၁၀၂၇ စစ်ဆင်ရေး ၅ လကျော်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၈၇၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ၅ လကျော်အတွင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၈၇၈ ကြိမ်ထိရှိခဲ့ကြောင်း သိရသည်။

By Admin 30 Apr 2024

ကရင်နီတပ်မတော်(KIA)တပ်ဖွဲ့ဝင်များ  
ကရင်နီတပ်မတော်(KIA)တပ်ဖွဲ့ဝင်များ  

DMG ၊ ဧပြီ ၃၀

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ၅ လကျော်အတွင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၈၇၈ ကြိမ်ထိရှိခဲ့သည်ဟု နိုင်ငံတကာမြန်မာ့သတင်း(BNI)အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုအရေအတွက်မှာ စစ်ဆင်ရေးမစတင်မီကာလက တိုက်ပွဲဖြစ်ပွားမှုထက် သိသာစွာများပြားလာကြောင်း ဆိုသည်။ 

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုမှာ စစ်ဆင်ရေးမစတင်မီ ၁၅၇ ရက်အတွင်း ၄၃ ကြိမ်ရှိခဲ့ပြီး စစ်ဆင်ရေးစတင်ပြီးနောက် ၁၅၇ ရက်အတွင်း ၂၇၄ ကြိမ်ထိရှိကာ ကာလတူအရေအတွက်ထက် ၅ ဆကျော် အရှိန်အဟုန်ပြင်းစွာ မြင့်တက်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

“ကျနော်တို့အကုန်လုံးရည်ရွယ်ချက်က မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်ဖြုတ်ချရေးဆိုတဲ့ တော်လှန်ရေးကြီးကို စစ်ရေးအရှိန်အဟုန်မြှင့်ပြီး နွေဦးတော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးရောက်အောင် တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ကျန်တဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အသီးသီး၊ ဒေသအသီးသီးက ဝိုင်းတွန်းလှန်ကြမယ်ဆိုရင်တော့ အာဏာရှင်ကို ကျနော်တို့ အမြန်ဆုံးဖြုတ်ချနိုင်မှာဖြစ်ပါတယ်” ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောကြားကြောင်း BNI အစီရင်ခံစာတွင် ဖော်ပြသည်။ 

BNI ၏ လေ့လာချက်အရ စစ်ဆင်ရေးကာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် ကချင်ဒေသများသည် တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်ပြီး ရှမ်းမြောက်ဒေသတွင်မူ ဟိုင်ဂင်သဘောတူညီချက်နှင့်အတူ တိုက်ပွဲများလျော့သွားကြောင်း သိရသည်။ 

၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအတွက်သာမက တစ်နိုင်ငံလုံးရှိ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်လိုသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် သက်ရောက်မှု ကြီးမားခဲ့သည်။ 

ကရင်နီပြည်နယ်တွင် ၁၁၀၇ စစ်ဆင်ရေးနှင့် တစ်လေးလုံးစစ်ဆင်ရေး တို့ပေါ်ပေါက်လာပြီး KIA၊ KA၊ KNU၊ CNF တို့ဖြစ်သည့် K3C နှင့် NUG အကြားဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၏ စစ်ဒေသအလိုက် စစ်ရေးလှုပ်ရှားမှုများ၊ စခန်းသိမ်းမြို့သိမ်း စစ်ရေးဖော်ဆောင်မှုများကို တွေ့လာရကြောင်း အစီရင်ခံစာက ဖော်ပြသည်။ 

ကချင်၊ ချင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းပြီး စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာမှုများရှိလာနေကြောင်း BNI က ဆိုသည်။ 

“စစ်တပ်က နိုင်ငံရေးအရ၊ စစ်ရေးအရ၊ ဘဏ္ဍာရေးအရ ရှုံးတယ်၊ နယ်မြေလည်းဆုံးရှုံးတယ်။ နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာနှစ်ပြားမတန်အောင် ဆုံးရှုံးတယ်။ သူတို့မှာ သေနင်္ဂဗျူဟာမရှိဘူး” ဟု စစ်ရေးနိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဖြေကြားကြောင်း BNI အစီရင်ခံစာက ဆိုသည်။ 

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် လက်နက်ကိုင်အဖွဲ့များ၏ အရှိန်အဟုန်မြှင့် စစ်ဆင်ရေးများကို အလူးအလဲ ရင်ဆိုင်နေရသည်။ 

BNI မှတ်တမ်းများအရ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၅၂ မြို့ကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်နှင့် ရခိုင်ဒေသတွင် မြို့ ၂၈ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။ 

ဗီဒီယိုများ