- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
Trump အစိုးရအဖွဲ့မှ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ဦးဆောင် အစိုးရရှေ့နေချုပ်အား ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် စီရင်ဆုံးဖြတ်ခွင့် အမိန့်အာဏာချမှတ်ခြင်းကြောင့် ၎င်းတို့ကို အမေရိကန်တရားရုံးတွင် Fortity Rights အဖွဲ့က တရားစွဲဆိုထားကြောင်း ဧပြီ (၁၁) တွင် ထုတ်ပြန်သည်။
12 Apr 2025

DMG ၊ ဧပြီ ၁၂
Trump အစိုးရအဖွဲ့မှ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ဦးဆောင် အစိုးရရှေ့နေချုပ်အား ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် စီရင်ဆုံးဖြတ်ခွင့် အမိန့်အာဏာချမှတ်ခြင်းကြောင့် ၎င်းတို့ကို အမေရိကန်တရားရုံးတွင် Fortity Rights အဖွဲ့က တရားစွဲဆိုထားကြောင်း ဧပြီ (၁၁) တွင် ထုတ်ပြန်သည်။
Fortity Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Akila Radhakrishnan တို့သည် Trump အစိုးရအဖွဲ့မှ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ၏ ဦးဆောင်အစိုးရရှေ့နေချုပ်အား ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် စီရင်ဆုံးဖြတ်ခွင့် အမိန့်အာဏာ ချမှတ်ခြင်းအတွက် ၎င်းတို့အား အမေရိကန်တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။
Matthew Smith နှင့် Radhakrishnan တို့ နှစ်ဦးအား အမေရိကန်ဖွဲ့စည်းပုံ အခြေခံဉပဒေမှ အာမခံထားသော လူတစ်ဦးချင်း၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်မြှင့်တင်ပေးသည့် ထိပ်တန်းအမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် American Civil Liberties Union (ACLU) မှ ကိုယ်စားပြုထားသည်။
အမေရိကန်ပြည်သူများအနေဖြင့် ICC ၏ အစိုးရရှေ့နေချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဥပဒေအကြံ ဥာဏ်ပေးခြင်း၊ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များ တင်ပြခြင်းနှင့် သက်သေအထောက်အထားများ ပေးပို့ခြင်းတို့ကို တားမြစ်ခြင်းသည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
" နိုင်ငံတကာ ရာဇဝတ်ခုံရုံးဟာ နိုင်ငံအတွင်း တရားစီရင်ရေးစနစ်များအနေနဲ့ တရားမျှတမှု မပေးနိုင်တော့တဲ့ အခါ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် အားထားရာ တရားလွှတ်တော်တစ်ခုဖြစ်တယ် " ဟု ACLU ၏ အမျိုးသားလုံခြုံရေးစီမံကိန်းမှ ဝန်းထမ်းရှေ့နေ Charlie Hogle က ပြောကြားခဲ့သည်။
" ကျတော်ရဲ့ အမှုသည်တွေနဲ့ အလားတူ အခြားအမေရိကန် ပြည်သူတွေကို လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ကနေ ပိတ်ပင်တားဆီးခြင်းက အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး" ဟုလည်း ဆိုထားသည်။
အလားတူ မြန်မာနိုင်ငံမှ လူမျိုးတုံးသတ်ဖြတ်ခြင်းခံခဲ့ရသည့် ရိုဟင်ဂျာ(မွတ်ဆလင်)များ၊ သို့မဟုတ် တာလီဘန် လက်အောက်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ခံစားခဲ့ရသော အာဖဂန် အမျိုးသမီးများအပေါ် တရားမျှတ မှုရရှိရေးအတွက် ဘဝတစ်ခုလုံးကို မြှပ်နှံကာအလုပ်လုပ်နေသည့် အမေရိကန် ပြည်သူများသည် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လျော်ညီသော အခွင့်အရေးကို အသုံးပြုခြင်းအားဖြင့် ICC ၏ စုံစမ်းစစ်ဆေးရေး အရာရှိများနှင့် တရားလွှတ်တော် ရှေ့နေချုပ်များအား ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အားပေးထောက်ခံမှုများ ပြုလုပ်ပါက ပြင်းထန်သော ပြစ်ဒဏ်များကို ရင်ဆိုင်ရနိုင်ကြောင်းလည်း ဆိုထားသည်။
" ဒီအမိန့်ကြောင့် မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူကုန်ကူးမှုတွေ အပါအဝင် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတွေကို ICC အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ကူညီနေတဲ့အလုပ်တွေကို ရပ်တန့်လိုက်ရပါတယ်" ဟု Fortify Rights ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mattew Smith က ပြောသည်။
" ဒီစီရင်ဆုံးဖြတ်ခွင့် အမိန့်က ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးရုံတင်မကဘူး နိုင်ငံတကာတရားမျှတမှုအတွက် ကြိုးပမ်းမှုတွေကိုပါ အမှန်တကယ် လျော့ပါးစေတဲ့အပြင် မတွေးဝံ့စရာ ကောင်းလောက်အောင် ကြောက်မတ်ဖွယ်ရာများ ကြုံတွေ့နေရတဲ့ လူမှုအသိုင်းအဝန်းတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှု လမ်းကြောင်းကိုပါ ပိတ်ပင်တားဆီးထားပါတယ်" ဟုလည်း ဆိုသည်။
ICC ၏ အစိုးရရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် ကြိုးပမ်းအားထုတ်မှုများအား အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရခြင်းကြောင်း တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
" တာဘီဘန်တွေရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့သူတွေဟာ တရားမျှတမှုအတွက် သူတို့နိုင်ငံရဲ့ တရားရုံးတွေကို အားထားလို့ မရပါဘူး။ ဒါကြောင့်ပဲ သူတို့ ICC ကို အားထားကြနေရပြီး၊ သူတို့အတွက် တရားမျှတမှုကို တာဝန်ယူမှု တာဝန်ခံမှုရရှိရေး တိုက်ပွဲမှာ သူတို့နဲ့အတူ ပူးပေါင်းပါဝင်နိုင်ဖို့က ကျွန်မအတွက် အလွန်အရေး ကြီးပါတယ်" ဟု နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ Akila Radhakrishnan က ပြောသည်။
" အာဖဂန် နစ္စတန်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် စနစ်တကျ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ တာလီဘန်တွေကို တာဝန်ယူမှုရှိစေဖို့ ကြိုးစားနေတဲ့ ကျွန်မအနေနဲ့ ပြစ်ဒဏ်မခံစားရအောင် ကျွန်မတို့ နိုင်ငံရဲ့ အစိုးရကို ဒီတရားစွဲဆိုချက် တင်သွင်းထားတာပါ" ဟု ဆိုသည်။
အမေရိကန် နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ကူညီစေမည့် ရည်ရွယ်ချက်ဖြင့် ICC ကို ၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
ICC သည် ပြည်တွင်းတရားရုံးများက ဆောင်ရွက်ရန် ဆန္ဒမရှိသော်လည်းကောင်း၊ မလုပ်ဆောင်နိုင်သော် လည်းကောင်း မည်သည့်အခြေနေများတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအပါအဝင် အပြင်းအထန်ဆုံး ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး၍ တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း ဆိုထားသည်။
လက်ရှိ တရားစွဲဆိုမှုတွင် Matthew Smith နှင့် Akila Radhakrishnan ကိုယ်စား ACLU နှင့် Maine မှ ACLU တို့က အမေရိကန်ပြည်ထောင်စု Maine ခရိုင်တရားရုံးတွင် တင်သွင်းထားကြောင်းလည်း သိရသည်။
၂၀၂၀ ခုနှစ်တွင်လည်း သမ္မတ Trump မှ အလားတူ ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့စဉ်ကာလအတွင်း ICC နှင့် ဆက်လက်ပူးပေါင်းလုပ်ကိုင်ခြင်းမှ တားမြစ်ရင်ဆိုင်ခံခဲ့ရသော လူ့အခွင့်အရေးကျွမ်းကျင်သူများ ကိုယ်စား ACLU က တရားစွဲဆိုခဲ့သည်။
နောက်ပိုင်းတွင် သမ္မတ Joe Biden က ထိုဒဏ်ခတ်အရေးယူမှုများကို ရုပ်သိမ်းခဲ့ရာမှ ACLU ၏ အမှုသည်များသည် ၎င်းတို့၏ တရားစွဲဆိုမှုကိုလည်း ရုပ်သိမ်းခဲ့ကြသည်။