ငပလီတွင် ရေလုပ်သားများ ငါးဖမ်းခွင့်ကို စစ်ကောင်စီ ပိတ်ပင် 

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတစ်လျှောက်တွင် စစ်သင်္ဘောများ သွားလာလှုပ်ရှားမှုပြုလုပ်မည် ဟုဆိုကာ ပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းမထွက်ကြရန် စစ်ကောင်စီက ပိတ်ပင်ထားကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

By Admin 14 Nov 2023

ရခိုင်ပင်လယ်ပြင်တွင် သွားလာနေသော စစ်ကောင်စီရေယာဉ်တစ်စီးကို ယခုနှစ် အောက်တိုဘာအတွင်းက တွေ့ရစဉ်။  
ရခိုင်ပင်လယ်ပြင်တွင် သွားလာနေသော စစ်ကောင်စီရေယာဉ်တစ်စီးကို ယခုနှစ် အောက်တိုဘာအတွင်းက တွေ့ရစဉ်။  

DMG ၊ နိုဝင်ဘာ ၁၄ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတစ်လျှောက်တွင် စစ်သင်္ဘောများ သွားလာလှုပ်ရှားမှုပြုလုပ်မည် ဟုဆိုကာ ပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းမထွက်ကြရန် စစ်ကောင်စီက ပိတ်ပင်ထားကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ပင်လယ်ပြင်တွင်ရှိနေသော ငါးဖမ်းစက်လှေများကိုလည်း ပြန်လည်ဆိုက်ကပ်ကြရန် နိုဝင်ဘာလ ၁၃ ရက် တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အကြောင်းကြားလာသည်ဟု ငါးဖမ်းသမားများက ပြောသည်။

“သူတို့ ခွင့်မပေးမချင်း ငါးဖမ်းမထွက်ဖို့ ဝန်ခံကတိတွေထိုးပြီး အာမခံပေးရတယ်။ မနေ့က စပိတ်တာ။ ဘယ်အချိန်ထိ ပိတ်ထားမလဲဆိုတာတော့ အတိအကျမသိရဘူး” ဟု ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

ပင်လယ်ပြင်ငါးဖမ်းခြင်းမှာ ငပလီဒေသခံများ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်၍ လက်ရှိမှာ ငါးဖမ်းခွင့်ပိတ်ပင်ထားမှုကြောင့် စားဝတ်နေရေးအက်အခဲများနှင့် ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြသည်။ 

“ငါးဖမ်းစက်လှေမှာ လုပ်နေကြတဲ့ အလုပ်သမားတွေကတော့ တစ်ရက်နှစ်ရက်လောက် အလုပ်မလုပ်ရရင် စားဖို့သောက်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်” ဟု ငပလီမြို့က ငါးဖမ်းစက်လှေတွင် လုပ်ကိုင်နေသူ ကိုတင်စိုးက ပြောသည်။  

အလားတူ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ငါးဖမ်းမထွက်ကြရန် စစ်ကောင်စီတပ်သားများက တားမြစ်ထားကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။  

“ဆိပ်ကမ်းမှာရှိတဲ့ သူတို့(စစ်ကောင်စီ)တပ်သားတွေက ငါးဖမ်းမထွက်ရတာ။ ဘာကြောင့်လဲတော့ မသိရဘူး။ ကျနော်တို့မှာတော့ တစ်ရက်ငါးဖမ်းမထွက်ရရင် တစ်ရက်စားဖို့သောက်ဖို့ အခက်အခဲရှိတယ်” ဟု ကျောက်ဖြူမြို့မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်စိန်က ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲပြန်ဖြစ်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီက မြို့အားလုံး၏ အဝင်အထွက်ဂိတ်များကို ပိတ်လိုက်ပြီး တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်သွားလာနေသော ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့်များကိုလည်း ပိတ်ဆို့လိုက်သည်။  

#DMG #D008

ဗီဒီယိုများ