- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းများကြောင့် ရခိုင်တွင် ၂၀၁၇ ခုနှစ်မှ စ၍ ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း လွန်ခဲ့သောနှစ်မှ စပြီး ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်နှင့် စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲအဖြစ် ရခိုင်မှာ ငှက်ဖျားရောဂါ တကျော့ပြန်ဖြစ်ပွားလာခဲ့ပြီးဖြစ်ပွားမှု ပြင်းထန်နေဆဲဖြစ်သည်။
27 Aug 2025

နေဝင်းစံ - ရေးသည်
အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးက သမီးဖြစ်သူ ငှက်ဖျားကြောင့် သေဆုံးခဲ့ရပုံကို ရှင်းပြရန် စကားစလိုက်သည်နှင့် တပြိုင်နက် သမီးဖြစ်သူအမည်ကို နှုတ်မှ ရေရွတ်ရင်း မျက်လုံးအိမ်မှ မျက်ရည်စက်များက စီးကျလာခဲ့တော့သည်။
"သမီးလေးကို ဆေးရုံတင်လို့ ဆေးတစ်လုံးတောင် မဝင်ခဲ့တော့ဘူး၊ နံနက် ၇ နာရီ ဆေးရုံတက်တယ်ဆိုရင် နံနက် ၁၀ နာရီလောက်မှာ ဆုံးသွားတယ်" ဟု ကျောက်တော်မြို့နယ်၊ ကျေးရွာတစ်ခုတွင် နေထိုင်သည့် ဒေါ်မဝင်းက ငိုရှိုက်ရင်း ပြောပြသည်။
ဒေါ်မဝင်းတွင် သမီးလေးဦးရှိသည့်အထဲက ၂၃ နှစ်အရွယ် မစိုးစိုးစံမှာ ပြင်းထန်ငှက်ဖျားရောဂါကြောင့် ယခုနှစ် ဇွန်လ ၃ ရက်က ဆုံးပါးသွားခဲ့ရသည်။
"ဆေးရုံရောက်တဲ့အခါ ခေါင်းကိုက်တဲ့အတွက် မခံနိုင်ရင်အော်တယ် သူ(မစိုးစိုးစံ)က။ ဆေးရုံရောက်လို့ စမ်းကြည့်တာနဲ့ သွေးခမ်းနေတာကို သိနေကြပြီ။ ဆရာဝန်က ပြောတယ်၊ တော်တော်ပြင်းထန်တဲ့ ငှက်ဖျားတဲ့။ သမီးလေးရဲ့ လက်တွေ၊ ခြေတွေကအစ တစ်ကိုယ်လုံး ဖြူဖတ်ဖြူရောဖြစ်သွားတာ" ဟု သမီးဖြစ်သူ ဆေးရုံတွင် ကြုံခဲ့ရသည့်အခြေအနေကို ဒေါ်မဝင်းက ပြန်ပြောပြသည်။
ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းများကြောင့် ရခိုင်တွင် ၂၀၁၇ ခုနှစ်မှ စ၍ ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း လွန်ခဲ့သောနှစ်မှ စပြီး ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်နှင့် စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲအဖြစ် ရခိုင်မှာ ငှက်ဖျားရောဂါ တကျော့ပြန်ဖြစ်ပွားလာခဲ့ပြီးဖြစ်ပွားမှု ပြင်းထန်နေဆဲဖြစ်သည်။
မိုးနှင့်အတူ ရောက်လာတဲ့ ငှက်ဖျား
ယခုနှစ်မိုးဦးကာလမှာ ဒေါ်မဝင်း၏ သမီးများဖြစ်ကြသော ၁၉ နှစ်အရွယ် မခိုင်ဖြိုးနွယ်၊ ၂၃ နှစ်အရွယ် မစိုးစိုးစံနှင့် ၂၈ နှစ်အရွယ် မမေသန်းချေတို့မှာ ရှေ့ဆင့်နောက်ဆင့် ဖျားနာခဲ့ကြသည်။ သာမန်ဖျားနာခြင်းဟု ထင်မှတ်ကာ ရွာက ကျန်းမာရေးဝန်ထမ်းထံမှ ဆေးဝယ်သောက်ခဲ့ကြသည်။
ဆေးသောက်သော်လည်း မစိုးစိုးစံတစ်ယောက် တစ်နေ့ထက်တစ်နေ့ ရောဂါဆိုးဝါးလာသဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ချိန်မှာ ငှက်ဖျားရောဂါဖြစ်နေမှန်း သိလိုက်ရတော့သည်။
"ကျွန်မ သမီးလေးကို ပြောတယ်။ နေမကောင်းရင် ဆေးခန်းသွားကြမယ်လို့၊ သူက နည်းနည်းသက်သာပါတယ်ပဲ ပြောတယ်။ ငွေလည်း မတတ်နိုင်ဘူးလေ။ ကျွန်မယောကျ်ားကလည်း အသက် ၆၅ နှစ်ရှိပြီ၊ လုပ်စားမယ့်အရွယ် မဟုတ်တော့ဘူး၊ ဒါပေမယ့် သူများဆီမှာ လယ်အငှားလုပ်ပါတယ်။ အဲဒီလုပ်အားခအတွက် ကျွန်မငွေတောင်းပြီး သမီးလေးကို ဆေးရုံတင်တယ်" ဟု ဒေါ်မဝင်းက ပြောပြသည်။
ကျောက်တော်မြို့နယ်က ကျေးရွာတစ်ရွာမှာ နေထိုင်ကြသော ၎င်းတို့မိသားစုမှာ လယ်အငှားအလုပ်၊ ပျိုးအငှားစိုက်၊ အုတ်ဖိုတွင်အငှားလိုက်နှင့် ကြုံရာအလုပ်များကို လုပ်ကိုင်ကြသည်။
ငှက်ဖျားကြောင့် မစိုးစိုးစံ ဆုံးပါးသွားသည့်နေ့တွင် နောက်ထပ် မခိုင်ဖြိုးနွယ်နှင့် မမေသန်းချေတို့လည်း ဆေးရုံတက်ခဲ့ရသည်။ ရောဂါပြင်းထန်သည့် မခိုင်ဖြိုးနွယ်မှာလည်း သတိမေ့မျောသည်အထိ ဖြစ်ခဲ့ရသည်။ သို့သော် ဆေးရုံအချိန်မီ ရောက်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။
"နောက်ထပ်သမီးတစ်ယောက်ကလည်း အသည်းအသန်ဖြစ်နေတာ။ လူတွေဝိုင်းပြီး ချုပ်ထားလဲ မနိုင်ဘူး ရုန်းတာ။ လျှာထွက်ရင် ကိုယ်လျှာကိုယ် ကိုက်တယ်။ နှုတ်ခမ်းတွေကို ကိုက်တယ် အဲ့လိုမျိုးဖြစ်တာ။ ဆေးတွေဆက်တိုက် ထိုးပြီးမှပဲ မစိုးရိမ်နဲ့တော့ဆိုပြီး ဆရာဝန်က ပြောတာ။ ဆေးရုံမှာ တစ်ပတ်လောက်နေခဲ့ရပြီးမှ အိမ်ပြန်ခွင့်ရခဲ့တယ်" လို့ သမီးဖြစ်သူ မခိုင်ဖြိုးနွယ်အဖြစ်ကို ဒေါ်မဝင်းချေက ပြောပြသည်။
ငှက်ဖျားရောဂါသည် မိုးဦးရာသီနှင့် မိုးနှောင်းကာလများတွင် အဖြစ်များတတ်ပြီး ခြင်ထောင်များဖြင့် စနစ်တကျ အိပ်စက်ရန် လိုအပ်ကာ ငှက်ဖျားပိုးပါသည့် ခြင်ကိုက်ခံရပါက ၁၀ ရက်မှ ၄ ပတ်အတွင်း ရောဂါလက္ခဏာ ပြတတ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။
"ငှက်ဖျားဖြစ်နေလို့ ဆေးသောက်နေပြီးတော့ အဖျားကိုမထိန်းနိုင်ဘူးဆိုရင် သုံးရက်လောက်မှာ အဲဒီလူဟာ သတိမေ့မျောသွားနိုင်တယ်။ အဲဒီလိုအခြေအနေဆိုရင် ဆေးရုံသွားရမယ်။ ဆေးမှီရင်တော့ သက်သာနိုင်တယ်။ ဆေးမမှီဘူးဆိုရင်တော့ ငှက်ဖျားပိုး ဦးနှောက်ကို ရောက်ပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်" ဟု ကျောက်တော်မြို့နယ်မှ ဆေးဆိုင်ရောင်းချနေသည့် မမိုးနွယ်က ပြောသည်။
အစွန်းရောက်ရာသီဥတုနှင့် ငှက်ဖျားရောဂါ
မြန်မာနိုင်ငံ၏အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ကို ကျောခိုင်းထားသည့် ရခိုင်ပြည်နယ်သည် ၂၀၁၄ ခုနှစ်က စစ်ကိုင်းတိုင်းနှင့်အတူ ငှက်ဖျားအဖြစ်များဆုံး ဒေသထဲတွင် ပါဝင်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်အထက်ပိုင်း၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသနှင့် အမ်းမြို့နယ်တို့မှာ တောတောင်ထူထပ်သောဒေသ ဖြစ်သည့်အလျှောက် ငှက်ဖျားရောဂါကို နှစ်စဉ်ကြုံရလေ့ရှိသော ဒေသများဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်က ရခိုင်ကို ဝင်ရောက်ခဲ့သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း "မိုခါ" တိုက်ခတ်ပြီးနောက်တွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ရှောင်စခန်းအချို့မှာ ငှက်ဖျားရောဂါ တကျော့ပြန် ဖြစ်ပွားလာခဲ့သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA Myanmar) စာရင်းအရ ဆိုင်ကလုံးမုန်တိုင်း "မိုခါ" ကြောင့် ရခိုင်ပြည်နယ်အပါအဝင်၊ ချင်း၊ စကိုင်း၊ မကွေးနှင့် ကချင်တို့တွင် လူဦးရေ ၁ ဒသမ ၆ သန်း ထိခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ အတည်ပြုနိုင်ခဲ့တဲ့ ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း ၂၂၈,၅၆၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးအသိပညာများ မျှဝေပေးနေသည့် Zifam Myanmar က ဖော်ပြသည်။
ရခိုင်တွင် ၂၀၂၃ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းထက် ၂၀၂၄ ခုနှစ်တွင် တိုးလာခဲ့ပြီး သေဆုံးသူ ၂၀ ထက်မနည်း ရှိခဲ့သည်။ ယင်းအထဲတွင် မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသမှ ၅ ဦးခန့်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှ ၅ ဦးခန့် ပါဝင်သည်။
"တစ်အိမ်မှာ ငါးယောက်ရှိရင် ငါးယောက်လုံးဖြစ်ပါတယ်။ ကလေးတွေဆိုရင် ဆေးရုံဆေးခန်းတွေသွားပြီး သွေးသွင်းရတယ်" ဟု မင်းပြားမြို့နယ် ဖုံသာချောင်း၀န်းကျင်တွင်ရှိသည့် ပြင်း၀ကျေးရွာက ဒေါ်အေးစိန်ဖြူက ပြီးခဲ့သည့်နှစ်က သူ့မိသားစု ငှက်ဖျားရောဂါဖြစ်ခဲ့သည့်အခြေအနေကို ရှင်းပြသည်။
ရေကြီးပြီးနောက် ကျေးရွာကလူများ ငှက်ဖျားရောဂါခံစားလာရသည့်အတွက် ငှက်ဖျားရောဂါဖြစ်ခြင်းသည် ရေကြီးမှုနှင့် ဆက်စပ်နေနိုင်ကြောင်း ဒေါ်အေးစိန်ဖြူတို့ ဒေသခံများက ယူဆကြသည်။
မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရေကြီးရေလျံမှုကြောင့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်ခဲ့သည့်နောက်မှာ ငှက်ဖျားဖြစ်ပွားမှုမြင့်တက်ခဲ့ပြီး သေဆုံးသူများရှိခဲ့သည်။
ယခု ၂၀၂၅ ခုနှစ် မိုးဦးကာလမှာလည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်မြို့နယ်တို့မှာ ရေကြီးရေလျံမှု ဖြစ်ပွားခဲ့သည်။
ငှက်ဖျားကြောင့် သမီးဆုံးပါးသွားသည့် ဒေါ်မဝင်းတို့ နေထိုင်ရာ ကျောက်တော်မြို့နယ်က ကျေးရွာမှာလည်း နှစ်စဉ်ရေကြီးမှုကို ကြုံတွေ့ရပြီး ယခုနှစ် ဇွန်လအတွင်းက ရေကြီးသည့်အခါ နေအိမ်အောက်အထိ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။
"ဒီနှစ်အတွင်းမှာ လေးကြိမ်မြောက်ရေကြီးခဲ့ပြီ။ ရေကြီးလို့ရှိရင် ကျွန်မတို့နေအိမ် အောက်ခန်းထိ မြုပ်တယ်။ ကျမ သမီးကို ဆေးရုံတင်မယ့်အချိန်မှာ ရေပြည့်နေတဲ့အတွက် ဘယ်လိုမှ သွားမရလို့ ပုခုံးပေါ်တင်ပြီး သွားခဲ့ရတယ်" သူက ပြောပြသည်။
ရခိုင်ပြည်နယ်ကဲ့သို့ ကမ်းရိုးတန်းဒေသများတွင် အပူချိန်နှင့် မိုးရေချိန်မှာ ဆယ်စုနှစ်တိုင်း တိုးလာနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် NASA NEX GDDP ၏ အချက်အလက်များအရ သိရသည်။
အစွန်းရောက်ရာသီဥတု ဖြစ်စဉ်များဖြစ်သော အပူချိန်ပြင်းထန်ခြင်း၊ ရေရှားခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်စဉ်များသည် ခြင်ပေါက်ဖွားမှုနှင့် ပျံ့နှံ့မှုကို ပိုဖြစ်စေကြောင်း ကမ္ဘာ့ခြင်အန္တရာယ်ကာကွယ်ရေး အစီအစဉ် (World Mosquito Program -WMP) ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။
လက်ရှိမှာ ဒုက္ခသည်စခန်းများအပါအဝင် ရခိုင်က ကျေးရွာ ၉၀ က အိမ်ထောင်စု ၃,၄၆၁ စု၊ လူဦးရေ ၁၂,၂၄၉ ယောက်မှာ ရေဘေးသင့်လျက်ရှိပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု အာရက္ခပြည်သူ့အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ ငှက်ဖျားရောဂါ
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများ မိမိနေရပ်သို့ပြန်သွားကြချိန်တွင် နှစ်ရှည်လများ လူနေထိုင်မှု မရှိခြင်းကြောင့် ခြင်ပေါများခြင်း၊ တောတောင်များကိုအမှီပြုကာ လုပ်ကိုင်စားသောက်ရသည့် စစ်ဘေးရှောင်များ တိုးလာနေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လက်မမှီခြင်းတို့မှာ ငှက်ဖျားရောဂါဖြစ်ပွားနှုန်း မြင့်တက်ရသည့် အကြောင်းရင်းများထဲတွင် ပါဝင်ကြောင်း ရခိုင်ဒေသခံများက သုံးသပ်ကြသည်။
ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသည့် အသက် ၃၀ အရွယ် မလှမြင့်အေးမှာ ၁၂ နှစ်အရွယ် အမွှာသားနှစ်ယောက်နှင့် ၆ နှစ်အရွယ် သမီးတစ်ယောက်တို့ ရှိသည်။
စစ်ဘေးရှောင်စခန်းအတွင်း ကျဉ်းကျပ်စွာနေထိုင်ရသည့်အပြင် စခန်းတွင်း စည်းကမ်းမဲ့ စွန့်ပစ်ထားကြသည့် အမှိုက်ပုံနှင့် နီးကပ်စွာနေထိုင်ရခြင်းတို့ကြောင့်လည်း ခြင်ပေါက်ဖွားမှုနှုန်းမြင့်တက်နေသည့် ယခုကာလတွင် သားသမီးများ ငှက်ဖျားရောဂါဖြစ်ပွားမည်ကို စိုးရိမ်ပူပန်နေသည်။
"ခြင်ထောင်တွေကလည်း အိမ်ကပါလာတဲ့ အဟောင်းတွေဆိုတော့ အပေါက်တွေကို ဖာထဲပြီးတော့ အိပ်ကြရတာ။ ဝယ်လို့လည်း အဆင်မပြေပါဘူး။ ခြင်ထောင်တစ်လုံးကို လေး၊ ငါးသောင်းနဲ့ တစ်ယောက်မှ မဝယ်နိုင်ဘူး" ဟု မလှမြင့်အေးက ပြောသည်။
မလှမြင့်အေးတို့ မိသားစုမှာ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာမှ ကျောက်တော်မြို့နယ်သို့ စစ်ဘေးတိမ်းရှောင်လာခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
စခန်းအတွင်း အထောက်အပံ့မရရှိသည်မှာ ၅ လခန့် ကြာမြင့်နေပြီဖြစ်ကာ စားဝတ်နေရေးအတွက် မလှမြင့်အေးတို့ လင်မယားနှစ်ဦးက ပုံမှန်ဝင်ငွေမရှိသည့် ကုန်တင်၊ ကုန်ချအလုပ်ဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြသည်။
"ခြင်ဆေးဖြန်းတာလည်း မရှိဘူး။ ခြင်ထောင်ပေးတာလည်း မရှိဘူး။ ကျန်းမာရေးကို ကြိုတင်ကာကွယ်ချင်တယ်။ စခန်းမှာ ဆေးခန်းတစ်ခု လိုတယ်" ဟု မလှမြင့်အေးက တောင်းဆိုသည်။
မလှမြင့်အေးတို့နေထိုင်ရာ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၃၀ ကျော်၊ လူဦးရေ ၁၃၀၀ ဦးရှိပြီး ယင်းအထဲတွင် ၅ နှစ်အောက်ကလေး ၁၅၀ ကျော်နှင့် နို့တိုက်မိခင် ၄၀ ကျော်ရှိသည်။
တိုက်ပွဲတစ်နှစ်ကျော်ကာလအတွင်း ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်။ နောက်ထပ် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသဖြင့် ရေတွင်းရေကန်များတွင် ခြင်ပေါက်ဖွားမှုမြင့်မားခဲ့ကာ ဒေသခံအချို့ ပြန်လည်နေထိုင်ချိန်တွင် ခြင်ကိုက်ခံရကာ ငှက်ဖျားဖြစ်လာခြင်းဟု တောင်ကုတ်ဒေသခံ ကိုစော(အမည်လွဲ)က ပြောသည်။
"နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့တဲ့ ကာလတစ်ခု ရှိခဲ့တယ်။ တိုက်ပွဲအလွန်ကာလမှာ ဆေးဝါးမရှိ၊ သွေးစစ်တာတောင် အခက်အခဲရှိခဲ့တဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ငှက်ဖျားရောဂါဟာ ဘယ်အချိန်ကတည်းက စဖြစ်တယ်ဆိုတဲ့ဟာကို မသိခဲ့ရပေမယ့် ငှက်ဖျားဖြစ်နိုင်ခြေ လမ်းကြောင်းထဲမှာတော့ ဒီဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်" ဟု ကိုစော(အမည်လွဲ)က ပြောသည်။
တောင်ကုတ်မြို့နယ်တွင် ၂၀၁၇ ခုနှစ်အထိ ပျောက်ကွယ်နေခဲ့သော ငှက်ဖျားရောဂါမှာ ၂၀၂၄ ခုနှစ်မှ စတင်၍ ပြန်လည်တွေ့ရှိလာရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အာရက္ခတပ်တော် (AA)က သိမ်းပိုက်ခဲ့သည်။
တောင်ကုတ်မြို့နယ်အတွင်း ငှက်ဖျားကြောင့် သေဆုံးသည့် သတင်းများကို မကြားမိသော်လည်း တောင်ကုတ်မြို့နယ်မှ ပြည်မသို့သွားရောက်ပြီး ရန်ကုန်တွင် ငှက်ဖျားကြောင့်သေဆုံးသွားသူ သုံးဦးရှိကြောင်း ကိုစော(အမည်လွဲ)က ပြောသည်။
သေဆုံးသူများထဲတွင် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်မသိရသူတစ်ဦးတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အတည်မပြုနိုင်သည့် သတင်းများအရ တောင်ကုတ်မြို့နယ်မှ ပြည်မဘက်သို့ ရိုးတောင်ဖြတ်ကျော်ကာ သွားသည့် လူငယ်သုံးဦးမှာ လမ်းခုလပ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့မှုများ ဇွန်လအတွင်းက ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်အတွင်းမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်ရှိလာနေကြောင်း အာရက္ခပြည်သူ့အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်ဇွန်လအတွင်းက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် သေဆုံးသူ ၁၅ ထက်မနည်းရှိကြောင်း အမ်းဒေသခံများက ပြောသည်။
အမ်းမြို့နယ်မှာ ရခိုင်ရိုးမတောင်ခြေနှင့် နီးကပ်စွာတည်ရှိနေသည့်အပြင် စစ်ဘေးရှောင်များမှာ အမိုးအကာ မလုံခြုံခြင်း၊ ခြင်ထောင်မရှိခြင်းတို့ကြောင့် ငှက်ဖျားဖြစ်ပွားမှု မြင့်တက်နေရကြောင်း သိရသည်။
"ငှက်ဖျားဖြစ်တာက တော်တော်များလာတယ်။ သေတဲ့သူတွေလည်း တဖြည်းဖြည်းတိုးလာတယ်။ ဆေးဝါးအခက်အခဲတွေ၊ တခြားအခက်အခဲတွေကြောင့် မိုးများတဲ့ကာလရောက်ရင် ပိုဆိုးလာမယ့် အခြေအနေမှာရှိတယ်" ဟု အမည်မဖော်လိုသည့် အမ်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော် (AA)က အမ်းမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် မြို့ခံများဝင်ရောက်နေခွင့်ကို တားမြစ်ထားကြောင်း သိရသည်။ အမ်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ကျော်ရှိသည်။
ရခိုင်ကို တကျော့ပြန်လာသော ငှက်ဖျား
အာဏာမသိမ်းခင်က ရခိုင်ပြည်နယ်အတွင်းမှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးကို ပြည်နယ်အစိုးရ၏ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် နိုင်ငံတကာအဖွဲ့အစည်းအဖွဲ့အစည်းအချို့ဖြစ်သည့် WHO, JICA, USAID/PMI , MSF, Malteser စသည့်မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ငှက်ဖျားရောဂါကာကွယ်ရေးကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြသည့်အတွက် ငှက်ဖျားရောဂါဖြစ်ပွားမှု တဖြည်းဖြည်း လျော့ပါးလာသည်ကို တွေ့ရသည်။
ရခိုင်ပြည်တောင်ပိုင်းက တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်တို့တွင် ငှက်ဖျားတိုက်ဖျက်ရေး ရှေ့ပြေးနေရာအဖြစ် အဓိက အာရုံစိုက်ခဲ့ကြပြီး ရခိုင်ပြည်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ကိုလည်း အလေးထားခဲ့ကြသည်။
အာဏာမသိမ်းမီနှစ်များတွင် ရခိုင်ပြည်အတွင်းက တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့တွင်လည်း ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ခဲ့ကြသည်။
ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့များက ငှက်ဖျားတိုက်ဖျက်ရေး ရှေ့ပြေးစီမံချက်များ အကောင်အထည်ဖော်ခြင်း၊ ငှက်ဖျားအဖြစ်များဆုံး နေရာများကို စောင့်ကြည့်ခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ သုံးသပ်သတင်းပို့ခြင်း၊ ရွှေ့လျားဆေးခန်းများဖြင့် ကုသခြင်း၊ လူထုအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ငှက်ဖျားရောဂါ ရှိ၊မရှိ စစ်ဆေးကုသခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အာဏာသိမ်းပြီးနောက် အဖွဲ့အစည်းတချို့က ငှက်ဖျားရောဂါတိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် MSF က ငှက်ဖျားတိုက်ဖျက်ရေးဆောင်ရွက်ခဲ့သည့် ရွှေ့လျားဆေးခန်း ၁၄ ခုကို ၂၀၂၄ ဇွန်မှ စ၍ အကန့်အသတ်မရှိ ရပ်နားခဲ့ရပြီး ငှက်ဖျားရောဂါ တကျော့ပြန်လာခဲ့သည်။
ယခုနှစ် မိုးဦးကာလအတွင်း ရခိုင်က ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားလျက်ရှိသည်။ ဇန်နဝါရီလမှ ဧပြီလအထိ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိခဲ့ရာမှာ သုံးလအကြာ ဇူလိုင်လအထိ ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော် လာခဲ့ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
အာရက္ခပြည်သူ့အစိုးရက ထိန်းချုပ်ထားသော ရခိုင်က မြို့နယ် ၁၄ ခုတွင် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်က ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်က ကျေးရွာအချို့တွင်သာ ငှက်ဖျားရောဂါဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသည့်မြို့နယ်များ ထပ်တိုးလာခဲ့သည်။
ငှက်ဖျားကြောင့် သေဆုံးသူဦးရေမှာလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က နှစ်ဆယ်ဦးခန့် ရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်တွင် ၃၀ ကျော်အထိ ရှိလာနေသည်။ ယခုနှစ် ငှက်ဖျားကြောင့်သေဆုံးသူများမှာ အမ်းမြို့နယ်မှ အများဆုံးဖြစ်သည်။
"မြေပြင်မှာက ဒေသအတွင်းကူးစက်မှုနည်းပြီး ငှက်ဖျားအဖြစ်များတဲ့ ဒေသကို ခရီးသွားသူတွေ၊ တောတောင်ကိုမှီပြီး အလုပ်လုပ်ကိုင်သူတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေတာကို တွေ့ရပါတယ်" ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွက် တစ်ခုတည်းသော ကုန်စည်ရရှိရေးလမ်းကြောင်းဖြစ်သည့် အိန္ဒိယလမ်းကြောင်းမှ ကုန်ပစ္စည်းများကို ဝယ်ယူရန် သွားရောက်ခဲ့သော အသက် ၃၀ ကျော်အရွယ် ကိုကျော်သန်းတစ်ယောက် အိမ်အပြန်ခရီးတွင် ငှက်ဖျားမိလာခဲ့သည်။
ကိုကျော်သန်းမှာ ၂၀၂၄ ခုနှစ်မှစတင်ကာ အိန္ဒိယလမ်းကြောင်းမှ ကုန်ပစ္စည်းများကို ခေါက်တုန့်ခေါက်ပြန် ဝယ်ယူရောင်းချခဲ့သည်မှာ တစ်နှစ်ခွဲအထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုနှစ် မိုးဦးကာလဖြစ်သော ဇွန်လအတွင်းက ကုန်ပစ္စည်းဝယ်ယူရန် သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း မြန်မာနှင့် အိန္ဒိယနယ်စပ်က ကျေးရွာတစ်ရွာတွင် ရှိနေစဉ် ငှက်ဖျားရောဂါ စတင်ခံစားခဲ့ရခြင်းဖြစ်သည်။
ကိုကျော်သန်းအပါအဝင် လူလေးယောက်ပါဝင်သည့် အဆိုပါကုန်သည်အဖွဲ့မှာ ရခိုင်သို့ အပြန်ခရီးလမ်းတွင် နှစ်ယောက်က ငှက်ဖျားမိလာခဲ့သည်။ ယခုနှစ် မိုးဦးကာလအတွင်း အိန္ဒိယလမ်းကြောင်းမှ ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူကြသည့် ကုန်သည်များကို ငှက်ဖျားရောဂါက ခြိမ်းခြောက်ခဲ့သည်။
"ဟိုမှာက ခြင်ထောင်ချပြီး အိပ်ရတဲ့ အနေအထားမဟုတ်ဘူး၊ ရတဲ့နေရာမှာ အိပ်ရတာ။ ထမင်းဆိုင်တွေ ရှိရင် ဆိုင်ခန်းတွေမှာ တန်းစီပြီး အိပ်ကြရတာ၊ အိပ်မယ့် အဆောင်တွေ ဆောက်ပေးထားပေမယ့် လူငါးယောက်အိပ်ရမယ့်နေရာမှာ ဆယ်ယောက်အိပ်ရတာလည်း ရှိတယ်" ဟု ကိုကျော်သန်းက ပြောသည်။
ရခိုင်မှာ တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခု နှစ်ကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီက ရခိုင်ကို လမ်းခရီးပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှုများကို ဖြတ်တောက်ခဲ့သဖြင့် ကုန်စည်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူများ ခံစားခဲ့ရသည်။
တစ်ဖက်မှာလည်း ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားသော ရက္ခိုင်အမျိုးသားအဖွဲ့/အာရက္ခတပ်တော် (ULA/AA) သည် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမခံရသေးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် တရားဝင် ကုန်သွယ်ခွင့်ရရှိရန် ခက်ခဲနေသေးသည်။
ရွေးချယ်စရာမရှိသည့် ရခိုင်ကုန်သည်များမှာ လိုအပ်သည့်အစားအစာနှင့် ဆေးဝါးများရရှိနိုင်ရန် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စိန်ခေါ်မှုပေါင်းများစွာကြားမှ သွားရောက်နေကြပြီး ပြည်တွင်းကုန်စည်လိုအပ်ချက်အတွက် ကြိုးပမ်းနေကြရသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ကုန်ပစ္စည်းသွားရောက်ဝယ်ယူသူများမှာ လမ်းခရီးတွင် တောင်ပေါ်ကျေးရွာများ၌ နားခိုရခြင်း၊ ရာသီဥတု မတူညီခြင်း၊ ကုန်သည်များတည်းခိုရန် ဆောက်ထားသည့်အဆောင်များတွင် ဖြစ်သလို အိပ်စက်ရခြင်းတို့ကြောင့် ယခုနှစ်မိုးဦးရာသီတွင် အိန္ဒိယသို့သွားသည့် ကုန်သည်အများအပြားမှာ ငှက်ဖျားဖြစ်ပွားမှုနှင့် ကြုံတွေ့ကြရသည်။
"မနှစ်က ငှက်ဖျားဖြစ်တာ အဲ့လောက်မကြားဘူး၊ ဒီနှစ်တော်တော်လည်း ဖြစ်ကြတယ်။ အအေးစောလို့ ထင်တယ်။ နေမကောင်းလို့ စစ်လိုက်ရင် ငှက်ဖျား တွေ့တာပဲ၊ အိန္ဒိယဘက်သွားခဲ့လား ဖျားလို့စစ်ရင် ငှက်ဖျားပဲ အဲဒါ" ဟု ကိုကျော်သန်းက ပြောသည်။
ရခိုင်တွင် တိုက်ပွဲစတင်ချိန်ကနေ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုများကြောင့် ငှက်ဖျားကာကွယ်ဆေးကို လွယ်လင့်တကူ မရရှိနိုင်ခြင်းမှာလည်း ငှက်ဖျားရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း ဒေသခံများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းက သုံးသပ်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ဒီဇင်ဘာလကထုတ်ဝေခဲ့သော စာစောင်တွင် မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၃၈ သန်း (၂၉၁ မြို့နယ်) မှာ ငှက်ဖျားအန္တရာယ်ရှိနေကြောင်း ဖော်ပြသည်။ ယင်းအထဲက အဖြစ်များဆုံး ၅၂ မြို့နယ်မှာ ပြည်တွင်းစစ်ဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် ရှိနေကြောင်းဆိုသည်။
ရခိုင်တွင် ငှက်ဖျားရောဂါ တကျော့ပြန်ဆိုးရွားလာနေသည့်အတွက် ကာကွယ်ကုသရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရေးကြီးနေသည့်အချိန်မှာပင် အမေရိကန်အစိုးရ၏ ငွေကြေးအကူအညီ ဖြတ်တောက်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း USAID/PMI ၏ ပံ့ပိုးမှုဖြင့် ငှက်ဖျားရောဂါ ကာကွယ်/ကုသရေးဆောင်ရွက်နေသည့် မဟာမိတ်အဖွဲ့များကလည်း ၂၀၂၅ ခုနှစ် ဧပြီလတွင် ချက်ချင်းရပ်နားသွားခဲ့ရသည်။
နောက်ဆက်တွဲအနေဖြင့် ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများအပြင် အခမဲ့ ဆေးကုသမှုများကို ဆက်မလုပ်နိုင်တော့ကြောင်း ကာကွယ်ကုသရေးဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများထံမှ သိရသည်။
"သက်ရောက်မှုတွေကတော့ အများကြီးပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စီမံကိန်းလုပ်မယ့် ရွာတွေမှာဆိုရင် ရွာသားတွေအတွက် အဓိက အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့။ ကျမတိုရုံးကဆိုရင် ဝန်ထမ်းနှစ်ဆယ်လောက် အလုပ်နားလိုက်ရတယ်" ဟု USAID ၏ ထောက်ပံ့မှုဖြင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ဆောင်ခဲ့သည့် NGO အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
USAID ၏ ပံ့ပိုးမှုဖြတ်လိုက်ခြင်းကြောင့် တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်များ အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် Volunteer စနစ်၊ Supplies၊ Data system များ ကျဆင်းခဲ့ရပြီး Outbreak risk (ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ်) မြင့်တက်လာခဲ့သည်။
ထိုသို့သော အခြေအနေများကြောင့် နောက်နှစ်အနည်းငယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ ၂၀၁၅ မတိုင်မီကဲ့သို့ ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း ငှက်ဖျားတိုက်ဖျက်ရေးဆောင်ရွက်ခဲ့ကြသည့် NGO အသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။
ရခိုင်က ငှက်ဖျားတိုက်ဖျက်ရေး
ရခိုင်က ငှက်ဖျားဖြစ်ပွားမှုရှိနေသည့် မြို့နယ်အချို့တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဦးဆောင်ပြီး ခြင်ဆေးဖြန်းခြင်း၊ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။
စစ်ရေးနှင့် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခံလာရသည့်အတွက် ရခိုင်တွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည့် NGO အဖွဲ့တချို့၏ ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ဆောင်ချက်များ ရပ်တန့်လာခဲ့ပြီး လက်ရှိ ရခိုင်ပြည် တော်တော်များများကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်ကသာ ငှက်ဖျားရောဂါ ကာကွယ်လုပ်ငန်းအချို့ကို ဆောင်ရွက်နေသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဖြင့် ငှက်ဖျားအဖြစ်များသည့် ကျေးရွာတွေကိုကွင်းဆင်းပြီး အခမဲ့ ဆေးကုသပေးခြင်း၊ ပြည်သူလူထုအခြေပြု ငှက်ဖျားစေတနာ့ဝန်ထမ်းများကို သင်တန်းပေးခြင်း၊ ငှက်ဖျားဆေး ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ဆေးရုံ၊ ဆေးခန်းတွေမှာ ငှက်ဖျားဆေးများ ပြတ်လပ်မှုမရှိအောင် စီမံဆောင်ရွက်ထားကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ကမ္ဘာ့ရာသီဥတုအခြေအနေ၊ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေအောက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အရင်နှစ်တွေကထက် ငှက်ဖျားဖြစ်ပွားနှုန်း ပိုပြီးမြင့်တက်လို့ ရှိပါတယ်။ ဒါကြောင့် ငှက်ဖျားဖြစ်တဲ့သူတွေကို အချိန်မီဆေးကုသပေးနေတာတွေအပြင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း အရင်ထက်ပိုပြီးလျော့ချနိုင်ဖို့ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လို့ရှိနေပါတယ်" ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်ကပြုလုပ်သည့် ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု မရှိသည့်အပြင် ငွေကြေးအခက်အခဲများလည်း ရှိနေကြသည့်အတွက် ဆေးကုသရန်ခက်ခဲနေကြကြောင်း ဒေသခံများက ပြောသည်။
"တောထဲမှာခိုလှုံနေတဲ့ သူတွေဆိုရင်လည်း သွားရလာရအဆင်မပြေဘူး။ ငှက်ဖျားဖြစ်နေကြတဲ့ စစ်ရှောင်တွေအတွက်လည်း ဆေးကုသမှုခံယူဖို့ လက်လှမ်းမမှီတဲ့ အခြေအနေမှာရှိတယ်" ဟု အမ်းဒေသခံက ပြောသည်။
ငှက်ဖျားရောဂါဖြစ်ပွားမှု ပြင်းထန်နေသည့် အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ကျန်းမာရေးလက်လှမ်းမီမှုရှိစေရန် အာရက္ခပြည်သူ့အစိုးရက ဆေးပေးခန်းတစ်ခုကို ယခုနှစ် ဇွန်လအတွင်းက တည်ဆောက်ပေးခဲ့သော်လည်း တချို့မှာ လက်လှမ်းမမှီနိုင်ကြသေးပေ။
တောင်ကုတ်မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ ၃၀၀ ကျော်ကို အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးဌာနမှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျေးရွာ ၁၄ ရွာမှ လူဦးရေ ၇၀၀ ကျော်ကိုလည်း ငှက်ဖျားရောဂါရှိ၊ မရှိ စစ်ဆေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ အာဏာမသိမ်းခင်ကအခြေအနေအရ လာမည့် ၂၀၃၀ တွင် ငှက်ဖျားပပျောက်ရေး လမ်းကြောင်းပေါ်တွင်ရှိနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အထူးအကြံပေးတစ်ဦးက မီဒီယာများအား ပြောကြားခဲ့ဖူးသည်။
သို့သော်လည်း လက်ရှိအချိန်မှာ ယင်းအစား ငှက်ဖျားရောဂါဖြစ်ပွားမှုသည် အရှိန်အဟုန်မြင့်လာကာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ခုနှစ်ဆထိတိုးလာပြီး ယခုအခါ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကူးစက်နိုင်ခြေရှိကြောင်း ပြောဆိုထားသည်။
ငှက်ဖျားကိုစစ်ဆေးရာတွင် Plasmodium falciparum (PF) နှင့် Plasmodium vivax (PV) ရှိ၊ မရှိကို စစ်ဆေးပြီး PF အမျိုးအစားမှာ အဖြစ်အများဆုံးနှင့် အချို့မှာ ပြင်းထန်သော ငှက်ဖျားရောဂါကို ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။
ငှက်ဖျားအဖြစ်များခဲ့သည့် ယခုနှစ်မိုးဦးကာလတွင် ရခိုင်က မြို့ပေါ်ဈေးကွက်များတွင် ငှက်ဖျားကာကွယ်ဆေး ရှားပါးမှုနှင့်ရင်ဆိုင်ခဲ့ရပြီး ထိုးဆေးတစ်လုံးကို ငွေကျပ်တစ်သောင်းကျော်အထိ မြင့်တက်ခဲ့သည်။
ယခုအခါ အိန္ဒိယနိုင်ငံမှ ဆေးဝါးများဝင်ရောက်နေမှုကြောင့် ငှက်ဖျားဆေးများကို လွယ်လင့်တကူ ဝယ်ယူရရှိနေပြီဖြစ်သည်။ ငှက်ဖျားရောဂါအတွက် သောက်ဆေး (၁၀)လုံးပါ တစ်ကတ်ကို နှစ်ထောင်ကျပ်နှင့် ထိုးဆေးတစ်လုံးကို ခြောက်ထောင်ကျပ်ရှိကြောင်း သိရသည်။ "မိုးဦးကျတုန်းကဆို ငှက်ဖျားဆေးက ရောင်းမလောက်ဘူး၊ အခုတော့ အရောင်းပါးသွားတယ်။ အခုနည်းသွားတယ်ဆိုတာကလည်း ငှက်ဖျားဆေးတွေရနေလို့ပဲဖြစ်မယ်။ အိန္ဒိယဘက်ကနေ ငှက်ဖျားဆေးတွေ ဝင်နေတဲ့အတွက် သက်သာရာရခဲ့တယ်လို့ပြောရမှာပေါ့" ဟု ကျောက်တော်မြို့နယ်မှ ဆေးဆိုင်ရောင်းချနေသည့် မမိုးနွယ်က ပြောသည်။
ငှက်ဖျားရောဂါသည် မိုးတွင်းကာလ ဇွန်လမှ ဩဂုတ်လအတွင်း အဖြစ်များတတ်ပြီး ကြိုတင်ကာကွယ်ရန်အတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်း၊ ငှက်ဖျားကုသဆေးများကို အလွယ်တကူ လက်လှမ်းမှီအောင်လုပ်ပေးခြင်း၊ ခြင်နှိမ်နှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရန်လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားကြသည်။
ပြင်းထန်ငှက်ဖျားရောဂါကို ခံစားခဲ့ရသည့် သမီးများအသက်ကို လုခဲ့ရသည့် ဒေါ်မဝင်းတို့မိသားစုမှာ မိုးဦးကာလအတွက် လယ်အငှားစရိတ် ငွေကျပ် ၅ သိန်းကို ဆေးကုသခဲ့ရသဖြင့် ငွေကြေးအခက်အခဲ ရှိနေကြသည်။
"ကျွန်မတို့မှာ ယောက်ျားလုပ်အားလည်း မကျန်လိုက်တော့ဘူး။ စားစရာတောင် မကျန်တော့ဘူး ဖြစ်သွားတယ်။ ရွာကလူတွေကလည်း အဲလိုတွေကြောင့် နည်းနည်းစီပေးကြတယ်" ဟု ဒေါ်မဝင်းက ပြောသည်။
ငှက်ဖျားရောဂါကြောင့် ဆုံးပါးသွားခဲ့ရသည့် သမီးဖြစ်သူ မစိုးစိုးစံကို သတိရစိတ်နှင့် လွမ်းဆွတ်နေရသည့် ဒေါ်မဝင်းက တစ်ဖက်မှာလည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် သမီးဖြစ်သူများ ငှက်ဖျားပြန်ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိနေသည်။
နေဝင်းစံ - ရေးသည်