တစ်ပတ်အတွင်း ရခိုင်သတင်းများ

၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က အသတ်ခံခဲ့ရသော ဒေသခံ ၉ ဦးအတွက် ရည်စူးကာ ကျေးရွာသားများက ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်။

By Admin 11 Dec 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများ

ဒီဇင်ဘာ (၁) ရက်

၁) မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ရပ်စဲထားသော်လည်း အငူမော်-မောင်တော ကားလမ်းကို ပိတ်ပင်ထားဆဲဖြစ်သည့်အတွက် မောင်တောနယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၅ ရာခိုင်နှုန်းသာ လည်ပတ်နိုင်သေးကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

၂) ရခိုင်က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါတောမြို့နယ်တို့တွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ်ကို စမ်းသပ်စိုက်ပျိုးမှုမှာ ၇၅ ရာခိုင်နှုန်းခန့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း တောင်သူများထံမှ သိရသည်။

၃) မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ (မွတ်ဆလင်)ကျေးရွာမှ ဒေသခံတစ်ဦးမှာ နိုဝင်ဘာလ ၃၀ ရက်နေ့က ဈေးဝယ်နေစဉ် ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံရပြီး မောင်တောခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ပစ်ခတ်သူမှာ ငါးစားကြူးကျေးရွာကဖြစ်ပြီး အပစ်ခံရသူနှင့် ယခင်က လူမှုရေးကိစ္စများကြောင့် ရန်ဖြစ်ဖူးသူဖြစ်ကြောင်း သိရသည်။

၄) ရခိုင်ပြည်၊ ကျောက်တော်နှင့် မောင်တောမြို့နယ်ရှိ မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်များတွင် ပျောက်ဆုံးနေသော ဒေသခံသုံးဦးဖြစ်သည့် ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ မအေးမြစန္ဒာနှင့် ကိုမောင်မောင်ကျော်တိုကို လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

၅) မြန်မာစစ်တပ်နှင့် AA တို့ နှစ်ဖက်အပစ်ရပ်စဲထားကြသည့် ရခိုင်တွင် စစ်ကောင်စီတပ်များက စစ်ရေယာဉ်(နေဗီ)များဖြင့် ရိက္ခာပို့သယ်ယူပို့ဆောင်ခြင်း၊ စစ်သည်ရွေ့ပြောင်းခြင်းများကို ပိုမိုလုပ်ဆောင်နေပြီး စစ်ကြောင်းထွက်ခြင်းများလည်း ရှိနေဆဲဖြစ်သည်ဟု ဒေသအတွင်း သတင်းရင်းမြစ်များထံက သိရသည်။

၆) စစ်ရေးပဋိပက္ခကြောင့် စပါးမရိတ်သိမ်းရသေးသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များရှိ စပါးခင်းများကို ရက္ခိုင့်တပ်တော် (AA) က ကူညီရိတ်သိမ်းပေးနေသည်။

ဒီဇင်ဘာ (၂) ရက်

၁) ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာ(မွတ်ဆလင်)မှ အမျိုးသားတစ်ဦးမှာ ဒီဇင်ဘာလ ၂ ရက်နေ့က ကျေးရွာအနောက်ဖက် ၁ မိုင်ခန့်အကွာရှိ မေယုတောင်သို့ ထင်းခုတ်သွားစဉ် လယ်ကွင်းတွင်မိုင်းနင်းမိပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

၂) ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် တို့ကြား အပစ်ရပ်စဲထားသော်လည်း NGO/INGO အဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး လက်ရှိမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးများကို စစ်ကောင်စီက ကန့်သတ်ထားသည်မှာ လေးလကျော်အထိရှိလာနေပြီဖြစ်သည်။

၃) မြေပုံမြို့နယ်၊ င/ပုသုန်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။ နိုဝင်ဘာလ ၂၈ ရက်နေ့က ရွာနှင့်တစ်မိုင်ကျော်ဝေးသည့် ပိုက်ဆိပ်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲသို့သွားပြီး ပြန်အလာ ညနေ ၅ နာရီခန့်က လမ်းတွင်သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

၄) ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်၊ ကျောက်တင်ဆိပ် တာဘောင်အနီးရှိ ချောင်းအတွင်းတွင် သေဆုံးနေသော အမည်မသိ အမျိုးသားအလောင်းတစ်လောင်းကို ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ရှိခဲ့ကြသည်။

ဒီဇင်ဘာ (၃) ရက်

၁) မသန်စွမ်းသူများကို ဥပဒေအရကာကွယ်ပေးရန်နှင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်လမ်းမျး ပိုမိုဖန်တီးပေးရန်အတွက် မသန်စွမ်းသူများနှင့် လူမှုအဖွဲ့အစည်းများက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းများနေ့တွင် တောင်းဆိုလိုက်သည်။

၂) မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်း(မြို)ကျေးရွာမှ ဒေသခံတစ်ဦးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ကျေးရွာတောင်ဖက်တွင်ရှိသည့် တောင်ကုန်းသို့ ငါးမျှားတံခုတ်ရန်သွားစဉ် မိုင်းနင်းမိကာ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။

၃) မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်က မြန်မာစစ်တပ်ဘက်မှ ပိတ်ထားခဲ့သည့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းမကြီးကို ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာ ကြားတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာစစ်တပ်ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီးနောက်တွင် မြန်မာစစ်တပ်မှ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

၄) ဂွမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသော်လည်း ဘောလုံးကွင်း၌ ရဟတ်ယာဉ်ဆင်းသက်ရန်နေရာ ထပ်မံပြုလုပ်နေသည့်အပေါ် ဒေသခံများက ဝေဖန်နေကြသည်။ ဂွချောင်းတံတားဖွင့်ပွဲ ရှိနေသည့်အတွက် စစ်ကောင်စီ အရာရှိများ လာရောက်နိုင်သောကြောင့် ဂွမြို့နယ် ဘောလုံးကွင်းတွင် ယခုကဲ့သို့ ရဟတ်ယာဉ်ရပ်နားကွင်း ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

၅) စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန် စစ်ရေးပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ကာ သုံးလခန့်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော်-ပလက်ဝရေလမ်းကြောင်းကို စစ်ကောင်စီမှ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ (၄) ရက်

၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က အသတ်ခံခဲ့ရသော ဒေသခံ ၉ ဦးအတွက် ရည်စူးကာ ကျေးရွာသားများက ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်။

၂) မြန်မာစစ်တပ်နှင့် အေအေတို့ အပစ်ရပ်ပြီးနောက် စစ်ကောင်စီကပိတ်ထားသည့် ကုန်းလမ်း ရေလမ်းတချို့ကို ပြန်လည် ဖွင့်ပေးထားသော်လည်း မင်းပြား-မြေပုံကားလမ်းကို ဖွင့်မပေးသေးပေ။

၃) ရခိုင်တွင်ယခုနှစ် စပါးစိုက်ရာသီအတွင်း ဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး စိုက်ပျိုးရေးစရိတ်များလည်း လွန်ခဲ့သည့် နှစ်များကထက် ပိုမိုကုန်ကျသည့်အတွက် စပါးဈေးကောင်းရရှိဖို့ကို လယ်သမားများက လိုလားနေကြသည်။

၄) ရခိုင်ပြည်တွင် မကြာခဏဆိုသလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေသောကြောင့် ဒေသခံပြည်သူများသည် မိမိတို့၏ လုပ်ငန်းဆောင်တာများ ပုံမှန်လည်ပတ်နိုင်ရန် နေရောင်ခြည်စွမ်းအားဖြည့် ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုမှုများပြားလာသည်။.ယခင်က ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ကျေးလက်နေပြည်သူများကသာ အများဆုံး ဝယ်ယူအသုံးပြုခဲ့ကြသော်လည်း လက်ရှိမှာ မြို့ပေါ်နေထိုင်သူများက အများဆုံး ဝယ်ယူအသုံးပြုလာနေကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

ဒီဇင်ဘာ (၅) ရက်

၁) ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၅ ရက်နေ့က စွန့်ပစ်ထားသည့် မွတ်ဆလင် (၁၃) ဦး၏ အလောင်းများကို တွေ့ရှိခဲ့သည်။ သေဆုံးခဲ့သည့် မွတ်ဆလင်များမှာ ရခိုင်ပြည်ဘက်မှ လာရောက်သူများဖြစ်ပြီး ရန်ကုန်မှတဆင့် မြဝတီသို့ သွားရောက်ရန် အလုံပိတ်ကွန်တိန်နာကားများဖြင့် လိုက်ပါခဲ့ရာမှ အသက်ရှူကျပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

၂) မြေပုံမြို့နယ်၊ ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆေးရုံစဖွင့်သည့်အချိန်ကပင် လက်ရှိ ၂ နှစ်ခန့်ကြာသည်အထိ တာဝန်ကျဆရာဝန်မရှိသည့်အတွက် ဒေသခံများမှာ ကျေးရွာနှင့် ၂၅ မိုင်ခန့် ကွာဝေးသည့် မင်းပြားဆေးရုံကြီးနှင့် ၁၈ မိုင်ခန့်ကွာဝေးသည့် မြေပုံဆေးရုံကြီးတို့တွင် ကုန်းလမ်း/ရေလမ်းတို့မှ အဆင့်ဆင့်သွားပြီး ဆေးကုသမှုခံယူနေကြရသည်။

၃) မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့၊ ကဝိရတနာကျောင်းမှ အသက် (၄၀)အရွယ် စစ်ဘေးရှောင် ဦးကျော်ဟိန်းမှာ ဝမ်းဗိုက်နာကျင်ကိုက်ခဲသည့် ဝေဒနာ ခံစားနေရကြောင်းနှင့် စစ်ကြောရေးကာလအတွင်း စစ်ဆေးမေးမြန်းမှုများကြောင့် နှာခေါင်း၊ ရင်ဘတ်တို့တွင် အတွင်းဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသရန်လိုအပ်နေကြောင်း မိသားစုဝင်များက ပြောသည်။

၄) ကမန်လူမျိုးတို့သည် ခေတ်အဆက်ဆက် သီးခြားယဉ်ကျေးမှုများဖြင့် ရခိုင်မျိုးနွယ်စုဝင်များနှင့်အတူ ယှဉ်တွဲနေထိုင်လာသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး လက်ရှိတွင် ကမန်နာမည်ကိုအသုံးချ၍ နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှုများ ရှိလာနေကြောင်း ယနေ့ကျရောက်သည့် ဒုတိယအကြိမ်မြောက် ကမန်အမျိုးသားနေ့တွင် ကမန်တိုင်းရင်းသားများက ပြောဆိုကြသည်။

၅) မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ်(၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူနှင့် ကယ်ရီမောင်းသူတို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် အမှုဖွင့်ထားပြီး ဒီဇင်ဘာလ ၅ ရက်နေ့က ပထမအကြိမ် ချုပ်ရမန်ယူခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ဒီဇင်ဘာ (၆) ရက်

၁) ကျောက်တော်မြို့ရှိ သမိုင်းဝင် သေလာဂီရိ မောရပဗ္ဗတတောင်တွင် ကျက်စားနေထိုင်သည့် မျောက်အကောင်ရေ (၁၀၀၀) ကျော်အတွက် အစာရှားပါးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး သီးပင်၊ စားပင်များ စိုက်ပျိုးနေကြသည်။ မောရမြေ သန့်ရှင်းရေးအသင်း (ကျောက်တော်)မှ ဦးဆောင်စိုက်ပျိုးနေခြင်းဖြစ်ပြီး သရက်၊ ပိန္နဲ၊ ဇီးပင် စသည့် ပျိုးပင်ပေါင်း ငါးဆယ်ကျော်နှင့် အခြား နှစ်ရှည်ပန်းပင် မျိုးစိတ်များလည်း ပါဝင်သည်။

၂) ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း တကျော့ပြန်တိုက်ပွဲကာလအတွင်းက ယာယီပိတ်ခဲ့ရသော စာသင်ကျောင်းများထဲမှ အချို့မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်နိုင်သေးကြောင်း ပညာရေးအသိုင်းအဝိုင်းများနှင့် ဒေသခံများက ပြောသည်။

၃) ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါကူးစက်မှုမှာ လက်ရှိတွင် သုညရာခိုင်နှုန်းအောက်ကို လျော့နည်းကျဆင်းသွားပြီ ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ကျဆင်းလာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ပိုးကူးစက်တွေ့ရှိသူ ထပ်မံ မရှိသေးပေ။

ဒီဇင်ဘာ (၇) ရက်

၁) တပ်ပိုင်မြေဟုအကြောင်းပြကာ စစ်တပ်က ဖိအားပေးဖယ်ရှားခိုင်း၍ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာသားများမှာ လက်ရှိတွင် နေထိုင်ရေးအအခက်အခဲအပြင် အလုပ်အကိုင်ရှားပါးမှု ပြဿနာတို့ကို ရင်ဆိုင်နေကြရသည်။ အိမ်ခြေ ၅၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်ရှိသည့် ဂျိုင်သာကျေးရွာကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဖယ်ရှားခိုင်းသဖြင့် ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရွာလုံးကျွတ် ဖယ်ရှားပေးခဲ့ရခြင်းဖြစ်သည်။

၂) ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ စိုက်ပျိုးထားသည့်ပန်းပင်များ ပျက်စီးခြင်းနှင့် ပွင့်လာသည့်ပန်းပွင့်များလည်း ဈေးကောင်းမရရှိခြင်းတို့ကြောင့် ရခိုင်က ပန်းစိုက်ပျိုးသူများမှာ အရှုံးပေါ်နေကြရသည်။ ရခိုင်ရှိ ပန်းစိုက်ပျိုးသူများမှာ စက်မှုနည်းပညာများမပါဘဲ စိုက်ပျိုးကြရခြင်းကြောင့် ပြည်မဘက်မှထွက်ရှိသည့် ပန်းများကဲ့သို့ အရည်အသွေးမကောင်း၍ ပန်းဈေးကွက်တွင် ပြည်မဘက်မှ တင်သွင်းသည့်ပန်းများကိုသာ အဓိကရောင်းချနေကြရသည်။

၃) မြောက်ဦးမြို့နယ်မှ နေရပ်ပြန်မည့် စစ်ဘေးရှောင်များအား စစ်ကောင်စီက လူဉီးရေစာရင်းများ ကောက်ခံနေကြောင်း သိရသည်။ မြန်မာစစ်တပ်နှင့် AA တို့ ယာယီ အပစ်အခတ်ရပ်စဲပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့က စပြီး မြောက်ဦးမြို့နယ် ပြလှ၊ ဝက်လှ၊ လက်ကောက်‌ဈေး စသည့် စစ်ရှောင်စခန်းတာဝန်ခံများထံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတို့က ဖုန်းဆက်ကာ စာရင်းကောက်ခံနေခြင်း ဖြစ်သည်။

၄) ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို နီပွန်ဖောင်ဒေးရှင်းက ဆန်အိတ်ဖြန့်ဝေလှူဒါန်းခြင်းအား ယာယီရပ်ဆိုင်းထားသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပေးထားသည့်လူဦးရေစာရင်းနှင့် မြေပြင်စာရင်း ကိုက်ညီမှုမရှိသောကြောင့် သေချာပြန်လည်စိစစ်ရန်အတွက် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ