ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေဟု AA ပြော

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေကြောင်း ဧပြီ ၁၈ ရက်နေ့တွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်နှင့်ပတ်သက်၍ AA က တုံ့ပြန်လာခြင်း ဖြစ်သည်။

By Admin 20 Apr 2024

AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့တွင် မတ်လ ၁၉ ရက်က မွတ်ဆလင်များ ဆန္ဒပြခဲ့ကြစဉ်။
AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့တွင် မတ်လ ၁၉ ရက်က မွတ်ဆလင်များ ဆန္ဒပြခဲ့ကြစဉ်။

DMG ၊ ဧပြီ ၂၀

ရခိုင်ပြည်တွင် နယ်မြေများတစ်ခုပြီးတစ်ခု လက်လွှတ်ဆုတ်ခွာပေးနေရသည့် စစ်ကောင်စီသည် မွတ်ဆလင်နှင့် တခြားဘာသာဝင်များအကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေကြောင်း ဧပြီ ၁၈ ရက်နေ့တွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်နှင့်ပတ်သက်၍ AA က တုံ့ပြန်လာခြင်း ဖြစ်သည်။ 

“ဒါက သူခိုးက လူပြန်ဟစ်တာဖြစ်တယ်။ စစ်ကောင်စီဟာ ရက္ခိုင့်စစ်မျက်နှာမှာ သူတိုရဲ့ ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အခါတိုင်း ကျနော်တို့ အဖွဲ့အစည်းအပေါ်မှာ ယုတ်ညံ့အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တောက်လျှောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာရက္ခဒေသကနေ တစ်ဆင့်ချင်း နယ်မြေလက်လွှတ် ဆုတ်ခွာနေရတဲ့ စစ်ကောင်စီဟာ အာရက္ခဒေသမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးထားခဲ့ဖို့ ကောက်ကျစ်စဉ်းလဲစွာ လုပ်ဆောင်နေတာ တွေ့ရတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် ARSA၊ ARA နှင့် အစွန်းရောက်မွတ်ဆလင်များကို စစ်သင်တန်းနှင့် လက်နက်တပ်ဆင်ပေးပြီး ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးနှင့် တခြားဘာသာဝင်များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်းများ လုပ်ကိုင်နေကြောင်း AA က ဆိုသည်။ 

ဧပြီလ ၁၅ ရက်က ဘူးသီးတောင်မြို့အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့်  ဆေးပေးခန်းအပါအဝင် နေအိမ် ၂၀၀ ခန့် မီးရှို့ခံခဲ့ရသည့်ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့နှင် အစွန်းရောက် မွတ်ဆလင်များ၏ လက်ချက်ကြောင့်ဖြစ်သည်ဟု ဒေသခံများက DMG ကို ပြောဆိုထားသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ဒေသတွင်း ပဋိပက္ခများဖန်တီးရန် စစ်ကောင်စီက အားပေးအားမြှောက်ပေးခဲ့သည့် အကြမ်းဖက်အဖွဲ့များကို လက်ရှိတွင် ၎င်းတို့အကျိုးအတွက် ပြန်ထုတ်သုံးလာခြင်းဖြစ်သည်ဟု AA က ပြောသည်။ 

“၂၀၁၇ တုန်းက သူတို့ Genocide အလုပ်ခံရပါတယ်လို့ ICJ ထိ တက်ရောက် တရားစွဲခဲ့တဲ့သူတွေက သူတို့ကိုသတ်ခဲ့တဲ့ လူသတ်သမား ရာဇဝတ်ကောင်တွေနဲ့ ပေါင်းသွားပြီ။ ဒါဟာ SAC နဲ့ ARSA, ARA စတဲ့ အကြမ်းဖက်သမားတွေအကြား သူ့အကျိုးစီးပွားနဲ့သူ ယာယီပေါင်းစည်းသွားကြတာဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီနှင့် အပေါင်းအပါများက အာရက္ခပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအားလုံးကို အသေအချာ မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူအားလုံးကို အရေးယူအပြစ်ပေးသွားမည်ဟု AA ကဆိုသည်။ 

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ရှုံးမဲမဲကာ ရခိုင်ဒေသအတွင်း လူမျိုးရေးပဋိပက္ခများဖြစ်အောင် ဖန်တီးနေသဖြင့် အထူးသတိထားကြရန် လိုအပ်ကြောင်း ရခိုင်နှင့် မွတ်ဆလင် နှစ်ဖက်အသိုင်းအဝိုင်းများက ပြောဆိုကြသည်။

“ဒီကာလမှာ နှစ်ဖက်အသိုင်းအဝိုင်းအနေနဲ့ အထူးသတိထားပြီး ပြောဆိုဆက်ဆံဖို့ လိုအပ်တယ်။ အခန့်မသင့်ရင် လူမျိုးရေးပဋိပက္ခအသွင်သို့ ဆောင်သွားနိုင်တယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ နိုင်ငံရေးထောင်ချောက်ထဲ မဝင်မိဖို့ အထူးသတိထားရမယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့တွင် စစ်ကောင်စီက မွတ်ဆလင်များကို ဖိအားပေးခြိမ်းခြောက်ပြီး “AA အလိုမရှိ ဆန္ဒဖော်ထုတ်ပွဲ” များ ပြုလုပ်ခိုင်းလျက်ရှိသည်။ 

AA ထိန်းချုပ်မှုအောက်ရှိ မြို့နယ်များတွင်မူ ရခိုင်နှင့်မွတ်ဆလင်ကြား လူမှုဆက်ဆံရေးမှာ တိုးတက်မှုရှိသည်ကို တွေ့ရကြောင်း နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

ရခိုင်စစ်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ လက်ရှိတွင်လည်း ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဗီဒီယိုများ