- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
"ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊ မိုင်းယုဒေသရဲ့ ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ဒေသခံအမျိုးသမီးတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
12 Jul 2025

DMG ၊ အင်တာဗျူး
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နဲ့ အာရက္ခတပ်တော်(AA)တို့ဟာ တရုတ်နယ်စပ်က မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မိုင်းယုဒေသကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာ သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
မိုင်းယုဒေသဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့နဲ့ ၇ မိုင်ခန့်သာ ကွာဝေးပါတယ်။ ညီနောင်သုံးဖွဲ့ဟာ မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အခွန်ကောက်ခံပြီးတော့ ဒေသအတွင်း ဆေးရုံ၊ စာသင်ကျောင်း စတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊ မိုင်းယုဒေသရဲ့ ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ဒေသခံအမျိုးသမီးတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မိုင်းယုဒေသရဲ့ လက်ရှိအခြေအနေကို ဦးစွာသိပါရစေ။
ဖြေ ။ ။ မိုင်းယုဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းအုပ်ချုပ်မှု ပုံစံကတော့ သူတို့ တန်းတူညီမျှပဲ လုပ်ထားပါတယ်။ ကုန်သွယ်ရေးက အစပေါ့။ ကျန်းမာရေး အကုန်လုံး ဘယ်ဟာပဲလုပ်လုပ် တိုင်ပင်ပြီးတော့ လုပ်ကြတယ်။ အဓိကတော့ စီးပွားရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ် စုပေါင်းပြီးတော့ လုပ်ကြတယ်။ လုံခြုံရေးလုပ်ငန်းကကျတော့ အများကြီး ပြောလို့မရဘူး။ ဒါပေမယ့် သုံးဖွဲ့စလုံးက ကင်းနဲ့ မြို့လုံခြုံရေး ယူတာကအစ အကုန်လုံးကို သုံးဖွဲ့စလုံးက လုပ်ဆောင်ပေးနေတယ်။ လက်ရှိမှာလည်း သူ့ဂိတ်နဲ့ သူ့တာဝန်ချပြီး လုပ်နေတယ်။ အဓိက လုံခြုံရေးပိုင်းမှာရော၊ အုပ်ချုပ်ရေးပိုင်းမှာရောဆိုရင် တာဝန်ရှိသူတွေကို ပြန်သုံးထားတယ်။
မေး။ ။အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့က ဘယ်လိုကွဲပြားတာ တွေ့ရပါသလဲ။
ဖြေ။ ။ညီနောင်မဟာမိတ်တွေ အုပ်ချုပ်တာက ဘာကွာခြားချက်တွေရှိလဲဆိုတော့ ပွင့်လင်းမြင်သာမှု ပိုရှိလာတယ်ပေါ့နော်။ လက်ရှိမှာ အခွန်အခတွေကအစ အများကြီးကောက်ခံတာမျိုးတွေ မရှိသေးဘူး။ အခွန်တော်တော်များများတော့ လက်ရှိမကောက်သေးဘူး။ ဖြတ်သန်းခတို့၊ ကုန်သွယ်ခွန်လောက်ပဲရှိတယ်။ ဒီလိုမျိုးကွာတာပေါ့။
မေး။ ။လက်ရှိ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ပြောရမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းတော့ မကောင်းမွန်သေးဘူး။ အောက်ပိုင်းလမ်းတွေ (မြန်မာဘက်အခြမ်း) အရမ်းမကောင်းသေးတဲ့ အခါကျတော့ အပေါ်(တရုတ်နိုင်ငံ)က ကုန်စည်စီးဆင်းမှုကလည်း နည်းနည်းလေးတော့ အခက်အခဲရှိတာပေါ့။ အရင်ကဆိုရင် ပြည်တွင်းထွက်တဲ့ကုန်ကို ဟိုဖက်ကိုပို့တယ်။ ဟိုဖက်ကကုန်တွေ ဒီဖက်ကိုစီးဆင်းတယ်။ ဆိုတော့ အခုအောက်ဖက်ကနေလည်း အပေါ်ကို ကုန်တွေအများကြီး မပို့နိုင်ဘူး။ ဟိုဖက်ကလည်း အများကြီးဝင်တာမျိုးလည်း မရှိဘူးဆိုတော့ အရင်ကထက်စာရင် နည်းနည်းတော့ မကောင်းမွန်သေးဘူး။ အရောင်းအဝယ်တော့ဖြစ်တယ်။ ကုန်စည်စီးဆင်းမှု အခြေအနေတော့ရှိတယ်။ ဒါပေမယ့် အရင်ကလောက် ပြန်မကောင်းသေးဘူး။
မေး။ ။ညီနောင်သုံးဖွဲ့ရဲ့ အခွန်အခကောက်ခံမှုစနစ်ကို ဘယ်လိုမျိုး ချမှတ်ထားတာလို့သိရလဲ။ ကောက်ခံရရှိတဲ့ အခွန်ငွေတွေကို ဘယ်နေရာတွေမှာ သုံးနေတာမြင်ရလဲ။
ဖြေ။ ။အခွန်စနစ်က အများကြီးတော့ ပြောလို့မရသေးဘူး။ လက်ရှိဆိုရင် ကျန်းမာရေး အခြေအနေပေါ့နော်။ ဆေးရုံပြန်ဖွင့်တယ်။ ကျောင်းတွေလည်း အများကြီးလုပ်ဖို့ရှိတယ်၊ အစီအစဉ်ဆွဲထားတာတွေပေါ့။ လက်ရှိမှာက အရမ်းကြီးတည်ငြိမ်နေတဲ့ အနေအထားမဟုတ်တော့ အကန့်အသတ်လေးနဲ့ လုပ်နေကြတာတွေရှိတယ်။ စီမံကိန်းတွေလည်း အများကြီး ဆွဲထားတာတွေရှိတယ်။ လမ်း၊ တံတား စီမံကိန်းတွေ၊ ပညာရေးနဲ့ပတ်သက်ပြီး အများကြီးဆွဲထားတာတွေရှိတယ်။ လက်ရှိမှာက အခြေအနေပေါ်မူတည်ပြီးတော့ လုပ်သွားမယ်ထင်တယ်။
မေး။ ။လက်ရှိမှာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရှိမလဲ။
ဖြေ။ ။ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ လက်ရှိမှာ သူတို့ တည့်တည့်ဆိုင်ဆိုင် ညှိနှိုင်းတာမျိုးတော့ မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာတော့ စီမံကိန်း အနေအထားလောက်ပဲ သွားထားတာမျိုးဆိုတော့ နောက်ပိုင်းမှာ ဖြစ်လာမယ့်ဟာတွေကို စီမံကိန်းဆွဲထားတာမျိုးတော့ ရှိပါတယ်။ ဒါကတော့ ကုန်သွယ်ရေးဆိုရင်လည်း ပိုမိုတိုးတက်လာအောင် စီစဉ်ထားတာတွေရှိမယ်။ ပြီးရင် ကုန်သည်တွေ အတွက်ကျတော့ အောက်ဘက်က အခြေအနေတွေပေါ်မှာလည်း မူတည်တယ်။ အောက်ဘက်ကနေ ကုန်တွေ ပြန်ဝင်လာတာမျိုး၊ ပြီးလို့ရှိရင် ဟိုဘက်ကနေ ကုန်စည်စီးဆင်မှု ကောင်းလာတာမျိုးဆိုရင် အခွန်အခတွေကို သေသေချာချာလေး တရားဝင်စည်းကြပ်သွားမှာမျိုး ရှိပါတယ်။
မေး။ ။ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေတို၊ ရေရှည် စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေတာ တွေ့ရပါသလဲ။
ဖြေ။ ။ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရေရှည်စီမံကိန်းကတော့ သူတို့လည်း ကွင်းဆင်းလေ့လာ ထားတာတွေရှိတယ်။ လက်ရှိမှာက စီမံကိန်းဆွဲလို့ပဲ ရအုံးမယ်ပေါ့။ ရေတို၊ ရေရှည် စီမံကိန်းရေးဆွဲလို့ပဲ ရအုံးမယ်။ အဓိကတော့ စိုက်ပျိုးမွေးမြူရေးတွေရှိမယ်။ ကုန်သွယ်ရေးရှိမယ်။ ဒါတွေကို ဒေသခံတွေနဲ့ စီမံကိန်း ဆွဲထားတာတွေ ရှိပါတယ်။
မေး။ ။မိုင်းယုဒေသမှာ ဆေးရုံ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားတဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။အရင်တုန်းကဆိုရင် ၁၀၅ မိုင်မှာကျတော့ ပညာရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် အဓိက မူဆယ်မှာပဲ တက်ရတယ်။ ကျန်းမာရေးဆိုရင်လည်း မူဆယ်ကို အဓိကသွားရတယ်။ ဆိုတော့ ဒီဘက်ပိုင်းမှာ အားနည်းတယ်။ လက်ရှိမှာတော့ သူတို့ ဆေးပေးခန်းတွေ၊ ဆေးရုံတွေဖွင့်တယ်။ စာသင်ကျောင်းတွေလည်း ကောင်းကောင်းမွန်မွန် လုပ်ပေးထားတယ်။ အဓိကတော့ သီးသန့်ဖွံ့ဖြိုးလာအောင် လုပ်မယ့်အနေအထားမှာ ရှိတယ်။
ဒီနေရာက ကုန်သွယ်ရေးလမ်းကြောင်းလည်း ကောင်းတယ်။ ပြီးရင် နောက်ပိုင်းမှာ လူနေများလာမယ့် အခါကျရင်လည်း ဒေသခံတွေအပါအဝင် အကုန်လုံးအဆင်ပြေအောင် လုပ်ပေးထားတာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးကို အဓိကထားတယ်။ ပညာရေးကျတော့လည်း နောက်ပိုင်းဆိုရင် တိုးဖွင့်မယ်။ ကျောင်းကြီးတွေပါ ဖွင့်မယ့်အနေအထားမှာ ရှိပါတယ်။
မေး။ ။မိုင်းယုဒေသအတွက် ဒေသခံတစ်ဦးရဲ့ မျှော်လင့်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ဒေသခံတစ်ယောက်အနေနဲ့ဆိုရင် ဒီမိုင်းယုဒေသကို ကုန်သွယ်ရေးဇုန်ကြီး တစ်ခုအနေနဲ့ ရည်မှန်းထားတယ်။ စက်မှုံဇုန်တွေလည်းရှိမယ်။ ကားဝင်းကြီးတွေလည်းရှိမယ် ဒီလိုပေါ့။ နောက်တစ်ခုကကျတော့ ညီနောင်မဟာမိတ် သုံးဖွဲ့ဆိုတဲ့အတွက် စည်းစည်းလုံးလုံးလည်း ရှိချင်တယ်။ ဒီရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ်ပေါ့လေ။ အဓိကတော့ အချင်းချင်းသွေးမကွဲဖို့လိုတယ်။ ကျန်တဲ့ဒေသတွေ သူတို့ဘာသာသူတို့ ဘယ်လိုပဲခွဲဝေခွဲဝေပေါ့။ ဒီနေရာကကျတော့ ဇုန်တစ်ခုလိုဖြစ်နေမှာပေါ့။ ဒီလိုတော့ မှန်းထားပါတယ်။
မေး။ ။မိုင်းယုဒေသနဲ့ပတ်သက်လို့ ညီနောင်သုံးဖွဲ့ကို ဘာပြောချင်လဲ။
ဖြေ ။ ။မဟာမိတ်သုံးဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ ဒီမိုင်းယုဒေသမှာ အရမ်းကောင်းမယ့် အနေအထားရှိတယ်။ ပြီးရင်အရမ်းလည်း အရေးပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဖွဲ့တည်းမဟုတ်ဘူး။ နောက်ပိုင်းမှာလည်း ဒီလိုစည်းစည်းလုံးလုံးနဲ့ သွားဖို့လိုတယ်။ ပြောရမယ်ဆိုရင် တစ်ဦးတည်းအားနဲ့ဆိုရင် ဒါဖြစ်ချင်မှဖြစ်မှာ။