- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
မသန်စွမ်း စစ်ဘေးရှောင်အချို့မှာ တိုက်ပွဲကြားမှ ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရပြီး စားသောက်စရာ ရိက္ခာများ ပါမလာသဖြင့် အခက်အခဲများစွာကို ဖြတ်သန်းနေကြရသည်။
19 Jun 2025

မိုးပေါက် - ရေးသည်။
ခြောက်ပေပတ်လည် တဲအိမ်ငယ်ထဲမှာ ခေါင်းမိုးပေါ်ကတစ်ဆင့် ထိုးကျနေသောနေကွက်တို့က ဝါးကြမ်းခင်း တစ်ခုလုံးကို ဖြန့်ကျက်ထားသည်။ နေအိမ်ထဲတွင် ထိုင်နေသော အသက် ၁၈ နှစ်အရွယ် မဝင်းဝင်းချေမှာ ထိုးကျလာသည့် နေကွက်များကို မြင်နိုင်စွမ်းမရှိသော်လည်း နေအပူချိန်ကို ခံစားရသောကြောင့် ယပ်တောင်ကိုသာ မဆက်မပြတ် ခတ်နေရသည်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က ကျေးရွာတစ်ခုအနီးတွင် ဆောက်လုပ်ထားသော အဆိုပါ တဲအိမ်ငယ်မှာ မဝင်းဝင်းချေတို့ မိသားစုအတွက် မေတ္တာအိမ်ကလေးဟုပင် ဆိုရပေမည်။ အကြောင်းကား ကျေးရွာသားတို့၏ နိုင်ရာတာဝန်မှ ဝိုင်းဝန်းကူညီပေးမှုဖြင့် အဆိုပါတဲအိမ်ငယ်ကို ဆောက်လုပ်ထားခြင်းကြောင့် ဖြစ်သည်။
ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ် အနီးတဝိုက်တွင် တိုက်ပွဲစတင် ဖြစ်ပွားလာသဖြင့် မဝင်းဝင်းချေတို့ မိသားစုမှာ ဇာတိ စည်မော်ကျေးရွာကို စွန့်ခွာကာ ယခုနေရာသို့ တိမ်းရှောင်လာခဲ့ကြသည်။
ဓညဝတီရေတပ်ဌာနချုပ်နှင့် ၂ မိုင်ခန့်အကွာတွင်ရှိသော စည်မော်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
"သေနတ်ပစ်သံတွေ အရင်ကြားရတယ်။ ပြီးတော့ သိပ်မကြာဘူး မိုးကြိုးပစ်သံလို ပေါက်ကွဲသံတွေကိုပါ ရွာအနားက ထပ်ကြားရတယ်။ ကိုယ်က မမြင်သူဆိုတော့ သူများတွေလို ဘယ်ကိုပြေးလို့ ပြေးရမှန်းလည်း မသိဘူး။ အဲဒီအချိန် သိမ်ငယ်စိတ်တွေဝင်ပြီး အရမ်းကြောက်ခဲ့ရတယ်" ဟု တိုက်ပွဲသံများကြောင့် စိုးရိမ်ပူပန်ခဲ့ရပုံကို မဝင်းဝင်းချေက ပြန်ပြောပြသည်။
မဝင်းဝင်းချေတို့ မိသားစုတွင် မိခင်၊ ဖခင်နှင့် အသက် (၁၀) နှစ်အရွယ် မောင်လေးတစ်ဦးတို့ရှိသည်။ သမီးအကြီးဆုံးဖြစ်သည့် မဝင်းဝင်းချေမှာ မွေးရာပါ အမြင်အာရုံ ချို့တဲ့သူတစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူမှာလည်း ပုံမှန်မဟုတ်သော စိတ်ရောဂါဝေဒနာကို ခံစားနေရသည်။
မဝင်းဝင်းချေ မိသားစုအပေါ် စည်မော်ကျေးရွာသားများက ဖေးမစောင့်ရှောက်ခဲ့ကြသော်လည်း တိုက်ပွဲဖြစ်ပွားလာမှုကြောင့် မဝင်းဝင်ချေတို့အပါအဝင် စည်မော်တစ်ရွာလုံးမှာ နေအိမ်များကို စွန့်ခွာခဲ့ကြရသည်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတစ်ရွာအနီးတွင် မဝင်းဝင်းချေတို့ မိသားစုနေထိုင်ရန် တဲအိမ်ငယ်တစ်ခုကို ရွာသားများက ဆောက်လုပ်ပေးထားကြသော်လည်း မိုးရာသီကာလကို ဖြတ်ကျော်ရန်အတွက် မဝင်းဝင်းချေတစ်ယောက် စိုးရိမ်မှုများရှိနေသည်။
"ကိုယ့်မှာမှ ပိုက်ဆံမရှိတာ၊ သူများတွေက စေတနာရှိလို့ ဆောက်ပေးထားတဲ့အိမ်ဆိုတော့ အဆင်ပြေသလို နေရမှာပဲ။ ရာသီဥတုပူပေမယ့် အခုကတော့ အဆင်ပြေပါတယ်။ မိုးရာသီရောက်လို့ မိုးအရမ်းကြီး ရွာလာရင်တော့ တမျိုးပေါ့၊ အဲဒီအချိန်ကျရင် လုံလုံခြုံခြုံ ဖြစ်ဖို့လိုတယ်လေ" ဟု မဝင်းဝင်းချေက ပြောသည်။
မဝင်းဝင်းချေ၏ ဖခင်ဖြစ်သူမှာလည်း ယခုအခါ စိတ်ကျန်းမာရေးအခြေအနေ ပိုမိုဆိုးဝါးလာသဖြင့် မိသားစု စားဝတ်နေရေးအတွက် မိခင်ဖြစ်သူက နီးစပ်ရာကျေးရွာများတွင် သွားရောက်အလှူခံနေရသည်။
မဝင်းဝင်းချေ၏ မိခင်ဖြစ်သူ ဒေါ်စောနုက "လင်ယောင်္ကျားရဲ့ စိတ်ကျန်းမာရေးက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်။ စိတ်က မမှန်တော့ဘူး။ သမီးကလည်း မျက်စိမမြင်ဘူး။ အခုကာလမှာက လူတိုင်း ပြေးလွှားနေကြရတာဆိုတော့ အလုပ်အကိုင်ကလည်း မရှိဘူး။ ဒီတော့ နီးစပ်ရာရွာတွေကနေ စားစရာတွေ အလှူခံပြီး အသက်ဆက်နေရတယ်" ဟု ပြောသည်။
တိုက်ပွဲများမှာ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ် အနီးဝန်းကျင်ရှိ ဦးကင်း၊ ကြတ္တိန်ကျေးရွာနှင့် အမှတ် (၃၂) ရဲတပ်ရင်းအနီးရှိ မင်းတပ်တောင်၊ ပြိုင်းစေ့ကေ၊ ခန္ဒီးကျေးရွာများအနီးကိုပါ တစစဖြင့် ကျယ်ပြန့်လာခဲ့သည်။
တိုက်ပွဲများကြောင့် စည်မော်၊ စစ်တော၊ ကြတ္တိန်၊ ဦးကင်း၊ ကြံချိုင်၊ မင်းတပ်တောင်၊ ပြိုင်းစေ့ကေ၊ ခန္ဒီး၊ ဒိုးမတောင် မအူတော စသည့်ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၄၀,၀၀၀ (လေးသောင်း)ခန့်မှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင်များထဲတွင် အမြင်အာရုံချို့တဲ့သူ၊ ခန္ဓာကိုယ်မသန်သူ စုစုပေါင်း ၁၂၅ ဦးထက်မနည်း ပါဝင်ကြောင်း စစ်ဘေးရှောင်အရေးပေါ်ကော်မတီ (ကျောက်ဖြူမြို့နယ်)၏ စာရင်းအရ သိရသည်။
မသန်စွမ်း စစ်ဘေးရှောင်အချို့မှာ တိုက်ပွဲကြားမှ ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရပြီး စားသောက်စရာ ရိက္ခာများ ပါမလာသဖြင့် အခက်အခဲများစွာကို ဖြတ်သန်းနေကြရသည်။
ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာမှ အသက် ၃၀ အရွယ် မတင်ရွှေမှာ ငယ်စဉ်ကတည်းက ဘယ်ဘက်ခြေထောက် ဖြတ်တောက်ထားရသဖြင့် ခန္ဓာကိုယ်မသန်စွမ်းသူ တစ်ဦးဖြစ်သည်။ တိုက်ပွဲဖြစ်လာချိန်တွင် အသက် ၇၀ အရွယ် မိခင်အိုနှင့်အတူ ဘေးလွတ်ရာသို့ ခက်ခက်ခဲခဲဖြင့် ထွက်ပြေးလာခဲ့ရကြောင်း ပြောသည်။
"လယ်တောတွေ၊ ခြုံတွေ၊ ပြီးတော့ တောလမ်းတွေကနေ ပြေးလာခဲ့ရတာဆိုတော့ ဟိုမှာလဲကျ၊ ဒီမှာလဲကျနဲ့ ခြေထောက်တွေ ကွဲတယ်၊ ဒူးတွေလည်း ပြဲတယ်၊ ပြီးတော့မှ ဒီဘက်ကို ရောက်လာကြတာ။ စားသောက်စရာလည်း ဘာမှ ပါမလာဘူး။ ဒီလိုပဲ လူတွေရဲ့ပေးကမ်းမှုနဲ့ စားသောက်နေရတယ်" ဟု မတင်ရွှေက ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ အမိုးအကာ မလုံခြုံခြင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များ ရှိနေကြသည်။ ယင်းအထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းရှိသည့် မိသားစုများမှာ အကျပ်အတည်း ပိုမိုကြုံတွေ့နေကြရသည်။
လူဦးရေ သန်း ၅၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၆ သန်းခန့်ရှိကြောင်း ၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်းအရ သိရသည်။ ယင်းအထဲက လူဦးရေ ၃ သန်းကျော်သာရှိသော ရခိုင်တွင် မသန်စွမ်းသူ ၅ သိန်းကျော် ရှိသည်။
DMG သတင်းဌာနမှ မှတ်တမ်းတင်ထားသည့် စာရင်းအရ ရခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ချိန်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ၆၀၅ ဦး သေဆုံးခဲ့ရပြီး ၁,၀၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းတို့၏ အကျိုးဆက်အဖြစ် လူဦးရေ ၅၀၀ ကျော် မသန်စွမ်း ဖြစ်ခဲ့ရသည်။
ကျောက်ဖြူမြို့နယ်အတွင်းတွင် စစ်ရေးပဋိပက္ခကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၃၀ ဦးထက်မနည်း ရှိလာသည်။ ယင်းအထဲတွင် ဒဏ်ရာပြင်းထန်သူ ၂၀ ဦးခန့်မှာ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခဲ့ရသည်။
လက်ရှိတွင် လူမှုကူညီရေးအဖွဲ့အချို့က စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုအချို့ ရှိနေသော်လည်း မသန်စွမ်း စစ်ဘေးရှောင်များအတွက်ကား လိုအပ်ချက်များစွာ ရှိနေသေးသည်။
စစ်ကောင်စီက အရပ်သားနေထိုင်ရာများကို တိုက်ခိုက်မှု၊ လမ်းပိတ်ဆို့မှု၊ ရိက္ခာဖြတ်တောက်မှု အပါအဝင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုများမှာ လူသားချင်းစာနာမှုထောက်ထားရေး အကူအညီများအတွက် အဟန့်အတားဖြစ်စေကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများက ပြောသည်။
ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ထားမှုများသည် စစ်ဘေးရှောင်များ၏ အခက်အခဲကို လူထုသိရှိမှု အားနည်းခြင်းနှင့်အတူ လူမှုကူညီရေးအလှူငွေများ ရရှိရေးအတွက်လည်း အဓိက စိန်ခေါ်မှုဖြစ်ကြောင်း စစ်ဘေးရှောင်အရေးပေါ် ကူညီထောက်ပံ့ရေးကောင်မတီ (ကျောက်ဖြူမြို့နယ်) တာဝန်ခံ ကိုအောင်အောင်က ပြောသည်။
"စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲရှိနေတယ်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာကို လူတွေသိဖို့နဲ့ ပြီးတော့ အလှူရှင်တွေသိဖို့အတွက် အင်တာနက်က အရေးကြီးပါတယ်။ အလှူရှင်တွေနဲ့ အများကြီး ချိတ်ဆက်နိုင်ရင်တော့ ဒီအခက်အခဲတွေ မနည်းအဆင်ပြေသွားနိုင်တယ်။ ဒါကြောင့် ဆက်သွယ်ရေး ကဏ္ဍက အရမ်းအရေးပါတယ်" ဟု ကိုအောင်အောင်က ပြောသည်။
ပြီးခဲ့သော NLD အစိုးရလက်ထက်က ရခိုင်တွင် မသန်စွမ်းအရေးနှင့်ပတ်သက်၍ NGO၊ INGO စသည့် အဖွဲ့အစည်း ၁၀ ခန့် ရှိခဲ့ပြီး မသန်စွမ်းအရေးကို အပြည့်အဝမဆောင်ရွက်နိုင်မီ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့သဖြင့် မှေးမှိန်သွားခဲ့ရသည်။
နဂိုကတည်းက လူမှုထောက်ပံ့ရေးအကူအညီ ကင်းမဲ့နေရသော မသန်းစွမ်းသူတို့မှာ စစ်မက်ဖြစ်ပွားမှုကြောင့် တဖန်ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပြီး အနာဂတ်အတွက် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေကြရသည်။
လက်ရှိတွင် အဆင်မပြေမှုမျိုးစုံဖြင့် ရုန်းကန်နေရသော မသန်စွမ်းသူတို့မှာ မည်သို့သော ကူညီထောက်ပံ့မှုကိုမဆို လိုအပ်လျက်ရှိနေသည်။
"မျက်စိ မမြင်တဲ့လူတွေနဲ့ အဲလိုမသန်စွမ်းတဲ့လူတွေကို အစိုးရနဲ့ နိုင်ငံတကာတွေက ပိုက်ဆံပေးတာမျိုးဆိုတာက TV မှာတော့ အသံကြားဖူးတယ်။ အဲလိုမျိုးရရင် တစ်ခုခု လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေမှာဆိုတော့ ကိုယ်လည်း ရဖူးချင်တာပေါ့။ အခုလောလောဆယ်မှာတော့ ပတ်ဝန်းကျင်က သနားလို့ပေးတဲ့ အကူအညီနဲ့ပဲ အသက်ဆက်နေရတယ်" ဟု မဝင်းဝင်းချေက ပြောသည်။