေသဖြင့် ကုန်ကြမ်းရရှိရန် အခက်အခဲရှိနေခြင်း ဖြစ်သည်။

၃) ရခိုင်ရှိ မြို့နယ်အချို့တွင် ပြည်နယ်စစ်ကောင်စီ၏ ဉီးဆောင်မှုဖြင့် ရောင်းချပေးနေသော စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို အရပ်သားများက ဝယ်ယူသုံးစွဲမှုအားနည်းသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီမှ ရောင်းချခြင်း ဖြစ်သည့်အတွက် အရပ်သားများက မနှစ်သက်၍ ဝယ်ယူသူနည်းပါးခြင်းဖြစ်သည်။

၄) ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာတွင် ရေနစ်သေဆုံးနေသည့် မိသားစုသုံးဦး(အမျိုးသမီး)၏ အလောင်းများကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့သုံးဦးမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရွာအပြင် ချောင်းနံဘေးတွင်ရှိသည့် ဥယျာဉ်ခြံမြေအတွင်း ရေလောင်းရန်သွားစဉ် ချောင်းထဲသို့ပြုတ်ကျကာ ရေနစ်သေဆုံးသွားခြင်းဖြစ်သည်။

 ဒီဇင်ဘာ (၂၃) ရက်

၁) ရခိုင်မှာ ယခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်ခြင်းကြောင့် စပါးအထွက်နှုန်း ထက်ဝက်ခန့်ကျဆင်းခဲ့ရပြီး စစ်ရေးပဋိပက္ခကြောင့် လယ်ယာမြေများကို ကောင်းစွာမလုပ်ကိုင်နိုင်ဘဲ နေရပ်စွန့်ခွာထွက်ပြေးနေရ၍ လယ်သမားများမှာ စိုက်ပျိုးရေးစရိတ်ချေးငွေများကို ပြန်လည်ပေးသွင်းနိုင်မည့် အနေအထားမရှိ ဖြစ်နေကြသည်။

၂) မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများကပြောသည်။ ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးသော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းကြသည်။

၃) မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့ရန် သဘောတူစာချုပ်ပါ ဆန်တန်ချိန် ၂ သိန်းကို ယခုလအတွင်း စတင်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။ တင်ပို့မည့် ဆန်တန်ချိန်များကို ရန်ကုန်မြို့ ရွှေမဲဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ပုသိမ်ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့မှ MRF က ဦးဆောင်ကာ တင်ပို့သွားမည်ဖြစ်သည်။

၄) စစ်ကောင်စီက ၁ လကျော်ကြာ မတရားဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ဦးဇေယျကျော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ဦးဇေယျကျော်ကို တောင်ကုတ်အခြေစိုက် စကခ(၅) တပ်မတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ရက်ပေါင်း ၄၅ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဗီဒီယိုများ