သေဆုံးတော့မည့် မြို့လယ်ချောင်း

(၁)

အဝါရောင်သန်းနေသော လိမ္မော်သီးများကို သယ်ဆောင်လာသည့် စက်မဲ့ ရွက်လွင့်လှေများသည် မိဇံနတ်ကွန်းထိတ်ကို ဖြတ်သန်း၍ ချောင်းငယ်ထဲသို့ ဝင်လာကြသည်။

နီရဲနေသော မြေသားအိုးမြောက်များစွာသည် ချောင်းထဲအား ဒီရေအတက်တွင် ရောက်ရှိလာကြသည်။ ချောင်းထဲတွင် ရေချိုးနေသော ကလေးများသည် လှေများပေါ်မှ လိမ္မော်သီးများကို ပျှော်ရွှင်စွာဖြင့် အော်ဟစ်တောင်းကြသည်။

By မိုးသင်းဝေဇံ 16 Jun 2017

(စစ်တွေမြို့လယ်ချောင်း (ဘီလူးမချောင်း)။ ဓါတ်ပုံ - ပျံလွှား/DMG)

(၁)

အဝါရောင်သန်းနေသော လိမ္မော်သီးများကို သယ်ဆောင်လာသည့် စက်မဲ့ ရွက်လွင့်လှေများသည် မိဇံနတ်ကွန်းထိတ်ကို ဖြတ်သန်း၍ ချောင်းငယ်ထဲသို့ ဝင်လာကြသည်။

နီရဲနေသော မြေသားအိုးမြောက်များစွာသည် ချောင်းထဲအား ဒီရေအတက်တွင် ရောက်ရှိလာကြသည်။ ချောင်းထဲတွင် ရေချိုးနေသော ကလေးများသည် လှေများပေါ်မှ လိမ္မော်သီးများကို ပျှော်ရွှင်စွာဖြင့် အော်ဟစ်တောင်းကြသည်။

မောင်ခိုင်အောင်ဟုခေါ်သည့် ကဗျာဆရာတစ်ဦး ကလေးဘဝတုန်းက ရေနှစ်မြုပ်ဖူးသော ချောင်းငယ်သည် စစ်တွေမြို့တွင်ရှိခဲ့ဖူးသည်။ ထိုချောင်းငယ်သည် ယခုအခါ သေလုနီးပါး လူနာတစ်ဦးလို ဖြစ်နေပြီဖြစ်သည်။

 

ထိုချောင်းငယ်နံဘေးတွင်ပင် နုတ်ခမ်းမွှေးဖြူဖြူနှင့် သမိုင်းကို အနုပညာတစ်ခုလို မွှေနှောက်လေ့လာသည့် ကဗျာဆရာကြီး သျှင်အုန်း၏ ပုံရိပ်များပျံလွှင့်နေနိုင်သည်။

ရေမြင်ကိုအမှီပြု၍ ဖွင့်လှစ်ထားသည့် ဆိုင်ဘေးတွင် တနင်္ဂနွေနေ့တိုင်း အပေါင်းအသင်း၊ သူ့မိတ်ဆွေသူ့ကို မြတ်နိုးသူများနှင့် ဆရာကြီးရှင်သန်ခဲ့ဖူးသည်။ ထိုအရာများသည် စစ်တွေမြို့၏ ချောင်းများ ရေစီးသန်နေသည့် အချိန်ကာလများဖြစ်သည်။

စစ်တွေသည် ပန်းကမ္ဘာ၊ မီးကျောင်းစက်ဘီးများကို ထားရစ်ခဲ့ပြီး တရုတ်ဆိုင်ကယ်များဖြင့် Android ဖုန်းများကို ကိုင်ဆောင်လာသည်။ စစ်တွေ ကောလိပ်ကျောင်းအနီးမှ လင်းဆွဲအကောင်ရေများ တဖြေးဖြေး လျှော့နည်းလာသည်။ ရခိုင်နှင့်အိန္ဒိယဒေသကို ပူးပေါင်းပေးမည့် ဂလိုဘယ် ပထဝီစစ်မျက်နှာတွင် မြို့မြောက်ဘက် ပွိုင့်ကမ်းခြေသည် တစ်ဘက် နှိမ့်ဆင်းသွားသည်။

ရဲရဲနီနေသော၊ ဒါဇင် ရာချီသော ပွိုင့်ကမ်းခြေမှာ ဂဏန်း၊ ဗလိနှင့် စိမ်းပြီးလှပသော ရှားပါး ပင်လယ်မြက်ပင်ရှည်များ ပျောက်ဆုံးသွားသည်။

 

မြို့၏ ချောင်းလက်တက်ငယ်တစ်ခုဖြစ်သည့် စစ်တွေဆေးရုံနံဘေးက ချောင်းငယ်သည် မြောင်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းခံလိုက်ရသည်။

 

သမဝါယမနဲ့ ဆိုရှယ်လစ်စီးပွားရေးအကြောင်း ဗုဒ္စနိပါတ်တော်အကြောင်း၊ ခိုင်မိုးလင်းတော်လှန်ရေး စစ်ကြောင်းများ….။ သင်းဝေနေသော မြို့၏ သံပုရားသီး ခွဆုံဟုချစ်စဖွယ်ခေါ်ဝေါ်ကြသည့် ကျေးပင်တန်း ကမ်းနားလမ်း အရှေ့ဘက် မြင်ကွင်များသည် ဆယ်ပေမက မြင့်မားသော အုပ်နံရံတံတိုင်းများဖြင့် ကုလားတန်မြစ်အား မြင်ကွင်းထဲမှ လုယူခံလိုက်ရသည်။


(မြို့လယ်ချောင်းထိပ်ဝ။ ဓါတ်ပုံ - ပျံလွှား/DMG)

ငြိမ်သက်နေသာ စစ်တွေမြို့သားများသည် မြစ်နှင့်ပင်လယ် ထိစပ်နေသာရှုခင်းအား မြင်လိုလျှင် အင်းပေါက်ဝခွဆုံ အလွန်အထိ သွားရသည်။ အရှေ့တောင်ဘက်မှ ဖရုံကာကျွန်းအား ရှုခင်းသားလမ်းပေါ်သို့ ရောက်မှသာ နမ်းရှိုက်ရတော့သည်။

ရှယ်လျှားသော တောင်တန်းပုံရိပ်များအား လှေငယ်များနှင့်တွဲဖက်ပြီး ပုံတူကြည့်ဆွဲတတ်သည့် ကျေးပင်းကြီး အလက (၇) မှ ကျောင်းသားငယ်လေး၏ ဗလာစာအုပ်တွင် ကရိန်းကားကြီးများဝင်လာသည်။

 

မြစ်၏ ဒီရေအတက်အကျကို လှိုင်းပုတ်သံများနှင့်ကမ်းခြေကို လာနားသည့် ကျီးကန်များကို နားစွင့်ကြည့်တတ်သော အလက(၇) မှ တေးရေး ဆရာသတို့သားငယ်၏ မယ်လိုဒီထဲတွင် မြေဖို့သံများ…၊ စက်ယန္တရားကြီးများ၏ အသံများဖြာထွက်လာသည်။

ဤအရာများသည် စစ်တွေကျွန်း၏ ချောင်းများသေဆုံးလာခြင်းနှင့် ဆက်စပ်နေသည်။

 

ဒီရေတောများအုံ့ဆိုင်းရာ ကမ်းနားလမ်းဘက်မှ သမ္ဗန်ချောင်းသည် ချောင်း၏အချင်း ကျယ်ပြန့်မှုအား ခေတ်၏ အင်္ဂတေနည်းပညာ အောက်တွင် လည်စင်းခံလိုက်ရသည်။ မြို့တော်၏ ဂျစ်ပစီများနှင့် ဂေးများ ကျက်စားတတ်သည့် ရှုခင်းသားလမ်း၏ သစ်သား တံတားအရှည်ကြီးသည် တံတားအတိုတစ်စင်းအဖြစ်သို့ သူ၏ နောင်တော်ချောင်းချောင်းနှင့်အတူ ကွယ်ပျောက်သွားရသည်။

 

  (ကမ်းနားလမ်းဘက်မှ မြင်ရသည့် သမ္ဗန်ချောင်း။ ဓါတ်ပုံ - ပျံလွှား/DMG)

 

(၂)

စစ်တွေသည် ရခိုင်ဒေသတွင် ချောင်းအင်းအိုင်နည်းသည့် အကျယ်ပြန့်ဆုံး ကျွန်းတစ်ကျွန်းဟု သမိုင်းစာအုပ်တစ်ခုတွင် ဖတ်ဖူးသည်။ ချောင်း၏အမည်များကို ရေတွက်ကြည့်ပါက လက်ဆယ်ချောင်းစာမရှိ။ ကိုလိုနီခေတ်က မြို့တော်၏ ချောင်းများသည် သန့်ရှင်းသပ်ရပ်ခဲ့မှာ သေချာသည်။ ချောင်း၏အနီးတွင် ရခိုင်များသည် မည့်သည့်အချိန်ခါက အမှိုက်များပစ်တတ်သည့် ယဉ်ကျေးမှုများရှိခဲ့သည်ဆိုသည်ကို ကျွန်တော်မသိ။

 

သေချာသည်မှာ မြောက်ဦးခေတ် ရခိုင်များသည် ချောင်းများကို တန်ဖိုးထားတတ်မှာ သေချာသည်။ ရခိုင်အာဏာ နောက်ဆုံးတည်ရှိရာ မြောက်ဦးမြို့တော်ရှိ ချောင်းများအနီးတွင် ရခိုင်ဘုရင်တို့သည် ဘုရားတည်ကြသည်။ ချောင်းများထဲတွင် ဘုရားများကို သိုဝှက်ထားခဲ့ကြသည်။ ချောင်းအနီးတွင် ဘုရားတည်မည့် တဘောင်အဖြစ် “ခဝါသည်ချာင်းဖျား ဘုရားကြီးစွာတည်လတ္တံ"ဟု ရှိခဲ့ဖူးသည်။

 

ချောင်းနှင့်ပါတ်သက်နေသည့် ထိုတဘောင်သည် ၉၀ ကျော် ကာလများ၏ နှောက်ဆုံးနှစ် သက္ကရဇ် ၂၀၀၀ သို့မကူးမည် လောကာနန္ဒာစေတီဆိုပြီး စစ်တွေမြို့ခဝါသည် ချောင်းအနီးတွင် ပေါ်လာသည်။ ရခိုင်ဒေသတွင် အကြီးမားဆုံး ကိုးကွယ်မှု ပုံရိပ်တစ်ခုအဖြစ်။

ချောင်းများသည် လူယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့်ဆက်စပ်နေသည်။

သွေ့ထိုင်းနေသော ဆန်စက်ပျက်များတည်ရှိရာ စစ်တွေ ဆတ်ရိုးကျ ချောင်းသည်လည်း ရခိုင်ဒဏ္ဍာရီ ပုံပြင်ဦးတစ်ခုနှင့် ဆက်စပ်နေသည်။

ချောင်းများကို သတ်မှတ်ပြီး နယ်နိမိတ်များကို ပိုင်းခြားခဲ့ကြသည်။ ချောင်း၏အမည်ကို အစွဲပြုပြီး ရွာနာမည်များကို ခေါ်ဝေါ်ကြသည်။ တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်သွယ် ခရီးသွားကြရာတွင် ချောင်းကို ပိုင်ဆိုင်သည့် အရှင်သခင်များကို ငွေစ၊ ကြေးစများဖြင့် ပူဇော်ကြသည်။ ရန်သူများလက်အတွင်းမှာ ရှောင်ပြေးနေရသော မြောက်ဦးနောက်ဆုံး နန်းသက်ဘုရင်သည် သူနိဗ္ဗန်စံတော်မမှုမည် ကျွန်းသာယာအနီးရှိ ဗြိချောင်းဝတွင် ငွေဒင်္ဂါများ ပူဇော်ကြဲခဲ့သည်။ ချောင်းများသည် တစ်ချိန်တစ်ခါက ယုံကြည်သက်ဝင်မှုများနှင့် ဆက်စပ်နေခဲ့ဖူးသည်။

 

ချောင်းများကို မျှက်နှာမှုပြီး ဆောက်လုပ်ထားကြသည့် အိမ်ငယ်များ နိုင်ငံခြားဇာတ်ကားများထဲတွင် မြင်ဖူးသည်။ ယင်းအရာများနှင့် ဆန့်ကျင့်ဘက် ကျွန်တော်တို့ အရပ်တွင် ရေအိမ်သာများမှ ပိုက်များကို ချောင်းဘက်သို့ လှည့်ထားကြသည်။ စစ်တွေမြို့ထဲရှိ ချောင်းများသည် လွန်ခဲ့သည့် ဆယ်စုနှစ် ခုနှစ်ခုလောက်က လှေသဗ္ဗန်များ ဝင်ရောက်လို့ ရသည်ကိုသိရသည်။

ကိုလိုနီခေတ်က တနင်္ဂနွေနေ့ရက်များတွင် ရခိုင်ပညာတတ်များသည် နိုင်ငံခြားသား အရာရှိများနှင့် ဆတ်ရိုးကျ ချောင်းအတွင်းထဲတွင် လှည့်လှည်ကာ လေညှင်းခံကြသည်။

ဆားငံစပ်ဖြစ်သော ပင်လယ်နားက ဆတ်ရိုးကျ ချောင်းထဲတွင် ဒီရေတောများ စိမ်းစိုနေသည်။

သဗ္ဗန်ချောင်းထဲသို့ စီးဝင်သည့် အကျဉ်းထောင် အနီးမှ ချောင်းကရေများ အရင်လို စီးဆန်မှု မြန်ဆန်ခြင်းမရှိတော့ပြီ။ ဗဒေါမော်ချောင်းမှာ ရေများက စီးဆင်းခြင်းက မရှိတော့ချေ။ မြို့၏ ဒုတိယအရှည်ဆုံး ခဝါသည်ချောင်းက လောကနန္ဒစေတီအနီးတွင် ရေအိုင်ကြီးတစ်ခုအဖြစ်သို့ စီးဆင်းမှုများအား ရပ်တန့်ခံထားရသည်။

 

မြို့၏ ကဗျာဆန်မှုအဖြစ်လည်း ခဝါသည်ချောင်းသည် တိတ်ဆိတ်စွာရှိနေသည်။


(ခဝါသည်ချောင်း။ ဓါတ်ပုံ - ပျံလွှား/DMG)

၂၀၁၅ ၏ နွေဦးပေါက် တစ်ခုတွင် ကဗျာဆရာ ကျော်စိုးလူဦးဆောင်ပြီး ခေတ်ပေါ် အနုပညာများကို ထိုချောင်းငယ် နံဘေးတွင် ပြုလုပ်ခဲ့ကြသည်။

ခမောင်းချောင်းလို့လည်း ရာဇဝင်ထဲတွင် သူစီးဆင်းဖူးသည်။ ဌာနဆိုင်ရာ ရုံးများသည် ထိုချောင်းကို ကျောပေးပြီး ဆောက်လုပ်ထားကြသည်။

 

မဟာဓါတ်အားလိုင်းမီးမရရှိမည်ကာလက ဖွဲစက်များဖြင့် လျှပ်စစ်ဓါတ် အားထုတ်လုပ်မှုများကို ချောင်းများအနီးတွင် တည်ဆောက်မှုကြောင့် ခဝါသည်ချောင်းအပါအဝင်၊ ကုလားချောင်းထဲသို့ စီးဆင်းသည့် ရူပမြောက် ချောင်းသည်လည်း ပျက်စီးခဲ့ရသည်။ ချောင်းများသည် သင်္ခါရတရားများကို တရိပ်ရိပ်စီးဆင်းသွားပြကြသည်။

ရာဇဝင်အစဉ်အရ လေးဆယ့်လေးကျွန်းထဲတွင်ပါသော စစ်တွေကျွန်း၏ ချောင်းများသည် သွေးဆုံးလာသည့် မုဆိုးမတစ်ဦးကဲသို့ ဖြစ်လာသည်။

ရခိုင်ခေတ်က ကာလသားများ အစွဲပြုနေခဲ့ကြသည့် ကုလားချောင်းသည် မကြာမည် နေ့ရက်များတွင် ပျောက်ဆုံးတော့မည်ဖြစ်သည်။ သမိုင်းရှင်သန်မှုတစ်ခုတွင် ရန်သူများအား ကင်းစောင့်ကြည့်ဖူးသည်။ သွေးသောက် ညီအစ်ကိုများ နေထိုင်ခဲ့ဖူးသည်။ ရန်သူအဝင်အထွက်ကို စောင့်ကြည့်ခဲ့သည်။ ကုလားချောင်းနတ်နှင့် မိဇံနတ်ဆိုပြီးရှိသည်။ ကုလားချောင်းနတ်သည် ဘီးလူးမအဖြစ်သို့ ရာစုတစ်ခု အကူးအပြောင်းတွင် ကင်ပွန်းတတ်ခံလိုက်ရသည်။ ကုလားချောင်းနတ်၏ တန်ခိုးတော်သည် ဘီလူးမက လူစား သည်ဟုဖြစ်လာသည်။ မြို့၏ကလေးငယ်များဘဝတွင် စိတ်ဝင်စားဖွယ်ရာ ဂမ္ဘီရပုံပြင်တစ်ခုဖြစ်သည်။

ကိုလိုနီခေတ်ထဲမှာ ဘီလူမန် (Biluman) ကုမ္ပဏီက တာဝန် ယူတည်ဆောက်ခဲ့သည် ဆိုသည်ကို မြို့က မေ့လျှော့နေခဲ့ပြီ။ ကုမ္ပဏီ၏ အမည်သည် မြို့ခံကလေးများ၏ ပုံရိပ်တွင် ဘီလူးမအဖြစ် ထင်ပေါ်လာသည်။ မြို့ခံကလေးများသည် လူလတ်၊ လူကြီး၊ လူအိုဖြစ်သွားကြသည်။

မိုးတွင်းရာသီဆိုလျှင် ကုလားတန်မြစ်မှ ငါးမျိုးစိတ်အချို့သည် ချောင်းငယ်များထဲသို့ဝင်ရောက်ကြပြီး မွေးဖွားခြင်းအလုပ်ကို ပြုလုပ်ကြသည်။ ပင်လယ်ရနံ့ပါသော နေခြယ်များ၏ အလင်းအောက်တွင် ငါးများ အုပ်စုလိုက် ရေဆန်တက်လာကြသည်ကို ခံစားကြည့်နိုင်သည်။ ချောင်းပေါ်တွင် ငါးများကို လွယ်လင့်တကူဖမ်းပြီး လူငယ်များက ချက်စားကြသည်။ ရေမကူးတတ်သေးသော ကလေးငယ်များအား မိဘ၊ ညီအကိုများက ထိုချောင်းငယ်တွင် ရေကူးတတ်စေရန် သင်ကြားပေးသည်။

နေ့လည် ထမင်းစားရန် မရောက်ရှိသေးသော သားငယ်အား မိခင်ဖြစ်သူက ချောင်းအနီးတွင် လိုက်ရှာသည်။ သားငယ်သည် ချောင်းထဲတွင် ပျော်ရွှင်စွာ ရေကူးနေသည်။ ကုလားချောင်း၏ ရှင်သန်ရာ သည်ပုံရိပ်များသည် မြို့လယ်တံတားအသစ်တစ်စင်း ပေါ်ထွက်လာခြင်းနှင့်တူ ပြောင်းလဲခဲ့ပြီဖြစ်သည်။

ငွေကြေးအလွဲသုံးစားလုပ်မှု၊ လုပ်ပိုင်ခွင့်တို့၏ အာဏာသွေးစုပ်ရာအဖြစ် ကုလားချောင်းသည် အုပ်ချုပ်သူလူတန်းစားတို့အထဲတွင် အကြောင်းပြချက် တစ်ခုဖြစ်လာသည်။ ကဗျာဆရာ ကျောင်းဆရာ တစ်ဦးက သတင်းထောက် သူတပည့်များအပေါ် သည်ချောင်းနှင့် ပတ်သက်ပြီး မခံချိမခံသာ ပြောပြဖူးသည်။ ချောင်းအား ရေစီးကောင်းစေရန်၊ ပိုမိုသန့်ပြန့်လာစေရန် မတည်ငွေ ရန်ပုံငွေများ ပျောက်ဆုံးနေခဲ့ခြင်းအပေါ် သူပေါက်ကွဲခြင်းဖြစ်သည်။ မြို့လယ်ချောင်း သေလုနီးပါး ယခုအခြေနေတွင် သူ လွှတ်တော်အမတ်ဖြစ်လို့လာ သည်။

ချောင်းငယ်သည် ရေများစီးဆင်းရန် အားယူနေရသည်။ လူနေအိမ်များ၏ မြေဖို့တိုးချဲ့ခြင်းကို အမှောင်ရိပ်များထဲတွင် နာကြင်နေရသည်။


(ပြည်နယ် ဧည့်ရိပ်သာ အရှေ့ဘက် နံဘေးသဗ္ဗန်ချောင်းငယ်။ ဓါတ်ပုံ - ပျံလွှား/DMG)

(၃)

ချောင်းများနှင့်ပါတ်သက်ပြီး ကျွန်တော် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ခွင့်ရမည်ဆိုပါက နိဒါန်းပျိုးမှုသည် စစ်တွေအကျဉ်းထောင်အနီးက စတင်လိမ့်မည်။

ပြည်နယ် ဧည့်ရိပ်သာ အရှေ့ဘက် နံဘေးသဗ္ဗန်ချောင်းငယ်ပေါ်တွင် ကလေးငယ်တစ်ဦး ရောင်စုံ စက္ကူသင်္ဘောငယ်များ ရေပေါ်တွင်ချပြီး ကစားနေသည့် မြင်ကွင်းနှင့်ဖြစ်သည်။ ကလေးငယ် ဘေးတိုက် မျက်နှာကို အနီးကတ်ရိုက်ရာတွင် စစ်တွေ အကျဉ်းထောင်ကြီးအား ပါရှိအောင်ရိုက်ကူးမည်။ ကလေးငယ်၏ နံဘေးက ပင်လယ်ကျောက်တုံးများ အစီအရီ အနည်းငယ် ကျန်ရှိနေသးသည့် ဘေးပါတ်ဝန်း ကျင်ကိုပါ ထည့်သွင်းမည်။ ကလေးငယ်၏ စက္ကူလှေကလေးသည် သူ့မြင်ကွင်း အောက်တွင် ပျောက်ကွယ်ပြီး ရေအောက်တွင် နှစ်မြုပ်သွားမည်။

 

ကာလာကို ကျွန်တော် အဖြူအမည်းဖြင့်သာ ရိုက်ကူးမည်။ ကလေးငယ်သည် ဆံပင်ရွှေဝါရောင်နှင့် မျက်လုံးအပြာရောင်သန်းသည့် လူဖြူငယ်တစ်ဦး။

 

ရှုပမြောက် ချောင်းငယ်လေးထဲတွင် မိုးစက်များက ကြိုးဖုန်းတစ်လုံး အသံလှိုင်းပူးသကဲ့သို့ ပြတ်တောက်ပြတ်တောက် ခုန်ဆင်းနေသည်။ ကလေးငယ်များက ရေကူးနည်း အကွက်ပေါင်းစုံကို ချောင်းငယ်ထဲတွင် ကျင်းပနေကြသည်။

 

မြေးငယ်နှစ်ဦးအား ရေကူးရန် သင်ပေးနေသော ကျွန်တော်၏ အဖေသည် မြေးမလေးအား သူ၏လက်ပေါ်တွင်တင်ပြီး ခြေနှစ်ဘက် လုပ်ခပ်တတ်စေရန် စိတ်ရှည်စွာနဲ့ လေ့ကျင့်ပေးနေသည်။ အနီးရှိ မြေးဘိုလေးအားလည်း စိတ်မချစွာဖြင့် သူနဲ့အဝေးကို မသွားရန်သတိပေးနေသည်။ (နောက်ဆုံးသူ မြေးငယ်များအားထားပြီး အဝေးကို သွားခဲ့သည်) ဤ အခန်း၏ နောက်ကွယ်တွင် မည့်သည့်တီးလုံးသံကိုမှ မထည့်သွင်း။ အဘိုး၏ အော်သံများနှင့်မြေးငယ်များ၏ အသံများသာ။

 

(၄)

 

ငါးငယ်လေးများသည် မိတ်လိုက်ရန်နှင့် သားပေါက်ရန် စစ်တွေ ကုလားချောင်းထဲသို့ ဝင်ရောက်လာကြသည်။ နေရောင်ခြယ် အလင်းရောင်များသည် ချောင်းထဲသို့ဝင်သည်နှင့် ပျောက်ကွယ်သွားသည်။ သူတို့သည် ပိုက်လုံးခေါင်းအကြီးကြီး တစ်ခုထဲသို့ ဝင်လာသကဲ့သို့။

 

 

ဗီဒီယိုများ