- ဖားကန့်တိုက်ပွဲဂယက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေး ကျပ်တည်းလာ
- အာရက္ခပြည် ပထဝီ စီးပွားရေးကို လေ့လာဆန်းစစ်ခြင်း
- ရခိုင်တွင် လူမျိုးဘာသာမရွေး ကလေးများ အခမဲ့ပညာသင်နိုင်ရန် ကြိုးပမ်းနေကြ
- သာပေါင်း ခမရ ၃၀၈ တွင် ကာကင်းစခန်းများတိုးချဲ့ကာ ခံစစ်ပြင်
- စစ်ကောင်စီနှင့် NUG ဆွေးနွေးရန် အချိန်သင့်ပြီဟု အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ပြော
အာရက္ခပြည် ပထဝီ စီးပွားရေးကို လေ့လာဆန်းစစ်ခြင်း
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်တွေကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည် စီးပွားရေးကို ဘယ်လိုတည်ဆောက်သင့်သလဲစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ စီးပွားရေးသုတေသီ ဆရာ အောင်သူငြိမ်းကို DMG က မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။
23 May 2025

DMG ၊ အင်တာဗျူး
၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲတွေဟာ မနားတမ်းရှိနေပြီး တိုက်ပွဲ စတင်ပြီးနောက်ပိုင်း ရခိုင်ပြည်နဲ့ ပြည်မကုန်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာဟာ ဒီကနေ့ အချိန်ထိဖြစ်ပါတယ်။
ရခိုင်ပြည်သူတွေ အဓိက လိုအပ်နေတဲ့ အခြေခံကုန်ပစ္စည်းတွေဟာ ဒေသတွင်းကို အလွယ်တကူမရောက်နိုင်တာကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကို ခံနေရတဲ့အပြင် ကုန်သွယ်ရေးပိတ်ဆို့မှုတွေကြောင့် ရခိုင်ပြည် စီးပွားရေးဟာ ခေါင်းမထူနိုင်ဖြစ်နေရပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်တွေကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည် စီးပွားရေးကို ဘယ်လိုတည်ဆောက်သင့်သလဲစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ စီးပွားရေးသုတေသီ ဆရာ အောင်သူငြိမ်းကို DMG က မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။
DMG - ပထဆုံးမေးခွန်းအနေနဲ့ ဒီကနေ့ ရခိုင်ဒေသခံတွေဟာ ကုန်စည်စီးဆင်းမှုမရှိတာကြောင့် အလုပ်အကိုင် အခွင့်လမ်းတွေ နည်းပါးမှုတွေနဲ့ စီးပွားရေး အကျပ်အတည်း ကြုံနေရပါတယ်။ ဒီတော့ ရခိုင်ပြည် စီးပွားရေး ပြန်ကောင်းလာဖို့ ဘယ်လို အခြေခံအချက်တွေကို စလုပ်သင့်ပါလဲ။
အခုကတော့ ပြောရခက်တယ်။ အခုအနေအထားက စစ်ပွဲဖြစ်နေတုန်းလို့ ပြောလို့ရတာပေါ့။ တိုက်ပွဲတွေက ဆက်ပြီး ဖြစ်နေတယ်။ နောက်တစ်ခုက ဒီလိုအခြေအနေမျိုးကို Economy Under the Cease လို့ခေါ် တယ်။ ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ အောက်မှာရှိနေတဲ့ စီးပွားရေး အခြေအနေလို့ ပြောလို့ရမယ်။ ဒီလိုအခြေအနေ မျိုးတွေက ကျနော်တို့ လက်ရှိ ဂါဇာမှာ တွေ့ရတယ်။ ဂါဇာမှာ စီးပွားရေးလုပ်ဖို့ တော်တော်ခက်တယ်။ ဘာလို့လည်းဆိုတော့ အစ္စရေးက ဗုံးတွေလာကြဲလိုက်၊ လာတိုက်ခိုက်လိုက် အလွတ်မပေးဘူးပေါ့။ ဟိုး အရင်တစ်ချိန်ကို ပြန်ကြည့်ရင်လည်း သီရိလင်္ကာမှာ တမီတိုက်ဂါးတွေကို သီရိလင်္ကာက ပြင်ပကနေ ဝိုင်းပတ်ထားတဲ့ အနေအထား မျိုးရှိတာပေါ့နော်။ အလားတူပဲ ဆီးရီးယားတို့မှာလည်း တွေ့ရပါတယ်။
ဒီတော့ ကျနော်မြင်တာ တစ်ခုရှိတာက De facto recognition လို့ခေါ်တယ်။ တစ်စုံတစ်ရာ အသိအမှတ်ပြုတဲ့ အနေအထားပေါ့။ ဆိုလိုတာက အခုလက်ရှိ ကိုးကန့်ကို လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်တော့ဘူး။ ဗုံးကြဲတာတို့ အမြောက်ပစ်တာတို့ မလုပ်တော့ဘူး။ ကိုးကန့်ဘက်ကလည်း စစ်ရေးအရ အပစ်အခတ် ရပ်လိုက်ရတယ်။ သိမ်းထားတဲ့ လားရှိုးကိုလည်း ပြန်ပေးလိုက်ရတယ်ပေါ့နော်။ တရုတ်က ကြားထဲကနေ နှစ်ဖက်လုံးကို အာမခံတယ်။ တွန်းအားပေးတယ်ဆိုတဲ့ ပုံစံလည်းရှိတယ်။ အခု ရခိုင်ပြည် အခြေအနေက ကျနော် များများတော့ မသိဘူး။ ဒါပေမဲ့ တစ်ဖက်ဖက်က တရားဝင် မဟုတ်သော်လည်း De facto recognition လို့ခေါ်တဲ့ အသိအမှတ်ပြုမှုရလာတော့မှသာ တိုက်ပွဲတွေဘာတွေ ရပ်သွားမယ့် သဘောရှိတယ်။ ဒီတိုင်း ခဏခဏ ဗုံးလာကြဲနေမယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေမယ်ဆိုရင် ဒါက စစ်အတွင်းကာလဖြစ်တာကြောင့် စီးပွားရေး လုပ်နိုင်ဖို့က ခက်နိုင်အုံးမယ်လို့ ထင်ပါတယ်။
DMG - လက်ရှိ ရခိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေက ရခိုင်ပြည် စီးပွားရေးအတွက် ဘယ်လောက် အရေးပါလဲ။ အဲစီမံကိန်းတွေကို စီးပွားရေးကောင်းဖို့ ဘယ်လို အသုံးချသင့်ပါလဲ။
ကျနော်မြင်တာက တည်ငြိမ်တဲ့အချိန် အေးချမ်းသွားတဲ့ အချိန်ဆိုရင်တော့ ဒီနိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေက အများကြီး အကျိုးရှိနိုင်ပါတယ်။ စက်မှုဇုန်တွေ ဖြစ်လာမယ်။ အလုပ်အကိုင်ဖန်တီးပေးတာတွေ ဖြစ်လာမယ် ပေါ့။ အခု အခြေအနေမှာတော့ ခက်တယ်ဗျ။ အခု အခြေအနေမှာ စီးပွားရေးသဘောပြောရင် ရှင်သန်ရပ်တည်ရေးအတွက် လုပ်နေရတာမျိုးတွေဖြစ်တယ်။ နောက်တစ်ခုက ဒီအတွင်းမှာ ကုန်ထုတ်လုပ်ရေးလို့ ကိစ္စတွေပြောမယ်ဆိုရင်လည်း MSME အသေးစား၊ အလတ်စား၊ အငယ်စား ဒီလိုလုပ်ငန်းတွေပဲ လုပ်ကိုင်လည် ပတ်လို့ရမယ့် အနေအထားဖြစ်တယ်။ နောက်တစ်ခုက ဒီအခြေအနေကို ဖောက်ထွက်ပြီးတော့ မှောင်ခိုကုန်ကူးသန်းတဲ့ ကိစ္စမျိုးပေါ့ Smuggling လို ကိစ္စမျိုးတွေပဲ လုပ်လို့ရမယ်လို့ ထင်တယ်။ တည်ငြိမ်သွားတဲ့ အချိန်မှပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေက ကျနော်တို့အတွက် အကျိုးဖြစ်နိုင်လိမ့်မယ်လို့ ထင်တာပေါ့နော်။
နောက်တစ်ခုက ဒီကြားထဲမှာ လေ့လာမိသလောက် အခုအချိန်မှာ ရခိုင်ပြည်သူတွေအတွက်က Cash ပေါ့နော်။ ငွေသားတော်တော်ခက်တယ် ဆိုတဲ့ သတင်းရှိပါတယ်။ ဥပမာအားဖြင့် မြောက်ပိုင်းက တရုတ်ကို အမှီပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ သူတို့က ပြောမယ်ဆို တရုတ်ယွမ် ငွေကြေးသုံးတယ်။ တရုတ်ရဲ့ တယ်လီဖုန်းလိုင်းသုံးတယ်။ စသဖြင့်ပေါ့။ ထိုင်းနဲ့ နီးစပ်တဲ့အဖွဲ့တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း သူတို့က ထိုင်းဘတ်ငွေ သုံးမယ်။ တခြား နည်းလမ်းနဲ့ သုံးတာတွေ ရှိတာပေါ့။ အခုလက်ရှိ အခြေအနေမှာ ရခိုင်ပြည်သူတွေက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နယ်စပ်နဲ့ နီးတယ်ဆိုပေမယ့် လက်ရှိ ရခိုင်ပြည်ထဲမှာ ဘယ်လိုငွေကြေးလည်ပတ်နေသလဲပေါ့နော်။ ဒါက ကျနော်တို့ စိတ်ဝင်စားတဲ့ကိစ္စပါ။ ကျနော် သိသလောက်ဆိုရင် မြန်မာကျပ်ငွေကိုပဲ ရခိုင်ပြည်ထဲကို ခိုးသွင်းလာတယ်။ ဒါနဲ့ပဲ ပြန်လည်ပတ်ရတယ်ပေါ့ဗျာ။ တချို့ငွေကြေးတွေဆိုရင် တော်တော်ဟောင်းနွမ်းနေပြီလို့ ကြားပါတယ်။ ဆိုလိုတာက ငွေကြေးဆိုတာ အရေးကြီးတယ်ဗျ။ ငွေကြေးသာ ကြားခံပစ္စည်းတစ်ခုမရှိခဲ့ရင် ဘာတာ စနစ်လို့ ပစ္စည်းချင်း လဲလှယ်ရတဲ့ အခြေအနေမျိုးရောက်သွားမှာပေါ့။ ဒီတော့ ဒီကိစ္စတွေလည်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။
DMG - ရခိုင်ရဲ့ ပထဝီတည်ရှိမှုအရ ဘယ်လိုစီးပွားရေး အခွင့်အလမ်းတွေက လျင်မြန်တိုးတက်နိုင်ဖွယ် မြင်မိလဲ။
ကျနော်တို့ အိမ်မက်မက်ကြည့်ရအောင်ပေါ့နော်။ လုံးဝ ရခိုင်က လွတ်လပ်သွားတဲ့ အခြေအနေဖြစ်သွား ရင်တော့ တော်တော်အရေးပါတဲ့ နေရာဗျ။ ပင်လယ်ကမ်းရိုးတမ်းအရှည်ကြီး ရှိတယ်။ ပင်လယ်ကမ်းရိုးတမ်းရှိရင် နိုင်ငံတကာနဲ့ ကုန်သွယ်မှုတွေ လုပ်လို့ရတာပေါ့။ တစ်ဖက်မှာလည်း စိတ်ကူးယဉ်လို့ အိမ်မက်မက်လို့ ခက်သေးတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိ စစ်ကောင်စီရဲ့ ရေတပ်က အင်အားရှိနေသေးတယ်။ ရခိုင်ဒေသကို ဝိုင်းပတ် ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရှိနေသေးတယ်။ ဒီအနေအထားမှာတော့ လုပ်ရကိုင်ရ ခက်အုံးမယ်။ စီးပွားရေး အခွင့်အလမ်းတွေကို အသုံးချနိုင်ဖို့လည်း ခက်အုံးမယ်လို့ထင်တယ်။
DMG - ရခိုင်ပြည်စီးပွားရေး နာလံထူဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှ ဖြစ်မယ်။ တည်ငြိမ်အေးချမ်းသွားမယ် ဆိုရင် စီးပွားရေး နာလံထူဖို့ အချိန်ကာလအားဖြင့် နှစ်ပေါင်းဘယ်လောက်ထိ ကြာနိုင်လဲ။
အဲဒါကတော့ အချိန်ကာလအားဖြင့် တွက်ဆရခက်တယ်။ ဘာလို့လည်းဆိုတော့ ဘယ်အချိန်လောက်မှာ အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်လာမှာလဲ။ ဘယ်အချိန်လောက်မှာ စစ်ရေးအချိုးအကွေ့ ဖြစ်လာနိုင်မလဲ ဆိုတာတွေက တွက်ဆရခက်ပါတယ်။ ဒီကြားထဲမှာ စီးပွားရေး နာလံထဖို့ ဘာတွေလုပ်သင့်သလဲပေါ့နော်။ အရင်တုန်းက ပြည်တွင်းစစ်တွေ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နိုင်ငံတွေကို ကြည့်တယ်ပေါ့နော်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားလိုဟာမျိုး အခု ဆီးရီယားဆိုရင်လည်း အပြောင်းအလဲတွေ ဖြစ်တာ သိပ်မကြာသေးဘူးပေါ့နော်။ ဒီနိုင်ငံတွေကို ပြန်ကြည့်လို့ရှိရင် နံပါတ်တစ်က စစ်ကြောင့် ရွှေ့ပြောင်းထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို နေရာချထားရေးက အရေးကြီးတဲ့ ကိစ္စပေါ့နော်။ ဘာလို့လည်းဆို လူသားအရင်းအမြစ် ဖြစ်တယ်လေ။ ဒုတိယတစ်ချက်က တတ်နိုင်သလောက် အခြေခံအဆောက်အအုံတွေကို တည်ဆောက်ဖို့လိုပါတယ်။ ဥပမာအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကုန်စည် ကူးသန်းသွားလာရေးအတွက် အကျိုးဖြစ်မယ်။
နောက်တစ်ခုက ဆက်သွယ်ရေးက အရေးကြီးတယ်ဗျ။ အခု တယ်လီဖုန်းလိုင်းတွေ ဘယ်လိုသုံးနေကြသလဲ ကျနော်တော့ မသိဘူး။ NLD အစိုးရ လက်ထက်ကတည်းက တယ်လီဖုန်းလိုင်းတွေ အင်တာနက်တွေ ဖြတ်တောက်တာတွေ ရှိခဲ့တယ်ပေါ့နော်။ ဆက်သွယ်ရေးကလည်း အရေးကြီးတော့ တယ်လီဖုန်းလိုင်းတို့ ဆက်သွယ်ရေးလိုင်းတွေအတွက် ပြန်စဉ်းစားရမယ့် ကိစ္စလို့ မြင်တာပေါ့နော်။ နောက်တစ်ချက်က တတ်နိုင်သလောက် စီးပွားရေးလုပ်ငန်းတွေ ပြန်နာလန်ထဖို့ လိုတာပေါ့။ တစ်ဖက်မှာကျတော့ ကျနော်တို့ ပြန်စဉ်းစားရမှာက အခွန်အကောက်ကိစ္စတွေ ရှိလာတယ်။ အခွန်အကောက်မရှိရင် အစိုးရယန္တရား လည်ပတ်ဖို့အခက်အခဲ ရှိလာမယ်။ အခွန်အကောက်ကလည်း ကြိုတင်ခန့်မှန်းထားလို့ရတဲ့ အခွန်အကောက်ဖြစ်ရမယ်။ အခွန်က ဟိုနားတစ်မြို့ကောက် ဒီနားတစ်မြို့ကောက်နေလို့ မရဘူးလေနော်။ အခွန်စနစ်တွေ အခွန်စည်း ကမ်းသတ်မှတ်မှုတွေ ငြိမ်းဖို့လိုတယ်။ အဲဒါဆိုရင် စီးပွားရေးလုပ်ငန်းတွေဘက်ကလည်း စဉ်းစားလို့ရတဲ့ အနေအထားဖြစ်မယ်ပေါ့။
နောက်တစ်ခုက ဖြစ်နိုင်မဖြစ်နိုင်တာထက် အရေးကြီးတယ်လို့ ထင်တယ်။ လက်ရှိ ဖြစ်နေတဲ့ ငွေသားအကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ နည်းလမ်းပါ။ ဘယ်လိုကျော်လွှားမလဲဆိုတော့ ကျနော် ထင်တယ် ဒီဘက်ခေတ်က နည်းပညာခေတ်ဖြစ်တဲ့အတွက်ကြောင့် အဲဒါကိုပဲ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ဥပမာ ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းတွေ ရှိပါတယ်။ အဲစခန်းမှာ ထောက်ပံ့ပေးတဲ့အခါ စနစ်တစ်ခုကို သုံးပါတယ်။ ပိုက်ဆံကို လက်ထဲထည့်ပေးလိုက်တာမဟုတ်ဘဲ ဖုန်းထဲက application တစ်မျိုး သုံးပြီး ငွေထည့်ပေးလိုက်တာမျိုးပေါ့။ သူတို့ကလည်း ဈေးဝယ်တဲ့အခါ အဲ့ app က ငွေချေတာတွေ လုပ်တယ်ပေါ့။ အဲလိုမျိုးကို အသုံးပြုလို့ ရနိုင်မလား စသဖြင့်ပေါ့။ ဆိုလိုတာက ငွေစက္ကူတွေကို ကိုင်နေမယ့်အစား ဒီဂျစ်တယ်နည်းနဲ့ လုပ်နိုင်ရင် အဆင်ပြေနိုင်တယ်လို့ စဉ်းစားမိတယ်။ တစ်ခုရှိတာက ထိုင်းနယ်စပ်က ဒုက္ခသည်တွေကို ကူညီတာက တရားဝင်ပေါ့ ထိုင်းက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးပေးတာမလို့ ဥပဒေကြောင်းအရ ငွေကြေးအရ ချိတ်ဆက်မှုတွေ ရှိပါတယ်။ ဒီလိုတွေးတာက ကျနော့်မှန်းဆချက်ပါ ရခိုင် အခြေအနေမှာ ဒီလိုလုပ်နိုင်၊ မလုပ်နိုင်ကတော့ သုတေသနတွေ အများကြီး လုပ်ရအုံးမှာပေါ့။
DMG - ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တွေကို AA အနေနဲ့ ထိန်းချုပ်ထားနိုင်တာက စီးပွားရေးအရ ဘယ်လို အားသာချက်၊ အခွင့်အလမ်းတွေ ရှိနေပါလဲ။ အခုဆို ဘင်္ဂလားဒေ့ရှ် အိန္ဒိယနဲ့လည်း နယ်စပ်ကုန်သွယ်မှုတွေ ရှိလာတော့ ဒေသတွင်းက အရင်းအမြစ်တွေကို ဘယ်လိုအသုံးချသင့်လဲ။
ကျနော်မြင်တာက နိုင်ငံတကာဆက်ဆံရေး ထူထောင်ဖို့ လိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းတော့မှ ကုန်သွယ်မှုလုပ်လို့ရမယ့် အခြေအနေလိုတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက လာပြီး ရင်းနှီးမြှုပ်နှံဖို့က ခက်အုံးမယ်။ ဘာလို့လည်းဆိုတော့ မတည်ငြိမ်သေးတာကြောင့်ပဲပေါ့နော်။ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်း ဝန်းကျင်ကလည်း မရှိသေးဘူးလို့ပဲ သုံးသပ်နိုင်ပါတယ်။
DMG - ရခိုင်ဟာ ရေခံမြေခံကောင်းတဲ့ ဒေသတစ်ခုဖြစ်တဲ့အလျောက် စိုက်ပျိုးရေး၊ ရေသယံဇာတ ထွက်ကုန်တွေလည်း ရှိတယ်။ ဆိုတော့ ဒီသယံဇာတတွေကို သုံးပြီး စီးပွားရေးကောင်းအောင် ဘယ်လိုလုပ်သင့်ပါလဲ။
တစ်ခုရှိတာက ကျနော်တို့ခေါ်တာ War Economy လို့ခေါ်တဲ့ စစ်ပွဲကြောင့်ဖြစ်တဲ့ စီးပွားရေးလိုဟာမျိုး ဖြစ်တတ်တယ်။ အဲဒါက ဘယ်လိုမျိုးလဲ ဆိုတော့ သယံဇာတကို မြန်မြန်ထုတ် များများထုတ် မတတ်နိုင်ဘူး။ စစ်တိုက်ရမယ်၊ ပိုက်ဆံလိုတယ်၊ ဒါမျိုးပေါ့နော်။ ဒီလိုမျိုးဖြစ်တော့ သယံဇာတတွေကို သူခိုးဈေးနဲ့ ရောင်းရတာမျိုးတွေ ဖြစ်တတ်တယ်။ လောလောဆယ်မှာတော့ ကျနော် မပြောတတ်သေးဘူ။ ရှမ်းမြောက်ဘက်ကို ကြည့်တော့ မြေရှားတွေ ကျောက်စိမ်းတွေ ရောင်းတာတွေ ဒါတွေဖြစ်တာပေါ့။ ဒါတွေကလည်း စည်းစနစ်မရှိဒါတွေ ဖြစ်တာပေါ့။ အဲဒါက စစ်ပွဲ စီးပွားရေးဆိုတဲ့ မြန်မြန်ရ မြန်မြန်ယူ ဆူလွယ်နပ်လွယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲတော့ ရေရှည်မှာမှ အကျိုးခံစားခွင့်တွေက ပိုကောင်းမယ်ထင်ပါတယ်။
DMG - ရခိုင်လူလတ်ပိုင်း တော်တော်များများဟာ နိုင်ငံခြားတွေမှာ အလုပ်သွား လုပ်နေကြပါတယ်။ လူသားအရင်းအမြစ်နည်းပါးတာက စီးပွားရေး၊ တိုင်းပြည်တည်ဆောက်ရေးမှာ တစ်ဖက်ဖက်က နစ်နာတယ်လို့ ပြောကြတယ်။ ဆိုတော့ ရခိုင်ပြည် စီးပွားရေး ဦးမော့လာဖို့ အဝေးရောက် ရခိုင်လူငယ်တွေကို ဘယ်လို ဆွဲခေါ်သင့်လေး သိပါရစေ။
အခုအခြေအနေမှာတော့ စစ်ကြောင့် တိမ်းရှောင်တယ်ဆိုရင်တော့ ပြန်လာကြဖို့ ခက်တယ်ပေါ့။ အခြေအနေ တည်ငြိမ်တဲ့ အခါမှပဲ ပြန်လာကြဖို့ များမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ ကာလ အတွေ့အကြုံကို ပြောမယ်ဆိုရင် ၁၉၈၆ ပတ်ဝန်းကျင်လောက်မှာ ဗီယက်နမ် လှေစီးပြေးဒုက္ခသည်ဆိုတာ နာမည်ကြီးပါတယ်။ လူတွေက ဗီယက်နမ်နိုင်ငံက ထွက်ပြေးကြတယ်။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်းနဲ့ ပေါင်းစည်းမိသွားတော့ တောင် ဗီယက်နမ်ဘက်က အမေရိကန်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ အစိုးရအရာရှိတွေက ထွက်ပြေးကြတာပေါ့။ အဲဒီကာလက သတင်းစာတွေမှာ တော်တော်တွေ့ရတယ်။ ဗီယက်နမ် အပြောင်းအလဲဖြစ်သွားတော့ ခေါင်းဆောင်ပိုင်းက သတ္တိရှိရှိနဲ့ ဆုံးဖြတ်တာပေါ့။ သူ့နိုင်ငံသားတွေကို အကုန် အာမခံပြီး ပြန်ခေါ်တယ်။ အဲလို ပြတ်ပြတ်သားသား အာမခံလို့ ပြန်ခေါ်မှပဲ ဖြစ်မှာပါ။ ဒါကလည်း တည်ငြိမ်မှဖြစ်မှာပါ။
DMG - နောက်တစ်ခုက ရခိုင်မှာ ဘဏ်စနစ်တွေ ပြန်လည်မတည်ဆောက်နိုင်သေးပါဘူး။ ငွေကြေးလည်ပတ်စီးဆင်းမှုတွေလည်း အခက်အခဲရှိနေကြတယ်။ ဆိုတော့ စီးပွားရေး အင်အားတောင့်တင်းလာဖို့ ဘဏ်စနစ်ကလည်း ခိုင်မာဖို့ လိုတယ်။ ဒါတွေကို လုပ်နိုင်ဖိုအတွက် AA အနေနဲ့ ဘယ်လိုယန္တရားတွေ တည်ဆောက်သင့်ပါလဲ။
ငွေကြေးက အရေးကြီးတယ်။ ငွေကြေးက ကြားခံပစ္စည်းတစ်ခု ဖြစ်ပြီး ပစ္စည်းတွေ အချင်းချင်း ဖလှယ်တဲ့ ကိစ္စတွေအတွက် မရှိမဖြစ်ပါပဲ။ တန်ဖိုးတိုင်းတာတဲ့ နေရာမှာလည်း ငွေကြေးက အရေးကြီးပါတယ်။ ဒီငွေကြေး အဆင်မပြေတဲ့အခါမှာ ကုန်ရောင်းကုန်ဝယ် လုပ်တဲ့အထဲမှာ တော်တော်လေးအခက်အခဲဖြစ်တာပေါ့။ ဒီကိစ္စကို ကျော်လွှားမယ့် အဖြေကတော့ လောလောဆယ် အဖြေမရှိသေးဘူး။ ဒီဂျစ်တယ်ငွေကြေးက ဒါကို ဖြေရှင်းမယ့်နည်းလမ်းတစ်ခုဖြစ်နိုင်မလား ဒါက စဉ်းစားချက်ပဲ ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ကမ္ဘာကြီးမှာ သိပ်ပြီးတော့ ခေတ်မှီနေပြီ ဖြစ်နိုင်ဖို့ လမ်းတွေလည်း ရှိမယ်လို့ထင်ပါတယ်။
DMG - ရခိုင်ပြည်စီးပွားရေးနဲ့ နောက်ထပ်ဖြည့်စွက် ဘာများပြောချင်ပါလဲ။
ကျနော့်မြင်တာကတော့ နေရာဒေသက အရေးပါတယ်ဗျ။ အချက်အချာကျတဲ့ ဒေသပေါ့။ နောက်တစ်ခုက မိုးကလည်း များတော့ ရေရတာပေါ့။ တစ်ခုတော့ရှိတာက မိုးများတော့ သဘာဝဘေးတွေလည်း လာတတ်တာတွေ ရှိတာပေါ့။ ရေရှည် ခြံသီးနှံတွေပေါ့။ ဥပမာ ဒူးရင်းတို့တွေလည်း အလုပ်ဖြစ်နိုင်မယ် ထင်ပါတယ်။ ကျန်တဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေလည်း ထွန်းကားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ လူဦးရေများတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ အိမ်နီးချင်းဖြစ်နေတာက တကယ့် စားသုံးသူ ဈေးကွက်ကြီးတွေ ဖြစ်တယ်။ ဒီဈေးကွက်ကြီးတွေကို ဘာရောင်းမလဲဆိုတာ စဉ်းစားစရာ အခွင့်အလမ်းတွေ ရှိမယ်လို့ ထင်ပါတယ်။
DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။