ငါးရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် တပိုင်တနိုင်ငါးဖမ်းသမားများ ရုန်းကန်ရခက်ခဲနေ 

“ငါး၊ ပုစွန်တွေက တအားရှားသွားပြီ။ ရွာအနီးမှာ ဘယ်လိုမှရှာမရတော့ဘူး။ မြစ်ထဲထွက်ရှာရင်လည်း စက်သုံးဆီဖိုးကကြီးတယ်။ ဒီကြားထဲ ငါးမရရင် ဆီဖိုးကုန်တာပဲ အဖက်တင်တယ်”

By Admin 26 Sep 2023

ငါးရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် တပိုင်တနိုင်ငါးဖမ်းသမားများ ရုန်းကန်ရခက်ခဲနေ 

DMG ၊ စက်တင်ဘာ ၂၆ 

ရခိုင်ပြည်အတွင်း မြစ်ချောင်းအင်းအိုင်များကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသော တပိုင်တနိုင် ငါးဖမ်းသမားများမှာ ငါးသယံဇာတရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ရုန်းကန်ရခက်ခဲနေကြသည်။ 

“ငါး၊ ပုစွန်တွေက တအားရှားသွားပြီ။ ရွာအနီးမှာ ဘယ်လိုမှရှာမရတော့ဘူး။ မြစ်ထဲထွက်ရှာရင်လည်း စက်သုံးဆီဖိုးကကြီးတယ်။ ဒီကြားထဲ ငါးမရရင် ဆီဖိုးကုန်တာပဲ အဖက်တင်တယ်” ဟု မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က တပိုင်တနိုင်ငါးဖမ်းသူ ဦးစောလှထွန်းက ပြောသည်။ 

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သည်နှင့်အညီ ဒေသခံအများအပြားမှာ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။  

အာဏာသိမ်းပြီးနောက် ရွှေဈေး၊ ဒေါ်လာဈေးမတည်ငြိမ်မှုနှင့်အတူ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး လက်ရှိတွင် ရခိုင်ပြည်အတွင်း ဓာတ်ဆီတစ်လီတာကို ပြင်ပပေါက်ဈေးတွင် ငွေကျပ် ၃,၀၀၀ မှ ၄,၀၀၀ ခန့် ရှိနေသည်။ တပိုင်တနိုင်ငါးဖမ်းသူများမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်နေသည်အထဲ ငါးရှားပါးနေသဖြင့် စားဝတ်နေရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။
  
“ငါးမရတဲ့ကြားထဲ ကုန်ဈေးနှုန်းကတက်နေတော့ ထမင်းနှပ်မှန်အောင်စားဖို့ တော်တော်ရုန်းကန်နေရတယ်။ ငါးတစ်နေ့ဖမ်းရင် နှစ်ပိဿာတောင် မပြည့်တော့ဘူး။ နောက် ရေလုပ်ငန်းသုံးပစ္စည်းတွေကလည်း ဈေးတက်နဲ့ ဒီကာလမှာ ရပ်တည်ရတာမလွယ်ဘူး” ဟု ရသေ့တောင်မြို့နယ်၊ မော်ထက်ကျေးရွာမှ ဒေါ်ဦးညွှန့်ခင်က ပြောသည်။  

ငါးရှားပါးလာမှု၊ ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့် တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတချို့မှာ ကြုံရာကျပန်းလုပ်ကိုင်နေကြကာ တချို့မှာလည်း ငါးဖမ်းပစ္စည်းများကို ရောင်းချ၍ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများ ရှိနေသည်။ 

 “ဒီလိုရှာစားလို့ မရတော့ဘူးဆိုပြီး တချို့ဆိုနိုင်ငံခြားထွက်သွားပြီ။ ငါး၊ ပုဇွန်ရှားတာတော့ သုံးနှစ်လောက်ရှိပြီ။ အခုက ကုန်စျေးနူန်းတက်တော့ အခြအနေတော်တော်ဆိုးတယ်။ ရလာတဲ့ငါးကို ရောင်းပြီး ကြက်သွန်တို့ ဆီတို့ဝယ်ရင် ကုန်ပြီ၊ ဘာမှမကျန်ဘူး” ဟု ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ဒေါ်မဝေတင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ကောက်ယူထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်နှင့် နှိုင်းယှဉ်မည်ဆိုပါက ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း၊ ရေအောက် ငါးသယံဇာတ ၆၀ ရာခိုင်နှုန်း ကျဆင်းလာနေကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ငါးသယံဇာတရှားပါးလာမှုမှာ ငါးအလွန်အကျွံဖမ်းဆီးမှုများ၊ တားမြစ်အချိန်ကာလ၊ တားမြစ်ဧရိယာ၊ တားမြစ်ပိုက်ကွန်အမျိုးအစားများကို အသုံးပြုနေကြခြင်းနှင့် ငါးနေထိုင်တောများ ပြုန်းတီးလာမှုကြောင့်ဖြစ်ပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကို အချိန်မြှင့်လုပ်ဆောင်သင့်ကြောင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောဆိုကြသည်။ 

#I012

ဗီဒီယိုများ