မြန်မာပဋိပက္ခအပေါ် ဥရောပသမဂ္ဂရဲ့ ချဉ်းကပ်မှုပုံစံဟာ လက်ရှိထိုးစစ်တွေကြောင့် ပြောင်းသွားနိုင်သလား
မြန်မာနိုင်ငံထဲမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်အစိုးရဆန့်ကျင်ရေး ထိုးစစ်တွေဟာ အနောက်အုပ်စုရဲ့ စဉ်းစားရှုမြင်ပုံကို ကြီးကြီးမားမား မပြောင်းလဲစေနိုင်သေးပါဘူး။ ဒါပေမဲ့ ဥရောပသမဂ္ဂကတော့ ဒီထိုးစစ်တွေဟာ ‘ပဋိပက္ခရဲ့ အလှည့်အပြောင်းတစ်ရပ်’ ဖြစ်သွားနိုင်တယ်လို့ ပြောနေပါပြီ။
08 Dec 2023
၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားပြီး အောင်တိုဘာလ နှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ကြောင့် မြန်မာစစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းမှာ စစ်စခန်းနေရာ ရာနဲ့ချီ လက်လွတ်ဆုံးရှုံးထားပါတယ်။ ဒီထိုးစစ်ဟာ အခုတော့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေကိုပါ ပျံ့နှံ့နေပါပြီ။
စစ်တပ်သြဇာခံ တပ်ဖွဲ့ဝင်တွေရဲ့ သေကြေဒဏ်ရာရမှု ပမာဏဟာ အထူးမြင့်တက်နေပါတယ်။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်ရဲ့ နိုင်ငံကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်းအပေါ် တရုတ်ဘက်က ယုံကြည်မှု ကျဆင်းလာနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးအဖွဲ့ Special Advisory Council for Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်က စက်တင်ဘာလအထိ မြန်မာစစ်တပ်ဟာ မြို့ပေါင်း ၇၂ မြို့မှာပဲ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်းမှာ မြို့ပေါင်း ၃၃၀ ရှိတဲ့အတွက် ဒီပမာဏဟာ ၁၇ ရာခိုင်နှုန်းပဲ ရှိတာပါ။
မြန်မာ့အရေး အလှည့်အပြောင်း ဖြစ်လာနိုင်ခြေကို အီးယူ စောင့်ကြည့်
ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ နာဘီလာ မာဆရာလီက ဘရပ်ဆဲလ်ဟာ “ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို အနီးကပ် စောင့်ကြည့်နေတယ်… ဒီစစ်ဆင်ရေးတွေဟာ လက်ရှိပဋိပက္ခမှာ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
ဒါပေမဲ့လည်း “ဒီဖြစ်ထွန်းပြောင်းလဲမှုတွေကနေ စစ်တပ်အုပ်ချုပ်မှုအပေါ် သက်ရောက်မှု ဘယ်လောက်အထိ ရှိမလဲ၊ လက်ရှိ ဦးဆောင် တိုက်ခိုက်နေတဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ NUG လိုမျိုး အခြားသော အတိုက်အခံတွေ ကြားမှာ အာဏာထိန်းညှိမှု ဘယ်လိုရှိမလဲ ဆိုတာမျိုးတွေကိုတော့ တိတိပပ ကောက်ချက်ချဖို့ အလွန်တရာ စောလွန်းနေသေးတယ်” လို့ သူက ဖြည့်ပြောပါတယ်။
“လက်ရှိပဋိပက္ခကနေ ထွက်ပေါ်လာနိုင်တဲ့ အနီးစပ်ဆုံး ဖြစ်နိုင်ခြေကို ဆန်းစစ်ကြည့်နေပြီး အီးယူအတွက် ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ရှာဖွေနေပါတယ်” လို့ မာဆရာလီက ဆိုပါတယ်။
လေ့လာသူအချို့ကတော့ ဒါဟာ ဒီမိုကရေစီအစိုးရကို ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ နိဂုံးရဲ့ အစဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
အာဏာသိမ်းချိန်တည်းက လက်ရှိအထိ အသတ်ခံရသူ အရပ်သား ၆၃၀၀ ထက်မနည်းရှိပြီး ဒဏ်ရာရသူလည်း ၂၆၀၀ အထက်မှာရှိတယ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျု (MIPS) က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ လက်ရှိမှာ မြန်မာစစ်ကောင်စီကို အကြီးအကျယ် စိန်ခေါ်နေပေမယ့် အနောက်အစိုးရတွေကတော့ ဘာတွေဖြစ်လာမလဲ “စောင့်ကြည့်” တဲ့ နည်းလမ်းကို သုံးနေကြဆဲပါ။ အများစုက တရားဝင် ပေါင်းစည်းထားခြင်း မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကို သူတို့ရဲ့ အစိုးရအဖွဲ့ထဲကို ခေါ်သွင်းနိုင်မလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။
“မြန်မာကို အနီးကပ်စောင့်ကြည့်နေတဲ့ အနောက်နိုင်ငံက လူတချို့ကတော့ ခုနောက်ဆုံး ဖြစ်ထွန်းပြောင်းလဲမှုတွေဟာ စစ်ကောင်စီနိဂုံးရဲ့ အစဖြစ်နိုင်တယ် ဆိုတာကို သဘောတူကောင်း တူကြပါလိမ့်မယ်။ ခုချိန်မှာတော့ ဒီဖြစ်ရပ်တွေကြောင့် အနောက်အုပ်စုရဲ့ ချဉ်းကပ်မှုမှာ ထူးထူးခြားခြား ပြောင်းလဲမှုတစ်ရပ် ရှိလာတာမျိုးတော့ မတွေ့ရသေးပါဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က ပြောပါတယ်။
အတိုက်အခံတွေက အနောက်အုပ်စုဆီက ဘာလိုချင်တာလဲ
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ဟာ လက်ရှိထိုးစစ်တွေနဲ့ ပတ်သက်လို့ “အီးယူနဲ့ အဆက်အသွယ်ရှိပြီး ပုံမှန် အသိပေး” လျက်ရှိတယ်လို့ ပြောပါတယ်။
၂၀၂၃ အောက်တိုဘာ လလယ်ပိုင်းမှာ NUG က “ပရာ့ဂ်ပြန်ကြားချက်” ထုတ်ပြန်ခဲ့ပါတယ်။ ဒီအိတ်ဖွင့်ပေးစာမှာ တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ မျှော်မှန်းချက်၊ အီးယူဆီက အကူအညီတွေ NUG ကို ပိုမိုပေးအပ်ဖို့နဲ့ စစ်အစိုးရကို ဒဏ်ခတ်အရေးယူမှုတွေ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။
ဘရပ်ဆဲလ်အနေနဲ့ “NUG နှင့် အဆင့်ဆင့်ဖွံ့ဖြိုးလာလျက်ရှိသော ပြည်နယ်အစိုးရများအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရများအဖြစ် အသိအမှတ်ပြုရန်နှင့် အခြားတော်လှန်ရေး အင်အားစုများအား ဒီမိုကရေစီ အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုရန်” ဒီပေးစာမှာ တောင်းဆိုထားပါတယ်။
မြန်မာ့ပဋိပက္ခကို ဖြေရှင်းရာမှာ အာဆီယံရဲ့ အားထုတ်ကူညီမှုတွေလိုပဲ အီးယူရဲ့ တုံ့ပြန်မှုကလည်း နှစ်ခွဖြစ်နေတယ်လို့ ဒေးဗစ်မက်အယ်လီစတာက ပြောပါတယ်။ သူကတော့ ဥရောပလွှတ်တော်ကော်မတီရဲ့ နိုင်ငံခြားရေးဌာန ဥက္ကဌဖြစ်ပါတယ်။
ဘရပ်ဆဲလ်ဟာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်လျက်ရှိပြီး “အရပ်သားပြည်သူလူထုရဲ့ လိုအပ်ချက်တွေအပြင် စားနပ်ရိက္ခာ မလုံလောက်မှု သိသိသာသာ မြင့်တက်လာတာကို ဖြေရှင်းဖို့” အတွက် ယခုနှစ် တစ်နှစ်တည်းမှာတင် ယူရိုငွေ ၆၈ သန်း ထောက်ပံ့ထားတယ်လို့ မက်အယ်လီစတာက ပြောပါတယ်။
အီးယူဟာ ဒဏ်ခတ်အရေးယူမှုတွေကိုလည်း ခုနစ်ကြိမ်အထိ ချမှတ်ထားပါတယ်။ အီးယူဒဏ်ခတ်မှုကြောင့် အကျိုးသက်ရောက်မှု ခံစားရသူ မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ လုပ်ငန်းအဖွဲ့အစည်း ၁၉ ခုအထိရှိပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆက်အသုံးပြုခွင့်မရဘဲ ရပ်ဆိုင်းခံထားရတာ၊ ခရီးသွားလာခွင့် ပိတ်ပင်ခံရတာတွေ ရှိပါတယ်။ နောက်ဆုံးအကျော့ ဒဏ်ခတ်အရေးယူမှုတွေကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
“ရန်လိုမုန်းထားမှုတွေ အားလုံး ချက်ချင်းပဲ ရပ်ဆိုင်းရမယ်ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ..စစ်တပ်အာဏာရှိသူတွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို အပြည့်အဝ လေးစားလိုက်နာရမှာ ဖြစ်သလို အင်အား မဆင်မခြင်အသုံးပြုနေခြင်း ကိုလည်း အဆုံးသတ်ရပါမယ်” မက်အယ်လီစတာက ပြောပါတယ်။
အီးယူရဲ့ ပြောဆိုမှုတွေဟာ NUG နဲ့ သူ့မဟာမိတ် လက်နက်ကိုင် အုပ်စုတွေရဲ့ ပြောဆိုမှုနဲ့ ပုံစံအများအပြားမှာ ထင်ဟပ်နေပါတယ်။ ဒီအဖွဲ့အစည်းတွေကလည်း စစ်အစိုးရကို ချေမှုန်းပြီးတာနဲ့ မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်မယ်လို့ ပြောထားကြတာပါ။
“ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးပါဝင်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ ဖက်ဒရယ်အစိုးရတစ်ရပ်ကသာ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဒီနည်းနဲ့ပဲ ရိုဟင်ဂျာတွေ အပါအဝင် တိုင်းရင်းသားလူနည်းစုတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးနိုင်မှာပါ” လို့ အီးယူ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
မြန်မာအတွက် ဘာတွေထပ်လာဦးမလဲ
တော်လှန်ရေးလှုပ်ရှားမှုတွေထဲက အာဏာချိန်ခွင်လျှာ ထိန်းညှိရေးနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် တိုက်ခိုက်မှု အများအပြားဟာ NUG နဲ့ တရားဝင် မဟာမိတ်မဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆင်နွှဲနေကြတာ ဖြစ်နေလို့ပါ။
အီးယူနဲ့ ဥရောပအစိုးရတွေက သူတို့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် အင်အားစုအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုကို ထောက်ခံတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဝေဝါးနေကြတုန်းပါပဲ။ အီးယူဟာ အတိတ်ကာလမှာ ဒီအုပ်စုတွေနဲ့ အဆက်အဆံ မရှိခဲ့သလောက်သာဖြစ်ပြီး ခုမှ ပြောင်းလဲလာပုံပေါ်တာပါ။
လာမယ့်လတွေအတွင်းမှာ NUG နဲ့ ဥရောပအရာရှိတွေ အဆင့်မြင့်တွေ့ဆုံမှု ပြုလုပ်မယ့် အစီအစဉ်မျိုး မရှိသေးပါဘူး။ ဒါပေမဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ EAO အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာလ အစောပိုင်းမှာ လစ်သူယေးနီးယားနိုင်ငံကို သွားရောက်လည်ပတ်ပြီး ပါလီမန်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
“တစ်ခုတည်းသော အဖြေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ NUG ပါ ပါဝင်တဲ့ စစ်မှန်တဲ့ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ဖို့ပါ” လို့ အမည်မဖော်လိုတဲ့ အီးယူသံတမန် ရင်းမြစ်တစ်ခုက ပြောပါတယ်။
“စစ်အစိုးရဟာ စကတည်းက အကြမ်းဖက်ဖိနှိပ်မှုတွေကို အသုံးပြုပြီး ဒါကိုဖြေရှင်းဖို့ ကြိုးစားလာခဲ့တယ်။ ရလဒ်တွေကတော့ သူတို့အတွက် တောက်လျှောက် အဆိုးတွေချည်းပဲ ဆိုတာကို လူတိုင်း ထင်ထင်ရှားရှား မြင်နေရတာပဲ” လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
Deutsche Welle မှာ ဖော်ပြထားတဲ့ Will Myanmar rebel offensive change EU approach to conflict? ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။