ငါးသယံဇာတ ရှားပါးလာမှုကြောင့် ရခိုင်က ရေလုပ်သားတချို့ အလုပ်ရပ်နားမှု ရှိလာ

လက်ရှိမှာ ငါးဖမ်းခြင်းအလုပ်ကို စွန့်လွှတ်ကာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများရှိနေပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်နေသူများလည်း ရှိနေသည်။ တချို့မှာလည်း လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရန် ငွေကြေးအခက်အခဲများ ရှိနေကြောင်း သိရသည်။ 

By Admin 11 Jan 2023

ငါးသယံဇာတ ရှားပါးလာမှုကြောင့် ရခိုင်က ရေလုပ်သားတချို့ အလုပ်ရပ်နားမှု ရှိလာ

ပေါက်တောမြို့နယ်၊ ကုလားသိမ်ကျေးရွာတွင် ငါးများအား နေလှန်းနေသည်ကို တွေ့ရစဉ်။/ ဓာတ်ပုံ - DMG

DMG၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်အတွင်း မြစ်ချောင်းများကို မှီခိုနေကြသည့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာ ငါးဖမ်းဆီးရရှိမှု နည်းပါးလာခြင်း၊ ရေလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် လုပ်ငန်းရပ်နားမှုများ ရှိလာနေကြောင်း ရေလုပ်သားများထံမှ သိရသည်။

လက်ရှိမှာ ငါးဖမ်းခြင်းအလုပ်ကို စွန့်လွှတ်ကာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများရှိနေပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်နေသူများလည်း ရှိနေသည်။ တချို့မှာလည်း လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရန် ငွေကြေးအခက်အခဲများ ရှိနေကြောင်း သိရသည်။ 

“ကျနော်တို့မှာ ဒီအလုပ်နဲ့ပဲ စားသောက်နေရတာ။ အခု မြစ်ထဲမှာ ငါးဖမ်းမရတော့ ချောင်းလက်တက်တွေမှာ ရနိုင်မလားဆိုပြီး သွားဖမ်းနေတယ်။ ငါးဖမ်းတာ အဆင်မပြေတော့ တချို့လူတွေဆိုရင် အိမ်အငှား ဆောက်နေကြတယ်။ တချို့ဆိုရင်လည်း ဒီလိုပဲ ကြုံရာကျပန်းလုပ်ကြတယ်” ဟု ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးစံသာအောင်က ပြောသည်။

ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့် မျှောပိုက် ငါးဖမ်းသမား ၃၀၀ ခန့်ရှိပြီး ငါးဖမ်းဆီးရရှိမှု အလွန်နည်းပါးလာသဖြင့် အလုပ်ရပ်နားထားရကာ ကြုံရာကျပန်း လုပ်ကိုင်နေကြပြီး တချို့မှာလည်း အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။

ထို့ကြောင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေသူများမှာ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်မာရေး စသည့်ကိစ္စရပ်များအတွက် ခက်ခဲစွာ ရုန်းကန်နေကြရကြောင်း ၎င်းတို့က ပြောသည်။ 

ယခင်က ငါးဖမ်းလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး ပြေလည်ခဲ့သော်လည်း လက်ရှိမှာ ငါးဖမ်းဆီးရရှိမှု နည်းပါးလာသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်မှ ဦးလေးမြင့် က ပြောသည်။

“အရင်တုန်းက ငါးတွေအများကြီးရတော့ ငါးဖမ်းရတာလည်း ပျော်တယ်။ အခုကျတော့ အရင်ကနဲ့ အရမ်းကွာသွားတယ်။ ငါးဖမ်းလို့ မရတော့ဘူး။ တစ်နေ့တာ စားသောက်ဖို့အတွက်ကိုတောင် ရှာရတာ မလွယ်တော့ဘူး။ ကျနော်တို့က ဒီအလုပ်နဲ့ပဲ စားသောက်နေရတာ။ ငါးဖမ်းမရတော့ မိသားစု စားဝတ်နေရေးလည်း အဆင်မပြေတော့ဘူး” ဟု ၎င်းက ပြောသည်။

ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာ ငါးဖမ်းဆီးရရှိမှု နည်းပါးနေသည့်အပြင် ငါးဈေးကောင်းမရရှိမှု၊ ငါးဖမ်းကိရိယာများ ဈေးနှုန်းမြင့်တက်မှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။ 

စစ်တွေမြို့နယ်၊ ရွှေမင်းဂံက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူ ဦးလှသိန်းက “ကျနော်တို့မှာက ညဘက်ဆိုရင်လည်း ငါးဖမ်းဖို့ သိပ်အဝေးကြီး မသွားရဲဘူး။ ညဖက် ငါးဖမ်းမထွက်တာ များပါတယ်။ ရလာတဲ့ငါးနဲ့ ကုန်ကျစရိတ်က လိုက်မမီဘူး။ ငါးကလည်း စျေးကောင်းမရဘူး။ တချို့ဆိုရင် ငါးမဖမ်းပဲ ရပ်ထားတာတွေ ရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပြီး ဒေသနေပြည်သူ အများအပြားမှာ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ 

လက်ရှိမှာ ရခိုင်ပြည်အတွင်း ငါးသယံဇာတရှားပါးလာမှုမှာ ငါးအလွန်အကျွံဖမ်းဆီးမှုများ၊ တားမြစ်အချိန်ကာလ၊ တားမြစ်ဧရိယာ၊ တားမြစ်ပိုက်ကွန်အမျိုးအစားများကို အသုံးပြုနေကြခြင်းနှင့် ငါးနေထိုင်တောများ ပြုန်းတီးလာမှုကြောင့် ဖြစ်သည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။ 

ငါးသယံဇာတရှားပါးလာမှုအား ထိန်းသိမ်းမည်ဆိုပါက ဒေသခံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယာယီညွှန်ကြားရေးမှူး ဦးဦးထွန်းသိန်းက ပြောကြားသည်။

“ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေမှာဆိုရင် ကျဉ်စက်တွေသုံးပြီး ငါးဖမ်းကြတယ်။ ဒီရေတောတွေကို ခုတ်လှဲကြတယ်။ ဆိုတော့ ငါး၊ ပုဇွန်တွေနေဖို့ နေရာတွေ ရှားပါးလာတယ်။ အရေးယူမှု လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ ငါးသယံဇာတရှားပါးမှုကို ကာကွယ်ဖို့ဆိုရင်တော့ ငါးလုပ်ငန်းဦးစီးဌာနတစ်ခုတည်းနဲ့ အဆင်မပြေဘူး။ ဒေသခံတွေ ပူးပေါင်းမှုတွေလည်း လိုအပ်ပါတယ်” ဟု ဦးဦးထွန်းသိန်းက  ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ကောက်ယူထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်နှင့် နှိုင်းယှဉ်မည်ဆိုပါက ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း၊ ရေအောက် ငါးသယံဇာတ ၆၀ ရာခိုင်နှုန်း ကျဆင်းလာနေကြောင်း သိရသည်။

#R010

ဗီဒီယိုများ