- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
စစ်ကောင်စီက မိုင်းထောင်ပြီးနောက် ဂွဒေသခံများ ထိခိုက်သေဆုံးမှုရှိလာ
ဂွမြို့နယ်တွင် စစ်ကောင်စီက တောတောင်များ၊ ကားလမ်းမဘေး၊ မြို့ပတ်လည်၊ တပ်ရင်းအနီး စသည့် နေရာအများအပြားတွင် မိုင်းထောင်ထားပြီးနောက် မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူ ၂ ဦးရှိလာသည်။
03 Jul 2024

DMG ၊ ဇူလိုင် ၃
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
အမှတ်(၁)ရပ်ကွက်နေ ကိုမြင့်အောင် (၂၉)နှစ်မှာ ဇူလိုင်လ ၂ ရက်က ကျိန္တလီမြို့အရှေ့ဘက်ရှိ တောင်ပေါ်သို့ ဟင်းရှာရန်သွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ပြတ်ထွက်သွားသည်။
“ဒဏ်ရာပြင်းတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်ကပြောတယ်။ ဒဏ်ရာက အကြာကြီး ဆေးကုမှုခံယူဖို့လိုတယ်။ သူ့အတွက်ဆေးကုဖို့ ငွေကြေးအကူအညီတွေ လိုအပ်နေတယ်” ဟု ကျိန္တလီမြို့မှ လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
ကိုမြင့်အောင်မှာ တောတောင်ကိုအမှီပြုပြီး ဟင်းရှာ၊ သစ်ခုတ် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းနေသူဖြစ်၍ မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသောအခါ မိသားစုစားဝတ်နေရေးမှာလည်း အခက်အခဲများရှိနေသည်။
ဇွန်လ ၂၉ ရက်ကလည်း ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာမှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမှာ အဖော်သုံးဦးနှင့်အတူ သစ်ခုတ်ပြီးပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
ဂွမြို့နယ်က ဒေသခံများမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို တစ်ခါမှမကြုံဖူးကြပေ။ စစ်ကောင်စီက AA ထိုးစစ်ကို စိုးရိမ်မှုကြောင့် တောတောင်များ၊ ကားလမ်းမဘေး၊ မြို့ပတ်လည်၊ တပ်ရင်းအနီး စသည့် နေရာအများအပြားတွင် မိုင်းထောင်ထားပြီးနောက် မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူ ၂ ဦးရှိလာသည်။
“အရင်လကုန်ပိုင်းလောက်က မိုင်းတွေအများကြီးထောင်ထားတာကို (စစ်ကောင်စီက) အသိပေးတာတွေရှိတယ်။ တောတွေ၊ တောင်တွေကို ဘယ်သူမှမသွားရဘူး။ သွားလို့ မိုင်းနင်းမိရင်လည်း သူတို့တာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားတာ” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။
ဂွမြို့နယ်က ကျေးလက်နေပြည်သူများမှာ တောတောင်ကိုအမှီပြုကာ ဟင်းရှာ၊သစ်ခုတ်၊ တောင်ယာအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး လက်ရှိတွင် စစ်ကောင်စီက မိုင်းထောင်ထားမှုကြောင့် တောတောင်အမှီပြုကာ ဝမ်းရေးဖြေရှင်းနေသူများမှာ အခက်အခဲများစွာ ရှိနေကြသည်။
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသော ဂွမြို့နယ်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ ခံစစ်အသင့်ပြင်ထားသည်။