တောင်ကုတ် စည်/ကော် ဥက္ကဌ အပါအဝင် လေးဦးအမှုကို အမိန့်ချမည့်ရက်ရွှေ့ဆိုင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ-၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ အပါအဝင် (၄) ဦး၏ အမှုကို အမိန့်ချမည့်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုကို  လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှသိရသည်။

30 Mar 2021

ဓာတ်ပုံ - နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့၊ တောင်ကုတ်မြို့နယ်

DMG | မတ် ၃၀

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ-၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ အပါအဝင် (၄) ဦး၏ အမှုကို အမိန့်ချမည့်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုကို  လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှသိရသည်။

အမှုတွင် သက်သေအားလုံးကို စစ်ဆေးပြီးဖြစ်သဖြင့် ယနေ့(မတ်လ ၃၀ ရက်)တွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားခြင်းဖြစ်သည်။

သို့သော် အမှုနှင့်ပတ်သက်၍ တရားရုံးမှ အမိန့်ချရန်အဆင့်သင့်မဖြစ်သေးဟုဆိုကာ လာမည့် ဧပြီလ (၁၂)ရက် နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“တရားသူကြီးပြောတာက တရားရုံးမှာ အပြီးသတ်အမိန့်ချဖို့အတွက် အဆင်သင့်မဖြစ်သေးလို့ဆိုပြီးတော့ ၄ လပိုင်း ၄ ရက်နေ့ကို ရုံးချိန်းလိုက်တယ်” ဟု ဒေါ်သိင်္ဂီမောင်ကဆိုသည်။

ရခိုင်အမျိုးသားပါတီ(ANP)၏ တောင်ကုတ်မြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ ယခင်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့မှာ ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။

၎င်းတို့လေးဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ကူညီမှုရှိသည်ဟုဆိုကာ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူးဇော်မြင့်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စွဲချက်အမိန့်ချမှတ်ရာတွင် ဦးဇေယျကျော်ပါလေးဦးမှာ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်အရ စွဲဆိုထားသည့်ပုဒ်မနှင့် ငြိမ့်စွမ်းမှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်ခဲ့သည်။

လက်ရှိ ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ (၁၀)လကျော် ကြာမြင့်နေပြီဖြစ်ကာ ရုံးချိန်းပေါင်း ၂၅ ကြိမ်ခန့်အထိ ရှိခဲ့ပြီဖြစ်သည်။

“မိသားစုဝင်တွေက လွတ်မယ့်နေ့ကိုမျှော်လင့်နေကြတယ်ပေါ့။ ဒီနေ့မှာ အခုလိုဖြစ်သွားတဲ့အတွက်လည်း အရမ်းကိုစိတ်မကောင်းဖြစ်ရတယ်။ အမြန်ဆုံးပြီးမြောက်စေချင်တယ်၊ လွှတ်စေချင်တယ်” ဟု တောင်ကုတ်မြို့နယ် စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေ၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည် (၂)နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့မှ ကောက်ယူရရှိထားသည့် စာရင်းအရသိရသည်။

ယင်းတို့ထဲမှ တရားရုံးမှ ပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ရ၈ ဦးရှိခဲ့သည်။

ယခုလ မတ်လ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်သည့်အတွက် အကြမ်းဖက်မှုနှင့်တရားစွဲခံထားရသူများ ပြန်လည် လွတ်မြောက်လာမည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။

ဗီဒီယိုများ