တောင်ကုတ်ဒေသခံ ၆ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် တရားစွဲခံရသည့် တောင်ကုတ်ဒေသခံ ၆ ဦးကို တောင်ကုတ်ခရိုင်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

By Admin 11 Jul 2023

ထောင်ဒဏ်ချမှတ်ခံရသော တောင်ကုတ်ဒေသခံ ၆ ဦးအား ရုံးထုတ်လာပုံကို ပြီးခဲ့သည့်နှစ်များက တွေ့ရစဉ်။ ဓာတ်ပုံ - APM
ထောင်ဒဏ်ချမှတ်ခံရသော တောင်ကုတ်ဒေသခံ ၆ ဦးအား ရုံးထုတ်လာပုံကို ပြီးခဲ့သည့်နှစ်များက တွေ့ရစဉ်။ ဓာတ်ပုံ - APM

DMG ၊ ဇူလိုင် ၁၁

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် တရားစွဲခံရသည့် တောင်ကုတ်ဒေသခံ ၆ ဦးကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် တောင်ကုတ်ခရိုင်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ဖောက်ကျေးရွာမှ ဦးကျော်တင်အောင်၊ ဦးဌေးမောင်၊ ကိုနေရဲဝင်းနှင့် မအီမြို့မှ ဦးမောင်ကြီး၊ ဦးမောင်ငယ် တို့ ဖြစ်သည်။

၎င်းတို့မှာ AA နှင့် ပတ်သက်ဆက်နွယ်မှုမရှိသဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရခြင်းမှာ တရားမျှတမှုမရှိကြောင်း ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ကိုသန်းနိုင်၏ ညီမဖြစ်သူ မသန်းသန်းဆင့်က ပြောသည်။

“အခုလို ထောင်ဒဏ်ချမှတ်လိုက်တာကိုတော့ လုံးဝ မတရားဘူးလို့ ခံစားရတယ်။ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူတွေက AA နဲ့လည်း ပတ်သက်မှုမရှိဘူး။ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုထားတာကိုလည်း AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပြီးကတည်းက ရုတ်သိမ်းပေးရမှာဖြစ်တယ်” ဟု သူက ပြောသည်။

ကိုသန်းနိုင်မှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကဖမ်းဆီးခံခဲ့ရပြီး ကျန် ၅ ဦးမှာ ဇွန်လတွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ၎င်းတို့ကို ဧရာဝတီတိုင်း မြန်အောင်မြို့အခြေစိုက် ခလရ(၅၁)မှ ဗိုလ်ကြီး အောင်ဝေယံဦးက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် တရားစွဲဆိုခဲ့သည်။

တောင်ကုတ်ဒေသခံ ၆ ဦးမှာ သုံးနှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။ ချုပ်ရက်များကို တစ်ပေါင်းတည်းခံစားခွင့်ရှိသဖြင့် အကျဉ်းသားအဖြစ် တစ်နှစ်နီးပါးခန့်သာ ကျခံရမည်ဖြစ်ကာ သံတွဲအကျဉ်းထောင်သို့ ရွှေ့ပြောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အဖြစ် NLD အစိုးရက ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ထားသော်လည်း AA နှင့်ဆက်စပ်သည်ဟု သံသယရှိသူများကို အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်နေခြင်းမှာ သိက္ခာမဲ့သည့်လုပ်ရပ်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“အခုလို ထောင်ဒဏ်ချမှတ်လိုက်တာက ဘယ်လိုမှ တရားမျှတမှုမရှိဘူး။ AA ကို အကြမ်းဖက်အဖွဲ့ကနေ တရားဝင် ပယ်ဖျက်ပြီးသားဖြစ်တယ်။ ပြီးတော့ AA နဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာက ရှေ့စကားနဲ့နောက်စကားနဲ့ မညီဘူး။ နိုင်ငံရေးအရကြည့်ရင်လည်း ထောင်ဒဏ်ချမှတ်လိုက်တဲ့ သူတွေဟာ သိက္ခာမဲ့တဲ့ လုပ်ရပ်ကို လုပ်လိုက်တာဖြစ်တယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေလည်း အရမ်းနစ်နာတယ်” ဟု သူက ပြောသည်။

ရက္ခိုင့်တပ်တော်(AA) ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းထားပြီဖြစ်သော်လည်း ရခိုင်ပြည်တွင် အကြမ်းဖက်ဥပဒေ ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေသခံ ၂၈ ဦးအထိ ရှိလာနေသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ပထမအကြိမ် ၂ နှစ်တာ တိုက်ပွဲကာလတွင် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသည့် ဒေသခံ ၂၀၀ ကျော်ထဲမှ ယခုအချိန်ထိ လွတ်မြောက်လာသူ ၁၇၂ ဦးရှိကြောင်း DMG က ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

#I006

ဗီဒီယိုများ