- စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ ကျိန္တလီဒေသခံများ စားဝတ်နေရေးအခက်ကြုံ
- သံတွဲရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
- စစ်ခေါင်းဆောင် သမ္မတနေရာယူခြင်းမှာ “အရှက်အကြောက်မဲ့ခြင်း” ဟု နိုင်ငံရေးအကဲခတ်များ ဝေဖန်
- အိန္ဒိယနှင့် စစ်ကောင်စီ စစ်ဘက်ဆိုင်ရာပူးပေါင်းမှု မြှင့်တင်မည်
- အိန္ဒိယနယ်စပ်မှ စက်သုံးဆီများကို မြန်မာသို့ မတင်သွင်းရန် ဒေသခရိုင်တရားရုံး အမိန့်ထုတ်
ကျောက်ဖြူမြို့ဝင်ဂိတ်တွင် အရေးပေါ်လူနာများကို အချိန်ကြာမြင့်စွာ စစ်ဆေးနေမှုကြောင့် ဒေသခံများ အခက်တွေ့နေ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးဘုရားအနီးရှိ မြို့အဝင်/အထွက်ဂိတ်တွင် ကျန်းမာရေးကိစ္စနှင့် သွားလာရသည့် အရေးပေါ်လူနာများကို မြန်မာစစ်တပ်က အချိန်ကြာမြင့်စွာ စစ်ဆေးမှုများပြုလုပ်နေသဖြင့် ဒေသခံများမှာ အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း သိရသည်။
21 Dec 2022
![ကျောက်ဖြူမြို့ဝင်ဂိတ်တွင် အရေးပေါ်လူနာများကို အချိန်ကြာမြင့်စွာ စစ်ဆေးနေမှုကြောင့် ဒေသခံများ အခက်တွေ့နေ](https://assets.dmediag.com/2022/DEC_22/319510216_530197535721932_5024944950049889017_n.jpg)
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး လုံခြုံရေးဂိတ်ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
DMG | ဒီဇင်ဘာ ၂၁
ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးဘုရားအနီးရှိ မြို့အဝင်/အထွက်ဂိတ်တွင် ကျန်းမာရေးကိစ္စနှင့် သွားလာရသည့် အရေးပေါ်လူနာများကို မြန်မာစစ်တပ်က အချိန်ကြာမြင့်စွာ စစ်ဆေးမှုများပြုလုပ်နေသဖြင့် ဒေသခံများမှာ အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးနေမှုကြောင့် ဆေးရုံသို့ အချိန်မီသွားရောက်ရမည့် လူနာများမှာ အသက်အန္တရာယ် စိုးရိမ်ရမှုနှင့်ကြုံတွေ့နေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးကပြောသည်။
“လုံခြုံရေးအရကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေတွေကိုတော့ သူတို့အဆင်ပြေအောင် လုပ်ပေးသင့်တယ်။ ဒီအတိုင်း စစ်ဆေးရေးတင်းကြပ်တာတွေက လူနာတွေအတွက် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေအထိ ဖြစ်သွားနိုင်တယ်”ဟု ပြောသည်။
အဆိုပါ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်ကို အရေးပေါ်ကျန်းမာရေးကိစ္စမှလွဲ၍ ကျန်အချိန်များတွင် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
သို့သော် အရေးပေါ်လူနာများသွားလာစဉ် နာရီနှင့်ချီကြာမြင့်အောင် စစ်ဆေးပြီးမှ ခွင့်ပြုသဖြင့် အခက်တွေ့နေရခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာသား ကိုထွန်းစိုးက “ကျနော်လည်း ဒီကိစ္စမျိုးကြုံတွေ့ခဲ့ရပါတယ်။ ကြားလည်း ကြားသိနေရတယ်။ လုံခြုံရေးအရလုပ်တာ လုပ်ပေါ့။ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ ဒါမျိုး စစ်ဆေးရေးတွေ မတင်းကြပ်သင့်ပါဘူး။ ဒီအတွက် အဆင်ပြေအောင်တော့ တနည်းနည်း ပြောင်းလဲသင့်ပါတယ်”ဟု ပြောသည်။
ကျောက်ဖြူမြို့နှင့် သုံးမိုင်ခန့်ဝေးသည့် ကျောက်တစ်လုံးစစ်ဆေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် ရောဂါကာကွယ်တားဆီးရန်အတွက် အရပ်ဖက်အဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ကိုဗစ်နှင့်သက်ဆိုင်သည့် ကားနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများကို စစ်ဆေးမှုများ ရှိနေသဖြင့် ပြန်လည်ရုပ်သိမ်းပေးရန် မြို့ခံများမှတောင်းဆိုခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လတွင် ဂိတ်ဖျက်သိမ်းကြောင်း မြို့နယ်ထွေ/အုပ်က ကြေညာခဲ့သည်။
ယင်းမှတခါ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီးနောက် အဆိုပါကျောက်တစ်လုံး စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ကာ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လဝကတို့ပူးပေါင်းကာ ယခင်ထက် ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဖြင့် နှစ်ဖက်လက်နက်ကိုင်ကြား တိုက်ပွဲရပ်တန့်နေသော်လည်း ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးစစ်ဆေးဂိတ်တွင် စစ်ဆေးမှုများရှိနေသည့်အတွက် အရေးပေါ်လူနားများ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါဂိတ်တွင် ကျန်းမာရေးကိစ္စကြောင့် စစ်ဆေးခံခဲ့ရသည့် ကျောက်ဖြူမြို့၊ အုန်းတောကျေးရွာမှ ကိုဘိုဘိုဟိန်းက “အရေးပေါ်ဖြစ်လို့ ဆေးရုံကိုသွားရပါတယ်ဆိုမှ သူတို့က လူနာကိုရော၊ လူနာစောင့်ဖို့ပါလာတဲ့ လူတွေကိုရော အချိန်အကြာကြီး စစ်မေးနေတာ။ ပြီးတော့ ဂိတ်အစကနေ အဆုံးထိ ပေ ၁၀၀ လောက်ကို စီးလာတဲ့ ဆိုင်ကယ်ကို တွန်းပြီးမှ သွားရသေးတယ်။ သူတို့ဝန်ထမ်း မျက်နှာသိတွေ အချင်းချင်းကျတော့ ဘာမှ စစ်မေးခံစရာမလိုဘဲ အရေးပေါ် လူနာတွေကိုကျတော့ ဒါမျိုးလုပ်နေတာ မဖြစ်သင့်ပါဘူး”ဟု ပြောသည်။
အဆိုပါ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်ကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်ကို DMG မှ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စက အဲဒီ ကျောက်တစ်လုံး လုံခြုံရေးဂိတ်ကိုပဲ ဖုန်းဆက်မေးလိုက်ပါ”ဟု ဖြေကြားခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG မှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားသူတစ်ဦးက ဝန်ကြီးအစည်းအဝေးတက်ရောက်နေကြောင်းသာ ဖြေကြားခဲ့သဖြင့် လတ်တလောတွင် တုန့်ပြန်ချက် မရရှိသေးပေ။