- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ၏ ဒီမိုကရေစီကို ပြန်တည်ဆောက်ပြီး ပြည်သူ ၁၇၅ သန်းအတွက် အနာဂတ်သစ် တစ်ရပ် ပုံဖော်နေသည်။ တစ်ချိန်တည်း၌ အစ္စလာမစ် အစွန်းရောက်ဝါဒသည်လည်း နိုင်ငံ၏ လောကီမျက်နှာစာအောက်တွင် ကာလတာရှည် ငုပ်လျှိုးနေခဲ့ရာမှ ပလုံစီ ပြန်ပေါ်လာနေသည်။
12 Apr 2025

ဘင်္ဂလားဒေ့ရှ်တွင် အာဏာရှင်ဆန်သည့်ခေါင်းဆောင် ဖြုတ်ချခံရပြီးနောက် နိုင်ငံရေးလေဟာနယ်တစ်ရပ် ပေါ်ထွက်လာချိန်၌ မြို့တစ်မြို့မှ ဘာသာရေးအခြေခံဝါဒီများက အမျိုးသမီးငယ်များသည် အားကစားပွဲများတွင် ပါဝင်ခွင့်မရှိတော့ဟု ကြေညာသည်။
ထို့အပြင် သူတို့က အများအပြည်သူနေရာတွင် ဆံပင်ကို မဖုံးသည့်အတွက်ဟု ဆိုကာ အမျိုးသမီးတစ်ဦးကို အရှက်ခွဲခဲ့သည့် အမျိုးသားတစ်ဦးကို ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့ကို ဖိအားပေးသည်။ ထိုအမျိုးသားကိုလည်း ပန်းကုံးစွပ်ပြီး ဂုဏ်ပြုသည်။
ပြောင်ပြောင်တင်းတင်း လုပ်ရပ်များက ဆက်ရှိလာသည်။ မြို့တော်ဒါကာတွင် ဆန္ဒပြသူ အုပ်စုတစ်စုက အစ္စလာမ်ဘာသာကို မလေးမစား ပြုမူသူ မည်သူ့ကိုမဆို အစိုးရက သေဒဏ်မပေးလျှင် မိမိတို့ကိုယ်တိုင် ကွပ်မျက်မည်ဟု သတိပေးသည်။ ရက်အနည်းငယ် အကြာ၌ တရားမဝင် အုပ်စုတစ်စုက ဧရာမချီတက်ပွဲကြီး ပြုလုပ်ပြီး အစ္စလာမစ်တိုင်းပြည် ထူထောင်ရန် တောင်းဆိုသည်။
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ၏ ဒီမိုကရေစီကို ပြန်တည်ဆောက်ပြီး ပြည်သူ ၁၇၅ သန်းအတွက် အနာဂတ်သစ် တစ်ရပ် ပုံဖော်နေသည်။ တစ်ချိန်တည်း၌ အစ္စလာမစ် အစွန်းရောက်ဝါဒသည်လည်း နိုင်ငံ၏ လောကီမျက်နှာစာအောက်တွင် ကာလတာရှည် ငုပ်လျှိုးနေခဲ့ရာမှ ပလုံစီ ပြန်ပေါ်လာနေသည်။
တွေ့ဆုံမေးမြန်းမှုများ၌ အစ္စလာမစ် ပါတီများနှင့် အဖွဲ့အစည်းများ (အချို့မှာ ယခင်က ပိတ်ပင်ခံထားရသည့် အဖွဲ့များ ဖြစ်သည်) မှ ကိုယ်စားလှယ်များက သူတို့သည် ဘင်္ဂလားဒေ့ရှ်ကို ပို၍ ဘာသာရေးအခြေခံသည့် လမ်းကြောင်း တစ်ရပ်ဆီ တွန်းတင်နေကြသည်ဟု ပြတ်ပြတ်သားသား ပြောကြသည်။ ဤအရွေ့ကို နိုင်ငံပြင်ပမှ သတိပြုမိခြင်း နည်းပါးသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် အစ္စလာမ်ဘာသာကို မလေးမစား ပြုမူသူများကို ပြစ်ဒဏ်ပေးကာ 'ကျိုးနွံမှု' ကို ကျင့်သုံးစေမည့် "အစ္စလာမစ်အစိုးရ" တစ်ရပ် ထူထောင်ရန် အစ္စလာမစ်ခေါင်းဆောင်များက အခိုင်အမာ တိုက်တွန်းနေကြသည်။ ဤသည်မှာ အခြားနေရာများတွင် တက်ကြွလုံ့လရှိခြင်း သို့မဟုတ် ဘာသာရေးခေါင်းဆောင်များက အုပ်ချုပ်ခြင်းသို့ လမ်းခင်းထားသည့် ဝေဝါးဝါး အယူအဆ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တစ်ရပ် ရေးဆွဲနေကြသည့် နိုင်ငံရေးနယ်ပယ်မှ တာဝန်ရှိသူများ အကြားတွင်မူ ဤဥပဒေသစ်သည် လောကီကိစ္စများ၌ ဘာသာရေးလွှမ်းမိုးမှု မရှိသည့် လောကီသီးသန့်ဝါဒ (Secularism) နေရာတွင် ဗဟုဝါဒ (Pluralism) ဖြင့်အစားထိုးကာ ပယ်ဖျက်ကာ နိုင်ငံကို ဘာသာရေး မူဘောင်များနှင့် ကိုက်ညီအောင် ပြန်လည် ရေးဆွဲနိုင်ခြေ ရှိသည်ဟု ပြောကြသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြုတ်ကျရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် ကျောင်းသူများအတွက်ကတော့ ဘာသာရေးအခြေခံဝါဒီ အလှည့်အပြောင်းသည် စိတ်ပျက်စရာ ဖြစ်သည်။
သူတို့က ဟာဆီနာ၏ တစ်ပါတီအုပ်ချုပ်ရေးနေရာတွင် နိုင်ငံ၏ မတူကွဲပြားမှုများကိုလည်း ထည့်သွင်းစဉ်းစားပေးသည့် ဒီမိုကရေစီနည်းကျ ပွင့်လင်းမြင်သာမှု တစ်ရပ်ဖြင့် အစားထိုးနိုင်ရန် မျှော်လင်ခဲ့ကြသည်။ ယခုကား သူတို့သည့် ဘာသာရေးပေါ်ပြူလစ်ဝါဒနှင့် အားပြိုင်နေကြရသည်။ ဤဝါဒသည် ဟိန္ဒု၊ အစ္စလာမ်ဘာသာခွဲ အငယ်များကဲ့သို့ ဘာသာရေးလူနည်းစုများနှင့် အမျိုးသမီးများအပေါ် ထိလွယ်ရှလွယ် ဖြစ်စေသည့် ဝါဒလည်း ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ရှိတ်တာစ်နင် အက်ဖရို အဲမီက "ကျွန်မတို့ဟာ ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ရှိခဲ့တယ်။ အစ်ကိုတွေမောင်တွေကို လမ်းပေါ်မှာ အကာကွယ် ပေးခဲ့တယ်" ဟု ဆိုသည် အဲမီသည် ဒါကာတက္ကသိုလ်မှ လူမှုဗေဒဖြင့် ဘွဲ့ရထားသူ ဖြစ်သည်။ "အခုတော့ ငါးလ ခြောက်လလောက် အကြာမှာ အကုန်လုံး ပြောင်းပြန်ဖြစ်ကုန်ပြီ" ဟု အဲမီက ဆိုသည်။
ဝေဖန်သူများကတော့ အသက် ၈၄ နှစ်အရွယ် နိုဘယ်ဆုရှင် ဦးဆောင်နေသည့် နိုင်ငံ၏ ကြားဖြတ်အစိုးရအဖွဲ့သည် အစွန်းရောက် အင်အားစုများကို လုံလောက်သည်အထိ တွန်းအားပေးခြင်း မလုပ်ဟု ဆိုကြသည်။ ယူနွတ်သည် ပျော့လွန်းပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပဋိပက္ခ ရှောင်ရှားရေးတွင် တဝဲလည်လည် လမ်းပျောက်နေသည်ဟု သူတို့က စွပ်စွဲကြသည်။

ယူနွတ်က ရှင်းလင်းပြတ်သားသည့် ရည်မှန်းချက်တစ်ရပ် မချမှတ်နိုင်သည့် တစ်ချိန်တည်းတွင် အစွန်းရောက်များက လူရှေ့သူရှေ့တွင် ပိုမိုနေရာယူလာကြသည်ဟု ဝေဖန်သူများက ပြောကြသည်။
ယူနွတ်၏ ဗိုလ်ချုပ်ကြီးများကတော့ သိမ်မွေ့မျှတသည့် ဥပဒေတစ်ရပ်ကို ဖော်ပြကြသည်။ သူတို့အနေဖြင့် အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ ကြုံခဲ့ရပြီးနောက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ကာကွယ်ပေးရမည် ဆိုသည့်အချက် ဖြစ်သည်။ သို့သော် ဤသို့ လုပ်ဆောင်ခြင်းက အစွန်းရောက် တောင်းဆိုချက်များအတွက် လမ်းကြောင်း ခင်းပေးသလို ဖြစ်နေတော့သည်။
ရှိတ်ဟာဆီနာ ပြုတ်ကျပြီးနောက် ခြောက်ကပ်သွားသည့် ရဲတပ်ဖွဲ့မှာ စိတ်ဓာတ်ကျဆင်းနေပြီး ဥပဒေစိုးမိုးရေး မဆောင်ရွက်နိုင်ကြတော့ပေ။ ရဲအလုပ်ကို ဝင်လုပ်နေသည့် စစ်တပ်မှာ ကြားဖြတ်အစိုးရ၊ ပြစ်မှုကျူးလွန်ခဲ့သည့် အရာရှိများကို အပြစ်ပေးအရေးယူလိုသည့် ကျောင်းသားလှုပ်ရှားမှုတို့နှင့် အစေးမကပ်မှု ပိုပိုများလာသည်။
ဘင်္ဂလားဒေ့ရှ်တွင် ခြေလှမ်းပျိုးနေပြီဖြစ်သည့် ဤသည်တို့က ဒေသတွင်း၌ အမြစ်တွယ်လာသည့် ဘာသာရေးအခြေခံဝါဒ လှိုင်းလုံးကြီး တစ်ရပ်ကို ထင်ဟပ်နေခြင်း ဖြစ်သည်။
အာဖဂန်နစ္စတန်သည် လူမျိုးစု ဘာသာရေး အစွန်းရောက်နိုင်ငံ ဖြစ်လာနေပြီး အမျိုးသမီးများ၏ အခြေခံအကျဆုံး လွတ်လပ်ခွင့်များ ဆုံးရှုံးနေရသည်။ ပါကစ္စတန်တွင် အစ္စလာမစ် အစွန်းရောက်များသည် ၎င်းတို့၏ သဘောထားဆန္ဒကို အကြမ်းပတမ်း နည်းလမ်းဖြင့် ကျင့်သုံးလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
အိန္ဒိယတွင် အမြစ်တွယ်နေသည့် လက်ယာယိမ်း ဟိန္ဒုများသည် နိုင်ငံ၏ လောကီဒီမိုကရေစီ အစဉ်အလာများကို ထိခိုက်စေလျက်ရှိသည်။ မြန်မာတွင် ဆိုလျှင် ဗုဒ္ဓဘာသာ အစွန်းရောက်များက ကြီးကြပ်ဦးဆောင်နေသည့် လူမျိုးစုရှင်းလင်းသုတ်သင်ရေး တစ်ရပ် ခိုင်မာစွာ တည်ရှိနေသည်။
ကြားဖြတ်အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင် နာဟစ်အစ္စလာမ်ကတော့ နိုင်ငံသည် အစွန်းရောက်မှုဆီသို့ လမ်းကြောင်း ချော်သွားနိုင်သည် ဆိုသော "အကြောက်တရားက ရှိနေတယ်" ဟုဆိုသည်။ နာဟစ်အစ္စလာမ်သည် ယခုအခါ ဝန်ကြီးရာထူးကို စွန့်လွှတ်ကာ နိုင်ငံရေးပါတီ အသစ်တစ်ခုကို ဦးဆောင်လျက်ရှိသည်။
သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အပြောင်းအလဲများ ရှိနေလင့်ကစား ဒီမိုကရေစီ၊ မတူကွဲပြားသော ယဉ်ကျေးမှုနှင့်အတူ ဘာသာရေးအစွန်းရောက်ဝါဒအား မနှစ်သက်မှုကဲ့သို့ စံတန်ဖိုးများ ဆက်လက်တည်ရှိနိုင်ရန် မျှော်လင့်ထားသည်။ "ဘင်္ဂလားဒေ့ရှ်မှာ ဒီအခြေခံ စံတန်ဖိုးတွေကနေ သွေဖီတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်လို့ ရနိုင်မယ်လို့ ကျွန်တော်မထင်ဘူး" ဟု သူကဆိုသည်။
အစွန်းရောက်အုပ်စုများကတော့ ရှိတ်ဟာဆီနာက ၎င်းတို့ကို ဖိနှိပ်လိုက် ချော့သိပ်လိုက် လုပ်နေခဲ့သည့် ၁၅ နှစ်တာ အလွန်၌ သူတို့၏ လမ်းကြောင်းကို စဖောက်နေကြပြီဖြစ်သည်။
ဟာဆီနာသည် အစ္စလာမစ်အုပ်စုများကို နှိမ်နင်းသည့် ရဲဌာနကို ဦးစီးခဲ့သည်။ နိုင်ငံရေး စိန်ခေါ်ချက်ပုံစံသို့ နီးကပ်လာသည့် အုပ်စုများလည်း ဟာဆီနာထံတွင် နှိမ်နင်းခံရသည်။
တချိန်တည်း၌ ဟာဆီနာသည် တရားဝင်မဟုတ်သည့် အစ္စလာမစ် ဘာသာရေး စည်းဝေးပွဲ ထောင်ပေါင်းများစွာ ကျင်းပခွင့်ပြုခြင်း၊ ဗလီရာချီ ဆောက်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံ လျာထားခြင်းတို့ပြုလုပ်ကာ အစ္စလာမစ် ကွန်ဆာဗေးတစ်များ၏ ထောက်ခံမှု ရရှိရန် ကြိုးပမ်းခဲ့သည်။

ဟာဆီနာမရှိတော့ချိန်၌ ဤစနစ်ကို အပြည့်အဝ ထူထောင်လိုသည့် အစွန်းရောက် အုပ်စုငယ်များ၊ ဒီမိုကရေစီ စနစ်ထဲမှ လှုပ်ရှားလိုသည့် ပင်မ အစ္စလာမစ်ပါတီများသည် ပို၍ ကွန်ဆာဗေးတစ်ဆန်သည့် ဘင်္ဂလားဒေ့ရှ်ပုံစံတစ်ရပ်အတွက် အမြင်တူသွားကြဟန်ရှိသည်။
အကြီးဆုံး အစ္စလာမစ်ပါတီဖြစ်သော ဂျမား-အီး-အစ္စလာမီကလည်း အခွင့်အရေးကြီး တစ်ရပ် မြင်ထားသည်။ စီးပွားရေးရင်းနှီးမြှုပ်နှံမှု အများအပြားရှိထားသည့် ဤပါတီသည် ရေရှည်ကစားပွဲတစ်ရပ် ကစားနေသည်ဟု လေ့လာသူများနှင့် သံတမန်များက ပြောကြသည်။
၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရခြေ မရှိသည့် အနေအထား၌ ဤပါတီသည် ပင်မ လမ်းကြောင်းထဲရှိ လောကီဆိုင်ရာ နိုင်ငံရေးပါတီများကို သိက္ခာချပြီး ကိုယ့်ကိုယ်ကိုယ် ထင်ရှားစေရန် မျှော်လင့်ထားသည်။
ဂျမားပါတီ၏ အထွေထွေအတွင်းရေးမှူး မီယာဂိုလမ်ပရာဝါက မိမိတို့ပါတီသည် အစ္စလာမစ် လူမှုဖူလုံရေးစနစ်နိုင်ငံ (Islamic Welfare stare) တစ်ရပ်လိုလားသည်ဟု ဆိုသည်။ ဤပုံစံသည် ဘာသာရေးနှင့် နိုင်ငံရေးကို ပေါင်းစပ်ထားသည့် ပုံစံဖြစ်ကာ အနီးစပ်ဆုံး တိုင်းပြည်မှာ တူရကီဟု သူကဆိုသည်။
"အပြုအမူနဲ့ ကျင့်ဝတ်တို့နဲ့ ပတ်သက်လာရင် အစ္စလာမ်က ယောကျ်ားနဲ့ မိန်းမနှစ်အုပ်စုလုံးအတွက် ကျင့်ဝတ်သိက္ခာ လမ်းညွှန်ချက်တွေ ချမှတ်ပေးမယ်.. ဒီလမ်းညွှန်ချက် ဘောင်ထဲကနေ အမျိုးသမီးတွေအနေနဲ့ အားကစား၊ သီချင်းဆို၊ ကဇာတ်ရုံ၊ တရားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး စသဖြင့် ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို ပါဝင် ဆောင်ရွက်နိုင်မယ်" ဟု သူကဆိုသည်။
လက်ရှိ လေဟာနယ်တွင်မူ ဒေသန္တရအဆင့် အမျိုးသားများမှာ အစ္စလာမစ် အုပ်ချုပ်ရေးဆိုသည်ကို သူ့နည်းသူ့ဟန်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနေကြသည်။
တာရာဂန့် စိုက်ပျိုးရေးမြို့တွင် ဆိုလျှင် ပြီးခဲ့သည့်လက အမျိုးသမီးအသင်း နှစ်သင်း ဘောလုံးကစားရန် စီစဉ်ခဲ့သည်။ ဖျော်ဖြေရေးအရ သာမက ဒေသခံ အမျိုးသမီးများ စိတ်အားတက်ကြွစေရန်ပါ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဘောလုံးပွဲ စီစဉ်နေချိန်၌ပင် မြို့မှ ဗလီဆရာ အက်ရှရာအာလီက အမျိုးသမီးများနှင့် မိန်းကလေးများကို အားကစားတွင် ခွင့်မပြုသင့်ဟု ထုတ်ပြောလိုက်သည်။
အားကစားပွဲ စီစဉ်သူများသည် ပုံမှန်အားဖြင့် ဆိုက်ကားများပေါ်၌ လော်စပီကာများ တင်ကာ ပွဲအကြောင်းကို မြို့တွင်းလှည့်လည် ကြေညာလေ့ရှိသည်။ ဗလီဆရာ အာလီကလည်း ထိုပုံစံအတိုင်း လိုက်ကြေညာကာ လူများကို အားကစားပွဲ မသွားကြရန် လှည့်လည်ပြောသည်။
အာလီက မိမိအနေဖြင့် အားကစားပွဲကို ခွင့်ပြုမည့်အစား အာဇာနည်သာ အဖြစ်ခံမည်ဟု ပြောကြားသည့်အတွက် ဒေသခံ အရာရှိများသည် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရသည်ဟု အားကစားပွဲ စီစဉ်သူများအနက် တစ်ဦးဖြစ်သူ ဆီရာဂျူးအစ္စလာမ်က ပြောသည်။
ဤသို့ဖြင့် နောက်ဆုံး၌ အာဏာပိုင်များသည် ကစားပွဲကို ဖျက်သိမ်းကာ အဆိုပါ ဧရိယာတဝိုက်ကိုလည်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်မိန့် ထုတ်ပြန်ခဲ့ရသည်။ ဘောလုံးပွဲကို နောက်သီတင်းပတ် အနည်းငယ်အကြာမှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ခြံရံကာ ကျင်းပခဲ့ရသည်။ အမျိုးသမီး ကစားသမားများ၏ အားကစားဘောင်းဘီအောက်တွင် ခြေအိတ်အရှည် (စတော့ကင်း) ဝတ်ဆင်ရန်ပါ ညွှန်ကြားခဲ့ရသည်။
တရားဟောဆရာက တောက်လျှောက် ခြိမ်းခြောက်နေသည်ဖြစ်ရာ သူတို့အနေဖြင့် နောက်တစ်ကြိမ် စွန့်စားပြီး ကျင်းပရန် မသေချာတော့ဟု ပွဲစီစဉ်သူများက ဆိုကြသည်။
ဗလီဆရာ အာလီကို အင်တာဗျူးရာ၌ သူက လူမသိသူမသိ ကိစ္စတစ်ရပ်ကို လူအများအငြင်းပွားဖွယ် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့သည်ဟု ဂုဏ်ယူစွာ ဖြေကြားသည်။ တာရာဂန့်ကဲ့သို့ ခေါင်သီသည့် မြို့မျိုး၌ အမျိုးသမီး အားကစားပွဲဆိုသည်မှာ "မဖွယ်မရာလုပ်ရပ်"သာ ဖြစ်သည်ဟုလည်း သူကဆိုသည်။
အမျိုးသမီးအားကစားဖြစ်ရပ်သည် သူ၏ လုပ်ရပ်များထဲမှ နောက်ဆုံး တစ်ခုသာ ဖြစ်သည်။ ဗလီဆရာ အာလီသည် သူ့နယ်မြေရှိ လူနည်းစု မူဆလင်အသိုင်းအဝိုင်း အာမာဒီယာအုပ်စုကို ဆန့်ကျင်သည့် စကားများ ဟောပြောကာ အုပ်စုဝင် ၅၀၀ ခန့်ကို မောင်းထုတ်ရန် ကြိုးပမ်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ရှိတ်ဟာဆီနာအစိုးရ ပြိုလဲသွားသည့်နေ့ ညဉ့်ပိုင်းတွင် အာမာဒီယာ ဝတ်ပြုရာနေရာကို လူအုပ်ကြီးက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဤသည်က လူနည်းစု ဘာသာရေး နေရာများ၊ အထူးသဖြင့် ဟိန္ဒု ဘာသာရေး နေရာများကို ဦးတည် တိုက်ခိုက်ခဲ့သည့် မင်းမဲ့ဖြစ်စဉ်ထဲမှ တစိတ်တပိုင်းလည်း ဖြစ်သည်။ အာမာဒီယာ အသိုင်းအဝိုင်းသည် ယခုအထိ အထိတ်တလန့် နေကြရဆဲ ဖြစ်သလို လာရောက်ဝတ်ပြုသူ အရေအတွက်လည်း ထက်ဝက်နီးပါးအထိ လျော့နည်းသွားသည်။
ပျက်စီးသွားသည့် ဝတ်ပြုဆောင် အမှတ်အသားကို ပြန်တည်ဆောက်ခွင့် မရကြသလို ဝတ်ပြု ဆုတောင်းမှုကိုလည်း လော်စပီကာဖြင့် ထုတ်လွှင့်ခွင့် မရကြပေ။ ဤအကြမ်းဖက်မှုနှင့် ပတ်သက်၍ ဗလီဆရာအာလီကတော့ တာဝန်ယူမှု တစုံတရာ မပြုပေ။ သို့သော်လည်း အာမာဒီယာများသည် ဒိဋ္ဌိများ ဖြစ်ပြီး နှင်ထုတ်ရမည် ဆိုသည့် ဟောပြောချက်များမှာ သူကဲ့သို့သော ဝတ်ပြုဆရာများထံမှ ပျံ့လွင့်နေဆဲ ဖြစ်သည်။
ဒေသခံ အာမာဒီယာအသင်း ဥက္ကဌ အေ-ကေ-အမ်- ရှာဖစ်အစ္စလာမ်ကတော့ ယခုလို ဆိုသည်။ "လူတွေက လေးစားကြပါတယ် .. ဒါပေမဲ့ ဒီဘာသာရေး ခေါင်းဆောင်တွေကတော့ ကျွန်တော်တို့ကို ဆန့်ကျင်ကြတယ်။"
ရာဗီချန်ဒရာကူးမား
New York Times သတင်းဌာနက ဖော်ပြသည့် As Bangladesh Reinvents Itself, Islamist Hard-Liners See an Opening By Mujib Mashal and Saif Hasnat သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။