လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်တွင် ဟိန္ဒူ ၁၂,၀၀၀ ကျော် ရှိပြီး ယင်းအထဲ၌ စစ်တွေမြို့တွင် ဟိန္ဒူ သုံးထောင်ခန့် ရှိသည်။ အဆိုပါ ဟိန္ဒူဘာသာဝင်ထဲမှ အများစုမှာ ကုန်စုံဆိုင်၊ ဆံသဆိုင်၊ ထီးပြင်၊ အဝတ်လျှော်၊ အိမ်အကူ၊ ပလုံကောက်၊ ကူလီထမ်း စသည့်အလုပ်တို့ကို အဓိက လုပ်ကိုင်၍ ဝမ်းရေးကို ဖြေရှင်းကြသည်။

By Admin 09 May 2025

လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ

သျှင်နှောင်းရိပ် - ရေးသည်။

“အဝတ်လျှော်မလား၊ အိမ်သန့်ရှင်းရေး လုပ်မလား” ဟု ဆိုကာ ခပ်နွမ်းနွမ်း အဝတ်အစားကို ဝတ်ထားသည့် အမျိုးသမီးတစ်ဦးက တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လိုက်မေးနေသည်။ အချိန်က နံနက် ၇ နာရီခန့်။ သူ၏ လက်တစ်ဖက်တွင်လည်း တစ်ကိုယ်ရည်သုံး ပစ္စည်းအချို့ကို ထည့်ထားသည့် ခြင်းတောင်းငယ်တစ်လုံးကို ကိုင်ဆောင်ထားသည်။

အဆိုပါ အမျိုးသမီး၏ မေးမြန်းချက်ကို ခေါင်းခါ ပြသူက ပြ၊ “အဟင့်” ဟု ငြင်းဆိုသူက ငြင်းဆိုနေကြသော်ငြား တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဆက်လက်မေးမြန်းနေသည်။ စိတ်ကျန်းမာရေး မကောင်းသည့် အစ်ကိုဖြစ်သူ၊ သက်ကြီးပိုင်း မိခင်၏ ဆေးဝါးစရိတ်နှင့် စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန် အလုပ်ရှာဖွေနေခြင်းပင်ဖြစ်သည်။ 

ထိုသူကား ရခိုင်ပြည်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ အသက် (၄၀) ကျော်အရွယ် ဟိန္ဒူအမျိုးသမီး ဒေါ်အာဒူလာ။ သူသည် အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးစသည့် အိမ်အကူအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်သည်။ 

ဒေါ်အာဒူလာသည် စစ်တွေမြို့ရှိ အောင်မင်္ဂလာ၊ ကုန်တန်း၊ မောလိပ်၊ ကျည်းပင်ကြီး၊ မိဇံ၊ ထန်းပင်ရင်း၊ မြို့သူကြီး စသည့် ရပ်ကွက်များရှိ နေအိမ်များသို့ သွားရောက်ကာ နေ့စဉ်နှင့်အမျှ အလုပ်ရှာဖွေနေသူဖြစ်သည်။ 

အထက်ပါရပ်ကွက်များကို နံနက် ၇ နာရီမှ နံနက် ၁၀ နာရီထိ တစ်ကြိမ်၊ နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁ နာရီထိ တစ်ကြိမ်ဖြင့် အလုပ်ရရှိရန် ခြေလျင်လျှောက်၍ သွားရောက်နေခြင်း ဖြစ်သည်။ 

“လူရှိတဲ့ အိမ်တိုင်းကို အဝတ်လျှော်မလားလို့ လိုက်မေးတာတောင် အလုပ်ပေးမယ့်သူက မရှိဘူး” ဟု ဒေါ်အာဒူလာက အလုပ်အကိုင်ခက်ခဲနေပုံကို ပြောပြသည်။

အိမ်အကူအလုပ်ဖြင့် ရရှိသည့် တစ်ရက်တာ အများဆုံးဝင်ငွေ ငွေကျပ် ၅,၀၀၀ ရရှိရန်ပင် မလွယ်ကူတော့ကြောင်း ၎င်းက ဆိုသည်။  

ယခင်က အဝတ်လျှော်၊ မီးပူတိုက်စသည့် ပုံမှန်မရှိသော အိမ်အကူအလုပ်ဖြင့် တစ်လတာဝင်ငွေအဖြစ် ငွေကျပ် ၅ သိန်း အထက် ရရှိခဲ့သည်။ လက်ရှိတွင် တစ်လတာဝင်ငွေအဖြစ် ငွေကျပ် တစ်သိန်းကျော်သာ ရရှိပြီး ဝင်ငွေမရှိသည့်နေ့မှာ ပိုများလာကြောင်း ဒေါ်အာဒူလာက ပြောသည်။ 

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ စစ်တွေမြို့ခံများမှာ လုံခြုံရေး စိုးရိမ်ချက်ကြောင့် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စ၍ တဖြည်းဖြည်း နေရပ်စွန့်ခွာခဲ့ကြသည်။ လက်ရှိ စစ်တွေမြို့တွင် လူဦးရေ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ပြီး အများစုမှာ ဒေါ်အာဒူလာကဲ့သို့ အခြေခံလက်လုပ်လက်စားများ ဖြစ်သည်။ 

မြို့ခံများ နေရပ်စွန့်ခွာသွားမှုကြောင့် သွားလာလုပ်ကိုင်နေသည့် ရပ်ကွက်များ၌လည်း လူသူကင်းမဲ့သွား၍ ပုံမှန်လုပ်နေကျ အလုပ်အကိုင်များကို အမှီပြုရန် ခက်ခဲလာကြောင်း ဒေါ်အာဒူလာ က ပြောသည်။ 

“ကျမ သွားနေကြ ရပ်ကွက်မှာက လူလည်း မရှိတော့သလို ရှိတဲ့သူတိုင်းကလည်း အဝတ်မလျှော်ခိုင်းကြတော့ဘူး” ဟု သူက ဆိုသည်။

ဒေါ်အာဒူလာသည် ၎င်း၏ ဖခင်ဆုံးသွားပြီးနောက် အသက် ၂၀ ကျော်အရွယ်မှ စကာ  အိမ်အကူအလုပ်ဖြင့် အိမ်ထောင်ဦးစီး တာဝန်ကိုယူ၍ မိသားစုစားဝတ်နေ‌ရေးကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနေသူဖြစ်သည်။

လက်ရှိတွင် သွေးတိုး၊ ဆီးချိုဖြစ်နေသည့် မိခင်နှင့် စိတ်ရောဂါဖြစ်နေသည့် အစ်ကိုဖြစ်သူတို့၏ ဆေးဖိုးဝါးခ အပါအဝင် မိသားစု ၃ ဦး၏ စားဝတ်နေရေးကို သူမလုပ်အားခတစ်ခုတည်းဖြင့်သာ ဖြေရှင်းနေရသည်။

သို့သော် ယခုအခါ အလုပ်အကိုင် အဆင်မပြေမှုကြောင့် စားဝတ်နေရေးအပြင် မိခင်နှင့် အစ်ကိုဖြစ်သူတို့၏ ကျန်းမာရေးကိုပင် စိုးရိမ်ပူပန်နေရကြောင်း ဒေါ်အာဒူလာက ဖွင့်ဟသည်။ 

“ အခုက ဘယ်လိုမှ အဆင်မပြေဘူး။ တစ်နေ့ထက်တစ်နေ့ ပိုပြီး ခက်ခဲလာတယ်။ စားဖို့အတွက် တွေးပူနေရတာရယ်၊ သူ(အမေ၊ အစ်ကို)တို့အတွက် ဆေးဖိုးဝါးခကိုလည်း တွေးပူနေရတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ငွေကြေးအဆင်မပြေမှုကြောင့် မိခင်နှင့် အစ်ကိုဖြစ်သူတို့ မှီဝဲနေကြ အင်္ဂလိပ်ဆေး အစား တိုင်းရင်းဆေးကိုသာ ဝယ်ပေးနိုင်တော့ကြောင်း ဒေါ်အာဒူလာက ဝမ်းနည်းစွာဖြင့် ပြောပြသည်။ 

ထိုသို့ အခက်အခဲများကြောင့် စားဝတ်နေရေးအပြင် ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍လည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရသည်မှာ ဒေါ်အာဒူလာ မိသားစုတစ်ခုတည်း မဟုတ်ပေ။ 

အောင်မင်္ဂလာ၊ ကုန်တန်း၊ မြို့သူကြီး၊ ရူပမြောက်စသည့် ရပ်ကွက်အသီးသီးတွင် နေထိုင်နေကြသည့် ဟိန္ဒူ သုံးထောင်ခန့် အပါအဝင် အခြေခံလူတန်းစားများလည်း ပါဝင်သည်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်တွင် ဟိန္ဒူ ၁၂,၀၀၀ ကျော် ရှိပြီး ယင်းအထဲ၌ စစ်တွေမြို့တွင် ဟိန္ဒူ သုံးထောင်ခန့် ရှိသည်။ အဆိုပါ ဟိန္ဒူဘာသာဝင်ထဲမှ အများစုမှာ ကုန်စုံဆိုင်၊ ဆံသဆိုင်၊ ထီးပြင်၊ အဝတ်လျှော်၊ အိမ်အကူ၊ ပလုံကောက်၊ ကူလီထမ်း စသည့်အလုပ်တို့ကို အဓိက လုပ်ကိုင်၍ ဝမ်းရေးကို ဖြေရှင်းကြသည်။

ဒေါ်အာဒူလာတို့ နေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်တွင်လည်း ဟိန္ဒူ၊ ရခိုင်၊ မွတ်ဆလင်စသည့် လူတန်းစားအသီးသီး နေထိုင်ကြသည်။ ယင်းအထဲမှ ငွေကြေးအဆင်ပြေသူ အချို့မှာ နေအိမ်စွန့်ခွာ၍ ပြည်မနှင့် အခြားနေရာများသို့ တိမ်းရှောင်နေကြပြီ ဖြစ်သည်။   

သို့သော်လည်း ဒေါ်အာဒူလာတို့ကဲ့သို့ ငွေကြေးအဆင်မပြေသည့် အခြေခံလူတန်းစားအများစုမှာ မြို့ထဲ၌သာ ကျန်ရှိနေကြသည်။ စစ်တွေမြို့တွင်း ကျန်ရှိနေသူများထဲတွင် ကုန်တန်းရပ်ကွက်မှ အသက် (၃၆) နှစ်အရွယ် ဟိန္ဒူအမျိုးသမီး ဒေါ်မစန္ဒာတို့ မိသားစုလည်း အပါအဝင်။ 

အလုပ်အကိုင်မရှိဘဲ မြို့တွင်းနေထိုင်ချိန် ကြာမြင့်လာသည့်အလျှောက် အခက်အခဲပိုဖြစ်လာကာ စားဝတ်နေရေးလည်း ပိုကျပ်တည်းလာကြောင်း ဒေါ်မစန္ဒာ က ပြောသည်။ 

“ ကိုယ့်မှာရှိတဲ့ ရွှေ၊ ငွေတချို့လည်း ထိုင်စားလို့ ကုန်သွားပြီ။ အခုက ဆွေမျိုးတွေဆီက ပေးတဲ့ ငွေနဲ့ပဲ စားနေရတာ။ အရင်တုန်းကလို ဝဝလင်လင် မစားနိုင်တော့ဘူး။ အကုန်လုံးကို ချွေတာရတယ်” ဟု ၎င်းက ဆိုသည်။ 

ဒေါ် မစန္ဒာသည် ယခင်က ကျည်းပင်ကြီးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် တစ်လဝင်ငွေ ၂၀၀, ၀၀၀ ကျပ်ဖြင့် ထမင်းချက်၊ မီးပူတိုက်၊ ကလေးထိန်းစသည့် အိမ်အကူအလုပ်ကို လုပ်ကိုင်ခဲ့သည်။

၎င်း လုပ်ကိုင်နေသည့် အိမ်ပိုင်ရှင်မိသားစုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လုံခြုံရေးစိုးရိမ်ချက်ကြောင့် အခြားတစ်နေရာသို့  ပြောင်းရွှေ့သွားသဖြင့် အလုပ်ရပ်နားခဲ့ရသည်။ 

အလုပ်ရပ်နားပြီးနောက် ကူလီထမ်း၊ အဝတ်လျှော် စသည့် အလုပ်အချို့ကို လုပ်ကိုင်ခဲ့သော်လည်း အလုပ်အကိုင် ပုံမှန် မရှိခြင်းနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ဝမ်းရေးအတွက် ရိုက်ခတ်မှုများ ရှိလာသည်ဟု ဒေါ်မစန္ဒာက ပြောသည်။ 

“ဆွေမျိုးဆီက မကူပေးနိုင်တဲ့ တစ်နေ့တော့ တောင်းစားရမှာပဲ” ဟု သူက ဆိုသည်။ 

လက်ရှိတွင် ဒေါ်မစန္ဒာ တစ်ယောက် အလုပ်သစ်အနေဖြင့် အိမ်အနီးပတ်ဝန်းကျင်က နေအိမ်အချို့တွင် အိမ်စောင့်အလုပ်ဖြင့် ရသည့် ဝင်ငွေဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေသည်။ 

ရခိုင်တွင် တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီသည် စစ်တွေမြို့ကို ရေလမ်း၊ ကုန်းလမ်းခရီးကို ပိတ်ဆို့ထားသည်။ သို့ဖြစ်၍ ပြည်သူများမှာ ကုန်စည်ပြတ်လပ်မှုနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။

လက်ရှိ စစ်တွေမြို့တွင် စက်သုံးဆီ (အောက်တိန်း)တစ်လီတာကို ငွေကျပ် ၁၇, ၀၀၀၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ဆန်ကြမ်းတစ်အိတ်လျှင် ၁၂၀,၀၀၀၊  စားသုံးဆီ တစ်လီတာကို ငွေကျပ် ၁၂,၀၀၀ အထိ ရှိနေသည်။ 

ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အခြေခံလူတန်းစားများမှာ ဆန်ပြုတ် ကျိုသောက်ရသည့် အခြေအနေထိ ရောက်ရှိနေပြီဟု အောင်မင်္ဂလာရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘေးအိမ် မိသားစုက ထမင်းမစားရလို့ ကျမတို့ အိမ်က ဆန်ပေးလိုက်တော့ ဆန်ပြုတ်ကျိုပြီး စားကြတယ်။ ဆန်ပြုတ်က ရပ်ကွက်တိုင်းနီးပါး စားနေကြရတာ။ အခု စစ်တွေမှာ အကုန်လုံးက မရှိဆင်းရဲသားတွေပဲ ကျန်ခဲ့တာ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ယင်းအပြင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုကြောင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင်များနှင့် အဆက်အသွယ်မရ၍ ငွေကြေး မမှာယူနိုင်သဖြင့် ဝင်ငွေမရှိဖြစ်နေကြသည်။

ထိုသို့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စသည့် အဖက်ဖက်၌ ခက်ခဲနေသည့် ဟိန္ဒူမိသားစုအချို့မှာလည်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံ နေထိုင်ကြသည်အထိ ရှိလာနေသည်။ 

“ကျမတို့ ရပ်ကွက်က တချို့မိသားစုဆိုရင် လုံးဝ ငတ်လာလို့ ဘုန်းကြီးကျောင်းမှာ နေတယ်။ အဲဒီမှာ အကူအညီ နည်းနည်းပါးပါး ရတယ်လေ။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးတယ်လို့ ပြောကြပါတယ်” ဟု ဒေါ်မစန္ဒာက ပြောသည်။ 

တစ်ဖက်တွင် စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားခြင်းများ ရှိနေသည်။ စစ်ကောင်စီကလည်း စစ်တွေမြို့၏ ပင်လယ်ကမ်းနားတလျှောက်ကို ခြံစည်းရိုးကာရံပြီး လုံခြုံရေးများ တိုးချဲ့ချထားသည်။ 

ယင်းသို့အခြေအနေများကြောင့် မြို့တွင်းကျန်ရှိနေသည့် ဒေသခံများမှာ မြို့ပေါ် တိုက်ပွဲဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။ 

သို့သော် ငွေကြေး မရှိ၍ စစ်တွေမြို့ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေသည့် ဟိန္ဒူအမျိုးသမီး ဒေါ်အာဒူလာက မရေရာသည့် အနာဂတ်ထက် ယခု ပစ္စုပ္ပန်တွင် အသက်ရှင်သန်ရေးအတွက် ဝမ်းရေးတိုက်ပွဲဝင်နေရကြောင်း ဖွင့်ဟသည်။  

“ ဒီမှာ ဆက်နေရင်လည်း ဘာတွေဆက်ဖြစ် လာမယ်မှန်း မသိနိုင်ဘူး။ ကျမတို့အတွက်က အနာဂတ်ကို မတွေးနိုင်ဘဲ ဒီနေ့ စားဖို့အရေးကိုပဲ တွေးပူရတယ်”