"ကိုယ်တို့တိုင်းပြည်ထဲက နောက်အနာဂတ် မျိုးဆက်သစ်တွေ အေးချမ်းသွားဖို့အတွက် ပြည်တွင်းစစ်ကိုချုပ်ငြိမ်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်လာနိုင်ပါစေဆိုပြီး ဆုတောင်းပါတယ်"

"ကိုယ်တို့တိုင်းပြည်ထဲက နောက်အနာဂတ် မျိုးဆက်သစ်တွေ အေးချမ်းသွားဖို့အတွက် ပြည်တွင်းစစ်ကိုချုပ်ငြိမ်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်လာနိုင်ပါစေဆိုပြီး ဆုတောင်းပါတယ်"

21 Sep 2022

DMG ၊ စက်တင်ဘာ ၂၁

(Vox Pop)

ယနေ့(စက်တင်ဘာလ ၂၁ ရက်)နေ့သည် ကုလသမဂ္ဂက သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းတွင် မငြိမ်းမချမ်းမှုများကို ပြည်သူများ ကြုံတွေ့ခံစားနေကြရသည်။ အလားတူ ရခိုင်ပြည်နယ်တွင်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းမှုမရှိဘဲ ဒေသခံများမှာ အမြောက်ဆံ၊ ဗုံးဆံများကြားမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် မငြိမ်းမချမ်းဖြစ်နေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်များကို DMG က မေးမြန်းတင်ပြလိုက်ရသည်။

ဒေါ်ညိုအေး (ဥက္ကဋ္ဌ) ရခိုင်အမျိုးသမီးကွန်ရက်

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ကျမတို့အနေနဲ့ ပြောချင်တာ အစစအရာရာ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးကအစ ပြေလည်ငြိမ်းချမ်းသော အခြေအနေတစ်ခုကို ရစေချင်တယ်။ သို့သော်လည်း အခုအခြေအနေမျိုးမှာ မရောက်နိုင်ဘူးပေါ့။ အခုက စစ်ဘေးရှောင်စခန်းတွေမှာ ကြားနေရတဲ့သတင်းတွေ အရမ်းအခက်အခဲဖြစ်နေတာ။ အခုဆိုရင် INGO/NGO မှန်သမျှကို လက်ရှိအစိုးရက လမ်းတွေပိတ်ထားတော့ အစိုးရကိုလည်း အမှာစကားတစ်ခွန်းအနေနဲ့ ပြောချင်တာက အဲဒီလိုလုပ်လို့ ပြည်သူလူထုတွေငတ်ရင် စစ်ရေးအနေနဲ့ ပြေလည်သွားစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ပြည်သူလူထုကိုတော့ ဒီထက် အမှောင်ပိတ်အောင် မလုပ်ဖို့ပြောချင်တယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့လို့ အမည်ပေးထားတဲ့နေ့မှာ မငြိမ်းချမ်းသောရခိုင်ပြည်ထဲက ကျမတို့ အင်မတန်ကိုရင်ပူပြီး စိတ်မချမ်းသာဖြစ်ရပါတယ်။ ငြိမ်းချမ်းရေးဟာ အမျိုးသမီးတွေအတွက် အင်မတန်အရေးပါပါတယ်။ ပြသနာတစ်စုံတစ်ရာဖြစ်တိုင်း ပဋိပက္ခဖြစ်တိုင်း ကြားဝင်ညှပ်ရတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါပဲ။ အဲဒီလို မျိုးဆက်ထဲမှာပါဝင်နေကြတဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေအားလုံးကြားမှာ စိတ်ဒဏ်ရတယ်။ မနေ့ကဆိုရင်လည်း ကိုယ်ဝန်ကြီးနဲ့ ကုလားတန်မြစ်ကမ်းမှာ သွေးကျပြီး မွေးခါနီးမိန်းကလေးတစ်ယောက် အသက်ကုန်သွားတယ်။ ြ

မန်မာတပ်မတော်ဘက်က ပစ်လိုက်တဲ့ သေနတ်သံ၊ လက်နက်ကြီးသံတွေကြောင့် စိတ်ချောက်ချားပြီး သေဆုံးသွားရတယ်။ ဒါကြောင့် ကျမတို့ပဲ ရင်ထုမနာဖြစ်ရတယ်။ အဲဒါကြောင့် တစ်ခါတစ်ခါမှာ နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခု၊ လူမျိုးတစ်မျိုး အားလုံးနဲ့သက်ဆိုင်တဲ့သူတွေဟာ အမျိုးသမီးတွေရဲ့ စကားသံကိုလည်း နားထောင်တတ်ကြဖို့ လိုပါတယ်။
ကျွန်မအနေနဲ့ တောင်းဆိုချင်တာကတော့ အမှန်တကယ် ငြိမ်းချမ်းရေးကိုလိုလားရင်တော့ အဘက်ဘက်ကညှိနှိုင်းပြီးရင် အလုပ်လုပ်ကြဖို့တော့လိုတယ်။ အခု အစိုးရအနေနဲ့ အင်မတန် တင်းမာမှုတွေများနေတဲ့အခါ ငြိမ်းချမ်းရေးကို တောင်းဆိုမယ့်သူတောင်မှ တောင်းဆိုဖို့မရတဲ့ အနေအထားဖြစ်နေတယ်။

ကိုအမ်းသားကြီး (စစ်ဘေးရှောင်များအား ကူညီပေးနေသူ)

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာတာဆိုရင် ကျနော်တို့အသက်ထက် နှစ်ဆတောင်ကြီးတယ်။ နှစ်ပေါင်း (၇၀)ကျော်ကာလအထိ အသက်ရှည်လာပြီ။ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဆိုရင်လည်း ပြည်တွင်းစစ်ကိုခံနေရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ကိုယ်တို့ပြည်တွင်းထဲမှာဖြစ်နေတဲ့ စစ်ပွဲတွေကိုရပ်တန့်ဖို့အတွက် စစ်ပွဲနဲ့သက်ဆိုင်တဲ့ ခေါင်းဆောင်ကြီးတွေအားလုံး ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးတာတွေကို မြင်ချင်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်ဖက်ကရှုံးပြီး တစ်ဖက်ကအင်အားတွေနည်းသွားပြီးမှ တစ်ဖက်ကိုအသာစီးရအောင်လုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရင်တော့ မကောင်းဘူးလေ။အဓိက ကျနော်တို့ပြည်တွင်းထဲက ငြိမ်းချမ်းရေးကို ပြည်တွင်းထဲကခေါင်းဆောင်တွေက တိုင်းပြည်အတွက် ခြေလက်အင်္ဂါစုံစုံလင်လင်နဲ့ ကျန်းမာရေးအပြည့်အဝနဲ့ နိုင်ငံရေးဆွေးနွေးနေကြတာပဲ မြင်ချင်ပါတယ်။ ကိုယ်တို့တိုင်းပြည်ထဲက နောက်အနာဂတ် မျိုးဆက်သစ်တွေ အေးချမ်းသွားဖို့အတွက် ပြည်တွင်းစစ်ကိုချုပ်ငြိမ်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်လာနိုင်ပါစေဆိုပြီး ဆုတောင်းပါတယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ ကျနော်တို့ တိုင်းပြည်အပါအဝင် အခြားစစ်ဖြစ်နေကြတဲ့ နိုင်ငံတွေ ရခိုင်ပြည်ထဲက စစ်ပွဲတွေကိုလည်း အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်။ အဆုံးသတ်စေချင်ပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးရဖို့ တောင်းဆိုလာကြတာ သိပ်ကြာပါပြီ။ ငြိမ်းချမ်းရေးကို ပုံစံအမျိုးမျိုးနဲ့ မစစ်မှန်တဲ့ငြိမ်းချမ်းရေးမျိုး လက်နက်ကိုင်မှ ငြိမ်းချမ်းရမယ်ဆိုတဲ့ ငြိမ်းချမ်းရေးမျိုးတွေ လက်နက်နဲ့ငြိမ်းချမ်းရေး လဲမယ်ဆိုတဲ့စကားတွေထက် ပိုပြီးအဓိပ္ပာယ်ရှိတဲ့ တိုင်းပြည်အနာဂတ်အတွက် လက်နက်ကိုယ်စီကိုင်ပြီးရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဒေသငြိမ်းချမ်းအောင်လုပ်နိုင်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

ဦးကျော်ဝင်း (စစ်ဘေးရှောင်) တောင်မင်းကုလားစစ်ဘေးရှောင်စခန်း

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဆိုရင်လည်း ရခိုင်ပြည်မှာ ဟိုမှာတိုက်ပွဲ ဒီမှာတိုက်ပွဲဖြစ်လာတော့ ငြိမ်းချမ်းရေးနေ့ကိုလည်း ဂရုမစိုက်ရတော့ဘူး။ မကျင်းပနိုင်ကြဘူးလေ။ အခုနှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာ ပြည်သူလူထုတွေ မအေးချမ်းဘူး။ နှစ်ဖက်လုံးက အဖြေတစ်ခုခုထွက်အောင် ဆွေးနွေးတိုင်ပင်ပြီးရင် တိုက်ပွဲကိုရပ်တန့်ပေးဖို့  တောင်းဆိုချင်တယ်။ ပြီးရင် နောက်တစ်ချက်က ပြည်သူလူထု စစ်ဘေးရှောင်တွေကို အခု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အတင်းအဓမ္မ နေရပ်ကိုပြန်ခိုင်းနေတာလည်း ရှိပါတယ်။ အဲဒီလို ပြန်ခိုင်းနေတော့ ကျနော်တို့မှာ သိပ်အခက်ကြုံရပါတယ်။ အဓိကပြောချင်တာက ငြိမ်ချမ်းရေးရှိမှ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ လူမှုရေး အစစတွေ အဆင်ပြေမှာပါ။ ဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ပြည်သူလူထုတွေက အလိုရှိပါတယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့လိုလားပါတယ်။

စောမြရာဇာလင်း (ဒုဥက္ကဋ္ဌ) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

ဒီနေ့ကျရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အပေါ်မှာ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေနဲ့ အခြားသော တိုင်းပြည်တွေရဲ့အခြေအနေတွေကိုလည်း နှိုင်းယှဉ်ပြီး စဉ်းစားမိတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ကျမတို့ မြန်မာနိုင်ငံဟာ မီးဟုန်းဟုန်းတောက်ပြီးရင် လူထုတစ်ရပ်လုံးရဲ့ရင်ထဲမှာ ဆူပွပြီးရင် စိတ်မအေးမချမ်းဖြစ်နေကြတာတွေကို တွေ့မြင်လာရပါတယ်။ ထိုနည်းလည်းကောင်း ရခိုင်ပြည်မှာဆိုလို့ရှိရင်လည်း ဒီနှစ်ဟာ စစ်မီးပြန်လို့ တောက်လောင်နေတာကိုလည်းတွေ့ရတယ်။ အဲဒါတွေကိုမြင်ရလို့ ကိုယ်သွားနေတဲ့ခရီးလမ်း မဖြောင့်မဖြူးဖြစ်လာပြီးရင် ဒီခရီးလမ်းမှာသွားနေတဲ့ လူတွေအတွက်လည်း စိတ်မချမ်းမသာများစွာကို ခံစားလာရပါတယ်။ ရခိုင်ပြည်အတွက်ပဲ စိတ်မကောင်းဖြစ်ရတာ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ သားကွဲ၊ သမီးကွဲ၊ မိကွဲ၊ ဖကွဲရှိနေကြသူတွေ ပြည်သူလူထု တစ်ရပ်လုံးအတွက်လည်း အကြီးအကျယ် စိတ်မကောင်းဖြစ်ရတယ်။

မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့စစ်ပွဲတွေ အဘက်ဘက်ကရပ်ဆိုင်းဖို့လိုပါတယ်။ အားလုံးစစ်ပွဲတွေဟာ ငြိမ်းအေးသွားပြီဆိုလို့ရှိရင် ဆွေးနွေးပွဲဟာ စားပွဲဝိုင်းကိုရောက်လာပါမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တိုက်ပွဲတွေဟာ နေရာတိုင်းက အခုလိုဖြစ်နေသလိုပဲ ဖြစ်ပေါ်နေမယ်ဆိုလို့ရှိရင် ကျမတို့ မျှော်မှန်းထားတဲ့အတိုင်း ငြိမ်းချမ်းရေးစားပွဲခုံကို ရောက်လာနိုင်စရာ အကြောင်းမရှိပါ။ သိပ်အခက်အခဲကြုံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မက ငြိမ်းချမ်းရေးဘက်ကို အမြဲသွားနေကြတဲ့လူတွေဟာ ရည်မှန်းထားတာကတော့ သွေးမြေမကျဘဲနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့မျှော်မှန်းခဲ့ပြီး ဝိုင်းဝန်းကြိုးစားလာတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အခုလိုဖြစ်လာရတဲ့အတွက်ကြောင့် အများကြီး စိတ်မကောင်းဖြစ်ပါတယ်။ သို့သော် တိုက်ပွဲအားလုံးရဲ့ နောက်ဆုံးမှာတော့ ဆွေးနွေးပွဲဆိုတာ ရှိစမြဲဖြစ်ပါတယ်။ အဲဒါကြောင့် အခု စိတ်မချမ်းမသာဖြစ်နေကြရတဲ့ ပြည်သူလူထုတစ်ရပ်လုံးလည်းကောင်း တိုက်ပွဲထဲမှာပါဝင်နေကြတဲ့ ပုဂ္ဂိုလ်များသည်လည်းကောင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီတိုင်ပြည်ရဲ့ အရေးအရာကို တိုင်ပင်ဆွေးနွေး အဖြေရှာကြဖို့အတွက် တိုက်တွန်းလိုပါတယ်။

ဒေါ်အေးခိုင် (စစ်ဘေးရှောင်) တောင်မင်းကုလားစစ်ဘေးရှောင်စခန်း

ကျမအနေနဲ့ပြောချင်တာကတော့ တိုက်ပွဲမဖြစ်ပါနဲ့လိုတော့ ပြောလို့မရဘူးလေ။ တိုက်ပွဲဖြစ်တာကတော့ သူတို့အပိုင်းပေါ့။ ဒါပေမယ့် ပြည်သူလူထုတွေကိုတော့ နည်းနည်းထည့်စဉ်းစားပေး စေချင်ပါတယ်။ ပြီးရင် ကုန်ဈေးနှုန်းတွေကဈေးတက်ပြီး အလုပ်အကိုင်တွေကလည်း အရမ်းရှားလာပါတယ်။ ပြီးရင် ကျမတို့မှာ စစ်ပွဲတွေကြောင့် ရွာမပြန်ဖြစ်တော့ဘူး။ အခုဆိုရင် ကယ်ဆယ်ရေးစခန်တွေကို ကယ်ဆယ်ရေးပေးဖို့ အဖွဲ့အစည်းတွေမလာရ ကန့်သတ်ထားတာတွေကို မလုပ်ဖို့ တောင်းဆိုပါတယ်။ ကိုယ့်ရွာ ကိုယ့်ပြည်ကို ပြန်မယ်လို့မျှော်လင့်ရင်း အချိန်က ၄ နှစ်တောင်ရှိသွားပြီ။ ရွာပြန်ရမယ့်အခြေအနေက လုံးဝမရှိတော့ပါဘူး။ ရွာကို ပြန်မယ်ဆိုရင် ကျမတို့က တောမှာနေရတာဆိုတော့ လမ်းပန်းဆက်သွယ်ရေးပြတ်တယ်။ ဖုန်းလိုင်းလည်း မမိဘူးလေ။ မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ရတယ်။ စခန်းမှာဆိုရင် လုံခြုံသလို ခံစားရတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ရွာကိုပြန်ခိုင်းတဲ့ စကားတွေကိုလည်း ကျမတို့မလိုချင်ပါ။ ရွာကိုမပြန်ချင်တာ ဘယ်သူရှိမှာလဲ။ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသကို ပြန်နေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရပ်ရွာမှာ မလုံခြုံလို စခန်းမှာနေတာကို ပြန်ခိုင်းနေတော့ ခံစားရတာပေါ့။
ကျမအနေနဲ့ ပြည်သူလူထုတွေ အမျိုးသမီး၊ ကလေးသူငယ်တွေအတွက် ပြောချင်တာကတော့ ကယ်ဆယ်ရေးတွေ မရောက်ဘူး။ အလုပ်တွေလည်းမရှိ ကုန်ဈေးးနှုန်းတွေက ဈေးတက်နေတော့ စိတ်တွေဂယောက်ဂယက်ဖြစ်ပြီး တဖြည်းဖြည်းကြောက်လာပါတယ်။

အကြောက်တရားစိတ်တွေနဲ့ပဲ နေ နေရပါတယ်။ဒါပေမယ့်လည်း ငြိမ်းချမ်းရေးတော့လိုလားပါတယ်။ ကိုယ့်ရခိုင်ပြည်သာမက မြန်မာတစ်နိုင်ငံလုံး အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်။

ဗီဒီယိုများ